Type

ဆောင်းပါး
========
ထက်ဝေအောင်(စစ်ကိုင်း)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင် ပထဝီအနေအထားများ ညီညွတ် ကောင်းမွန်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မြစ်ချောင်း အင်းအိုင်အသွယ်သွယ် တောင်စဉ်တောတန်း သဘာဝ သယံဇာတများလည်း ပေါကြွယ်ပေသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ဖြင့် အရောင်အသွေးစုံလင်စွာ စုဖွဲ့ ထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖြစ်ပါသည်။ မတူကွဲပြားသည့် ဓလေ့ထုံးစံ၊ ဘာသာစကား များကို ကျော်လွှားပေါင်းစည်းလျက် အတူတကွ သွေးသားရင်းချာပမာ ချစ်ခင်ရင်းနှီးစွာ နေထိုင်လာခဲ့ ကြသည်။ အေးအတူ ပူအမျှ ဘယ်သူခွဲခွဲ အမြဲစည်းလုံး မည် စိတ်ဓာတ်ဖြင့် နိုင်ငံ့အခက်အခဲမျိုးစုံကို အတူတကွ တွန်းလှန်ဖယ်ရှားခဲ့ကြသည်။
များစွာတည်မှီနေ
ပြည်ထောင်စုစိတ်ဓာတ်သည် ညီညွတ်ခြင်း၏ အင်အားကိုပြသပြီး ရင်းနှီးမှု၊ စိတ်ဓာတ်ခိုင်မာမှုကို ဖော်ဆောင်သည်။ တစ်သားတည်းရှိသောစိတ်၊ မိသားစုသဖွယ် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရေရှည် အကျိုးစီးပွားကို တည်ဆောက်ခြင်းဖြစ်သည်။ သမိုင်း ကြောင်းတစ်လျှောက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ဆုတ်ယုတ် မှုဖြစ်စဉ်များသည် သွေးချင်းများ၏ ညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ်အပေါ် များစွာတည်မှီနေသည်ကို တွေ့ရှိရပါသည်။
အတိတ်သမိုင်းကို ပြန်ပြောင်းကြည့်လျှင် သူ့ကျွန် ဘဝရောက်ခဲ့စဉ် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုကို ခံခဲ့ရ သည်။ နယ်ချဲ့ပရိယာယ် သွေးထိုးမှု အသွယ်သွယ်ကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမည့်အရေး များစွာ လည်း ကြုံခဲ့ရသည်။ မြေပြန့်တောင်ပေါ် ခွဲခြားဆက်ဆံ မှုများက စည်းလုံးညီညွတ်မှုကို ထိခိုက်စေပါသည်။ စိတ်တူကိုယ်တူ၊ ရည်ရွယ်ချက်တူ သူ့ကျွန်မခံ တွန်းလှန် လိုသည့် မျိုးချစ်စိတ်ဓာတ် ပေါက်ဖွားရှင်သန်ချိန်မှသာ အရာအားလုံး အောင်မြင်ခဲ့သည်ကို တွေ့ရပါသည်။ လွတ်လပ်ရေးသည် ပြည်ထောင်စု သွေးချင်းများ ရေးခြစ်ခြယ်မှုန်းထားသည့် ပန်းချီကား ဖြစ်ပါသည်။ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးသည် အချည်းအနှီးမဖြစ်ခဲ့ပေ။ ပြည်ထောင်စုဖွားတိုင်းရင်းသားတို့ ညီညွတ်မှုကို ပြသ နိုင်သည့် ပင်လုံစာချုပ်တွင် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ပေသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအခြေခံ နိုင်ငံလွတ်လပ်ရေးရရှိရန် ရည်မှန်းချက်များလည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည့်ဝခဲ့ရသည်။
မင်္ဂလာရှိသော နေ့ထူးနေ့မြတ်
ပြည်ထောင်စုနေ့သည် ပြည်ထောင်စုတိုင်းရင်းသား အားလုံး၏ စည်းလုံးညီညွတ်မှု အုတ်မြစ်ချသော နေ့တစ်နေ့ ဖြစ်ပါသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံးအတွက် မမေ့အပ်၊ မမေ့ထိုက်သော မင်္ဂလာရှိ သော နေ့ထူးနေ့မြတ်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် (၇၃)နှစ်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါ သည်။ ပင်လုံညီလာခံတွင် တိုင်းရင်းသားတို့၏ စည်းလုံး ခြင်းအင်အားဖြင့် သဘောတူလက်မှတ်ရေးထိုးမှု အထိမ်း အမှတ် ပေါ်ပေါက်ခဲ့ရသည့် သမိုင်းဝင်နေ့ရက်လည်း ဖြစ်ပါသည်။ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့ကဲ့သို့ နေ့ထူးနေ့မြတ်များသည် ပြည်ထောင်စုဖွား တိုင်းရင်း သားတို့၏ ညီညွတ်ချစ်ခင်ခဲ့မှုကို ပြသရာရောက်သည့် ရက်စွဲများဟုဆိုလျှင်လည်း မမှားနိုင်ပေ။
ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံ ညီညွတ်စွာနေထိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီး သွားဧည့်သည်များသည်ပင် အေးချမ်းသော၊ ရိုးသားသော၊ ချစ်ခင်ဖွယ်ကောင်းသော ပြည်ထောင်စုဖွား မိမိတို့၏ သွေးချင်းများ နေထိုင်ရာ အရပ်ဒေသများအထိ မြတ်မြတ် နိုးနိုး လေ့လာသွားရောက်ကြသည်။ ဒေသထွက်အစား အစာ၊ အဝတ်အစားများကို မြတ်နိုးစွာ ဝယ်ယူကြသည်။ ချိုချဉ်ငန်စပ် ရသကိုလည်း မက်မောစွာ မြည်းစမ်းစားသုံး ကြသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့၊ ဘာသာစကားများကို နှစ်သက်ကြသည်။
စည်းလုံးညီညွတ်မှု တည်ဆောက်ရပါမည်
ပြည်ထောင်စု အလှတရား မပျောက်ဆုံးရန် လိုပါ သည်။ ပြည်ထောင်စုဖွားတို့၏ ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်နေရန်လည်း လိုအပ်ပါသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းလျက် သိက္ခာရှိသော၊ နိုင်ငံတော် ၏ အကျိုးစီးပွားကို လိုလားသော ဖြူစင်စိတ်ရင်းဖြင့် အဖျက်ရန်စွယ်အသွယ်သွယ်ကို အသိအမြင် ကြွယ်ကြွယ် အင်တိုက်အားတိုက် ကာကွယ်စောင့်ရှာက်သွားရန်လည်း လိုအပ်ပါသည်။ ပြည်ထောင်စုမပြိုကွဲရေး ဦးတည်ချက် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အဓိက သော့ချက်ဖြစ်ပါသည်။ ပြည်ထောင်စုပြိုကွဲမည့်အရေး မှန်သမျှ အတူလက်တွဲ၍ တိုက်ထုတ်ရပေမည်။ အန္တရာယ် မကြုံခင် စည်းလုံးညီညွတ်မှု တည်ဆောက်ရပါမည်။ မညီမညွတ် တစ်စိတ်တစ်ဝမ်းတည်း မရှိပါက ပြည်ထောင်စု စိတ်ဓာတ်သာမက ငြိမ်းချမ်းရေးခရီးလမ်းပင် ပျောက်ဆုံး နိုင်သည်။
လူအမျိုးမျိုး၊ ဝါဒအမျိုးမျိုး ရှိသည့်တိုင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအကျိုးကို ရှေးရှုရပါမည်။ ပူးပေါင်း ဆောင်ရွက်၍ ဖြစ်ပေါ်လာသည့် အခက်အခဲပြဿနာများကို မှန်ကန်သောနည်းလမ်းများဖြင့် အဖြေရှာရပါမည်။ တစ်ဦး၏အခက်အခဲကို တစ်ဦးက ဖြေရှင်းပေးခြင်း၊ တစ်ဦး၏လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးခြင်း သွင်ပြင်လက္ခဏာသည် မှန်ကန်သော အလုပ်ဖြစ်ပါသည်။ စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်သော အလုပ်ဟူသမျှ အောင်မြင်ရမည်သာဖြစ်ပါသည်။ အမုန်းစကားများ၊ သွေးထိုး၊ ခြေထိုး အခြေအနေဆိုးများကို ရှောင်ရှားပြီး ပြည်ထောင်စုကြီး ထာဝရလှစေရမည်ဟူသော ရပ်တည် ချက် အတွေးအမြင်များဖြင့် အနာဂတ်ခရီး ရှေ့ဆက်ရပါ မည်။ ဒို့တာဝန်အရေးသုံးပါးဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တစ်ဦးချင်း၊ တစ်ယောက်ချင်းမှအစပြု၍ နိုင်ငံတစ်ဝန်းလုံး စနစ်တကျ စုဖွဲ့ကာကွယ်စောင့်ရှောက်ရန် လိုအပ်ပါသည်။
ငြိမ်းချမ်းရေးအနှစ်သာရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဘက် ပေါင်းစုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးစေမည့် အပေါင်းလက္ခဏာ ဆောင်သော အသွင်သဏ္ဌာန်မှာ ငြိမ်းချမ်းရေးသာ ဖြစ်ပါ သည်။ ငြိမ်းချမ်းရေးအနှစ်သာရ ပြည့်ဝစွာခံစားရရှိရေး တိုင်းရင်းသားအားလုံး၏ ရင်တွင်းနှလုံးသားတွင် ပြည်ထောင်စုစိတ်ဓာတ် သိုမှီးထားရှိရန် လိုအပ်ပါသည်။ နိုင်ငံနှင့် နိုင်ငံသားများအကျိုး နစ်နာဆုံးရှုံးမှုမရှိစေရန် အမျိုးသားအကျိုးစီးပွား အလေးထားပြီး အစိုးရနှင့်အတူ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ကြရပါမည်။
အတားအဆီးမရှိသော ချစ်ခင်ရင်းနှီးမှုဖြင့် ဒေသမခြား အပြန်အလှန် ကူးလူး သွားလာနိုင်ရေးအတွက် ငြိမ်းချမ်းရေးသည် လွန်စွာ အရေးပါလှပါသည်။ ခေတ်အဆက်ဆက် သွေးချွေးပေါင်း များစွာဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် အမိနိုင်ငံတော် ကြီး အဓွန့်ရှည်တည်တံ့ရေးမှာ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ သမိုင်းပေး တာဝန်တစ်ရပ် ဖြစ်ပါသည်။ ဘိုးဘွားတို့ သွေးချွေးပေးဆပ် တည်ဆောက်ခဲ့ရ သည့် ပြည်ထောင်စု၏အဆင်းမှာ ရွှေလိုဝင်းလျက် အဖိုးမဖြတ်နိုင်သော မျိုးချစ်စိတ်ကို အခြေခံထားရှိခဲ့သည်။ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲမည့် အရေး မည်သူမှလက်မခံခဲ့ သဖြင့် ယနေ့တိုင် ငြိမ်းချမ်းသော ပြည်ထောင်စုကြီးတစ်ခု အဖြစ် တည်တံ့ခိုင်မြဲနေခြင်းသာ ဖြစ်ပါသည်။
စည်းလုံးညီညာ ခိုင်မာကျစ်လျစ်ပါက အရာရာ တိုင်းတွင် အဆင်ပြေချောမွေ့ အောင်မြင်နိုင်ပေသည်။ စည်းလုံးညီညွတ်မှုပြိုကွဲလျှင် အရာအားလုံး ဆုံးရှုံးသွား နိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ်ခေါင်းဆောင် ကြီးများက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လွန်စွာအလေးထားခဲ့ကြသည်။ ရိုးသားသော ပြည်ထောင် စုဖွား တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ခင်မှုကို လိုလား သည်။ စိတ်ဝမ်းမကွဲ ပူးပေါင်းအဖြေရှာသည့်စနစ်ကို တောင့်တခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အခန်းကဏ္ဍ ပီပြင်စွာ ရုပ်လုံးပေါ်ရေး ပင်လုံကိုဗဟိုပြု၍ ကြိုးစားခဲ့သည်။ ညီအစ်ကိုသွေးသားချင်း အပြန်အလှန် လေးစားစိတ်ဖြင့် ယုံကြည်မှုတည်ဆောက်ခဲ့သည်။ တိုင်းရင်း သားအားလုံးပေါင်းစုထားသည့် ပြည်ထောင်စု အင်အား ကမ္ဘာကို သိရှိစေသည်။
စည်းလုံးညီညွတ်ခြင်းသည် မမျှော်မှန်းနိုင်သော အခက်အခဲ၊ အကျပ်အတည်းများကို အောင်မြင်အောင် စွမ်းဆောင်နိုင်သည့် နိမိတ်ပုံတစ်ခု ဖြစ်ပါသည်။ သွေးချင်း များ စိတ်ဆိုးပြေတန်ချိန် ဖြစ်ပါသည်။ ပြည်ထောင်စု၏ အသီးအပွင့်၊ အခက်အလက် တန်ဖိုးတက်အောင် စွမ်းဆောင်ရမည့် စနစ်ကောင်းသည့်အချိန်အခါ ဖြစ်ပါ သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်တိုင်းတွင် တစ်ယောက်တစ်ဖက်ဝိုင်းကူလျက် သယ်ပိုးထမ်းရွက်ရပါ မည်။ ဖြစ်ပေါ်နေသော အခက်အခဲ၊ အတားအဆီးများကို လျှော့ချဖြေရှင်းပြီး ငြိမ်းချမ်းရေးအဝန်းအဝိုင်းကို ပိုမိုအားကောင်းလာစေရန် အများပေါင်းစုအားဖြင့် ဆောင်ရွက်ပေးရပါမည်။ တန်းတူညီမျှ အခွင့်အရေးရရှိ ရေးအတွက် တန်းတူညီမျှ တာဝန်ယူလိုမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်ဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့စေရပါမည်။ တစ်ဦးတစ်ယောက်ချင်းစီ အင်အား အသီးသီးရှိကြပါသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
တက်ညီလက်ညီဆောင်ရွက်မည်ဆိုပါက
မိမိဒေသ၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး တိုင်းရင်း သားအားလုံးတွင် တာဝန်ကိုယ်စီရှိပေသည်။ တိုင်းရင်း သားအားလုံးသည် နိုင်ငံ့ရင်သွေး အရေးပါသောအင်အား များသာ ဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓာတ် ရင်မှာ အပ်လျက် အမိနိုင်ငံတော် ရေရှည်တည်တံ့မည့် အတွေးအခေါ်၊ ယုံကြည်မှု၊ ကြိုးပမ်းအားထုတ်မှုများဖြင့် တက်ညီလက်ညီဆောင်ရွက်မည်ဆိုပါက မိမိတို့ လိုလား တောင့်တအပ်သည့် အရာခပ်သိမ်း၊ ဆန္ဒခပ်သိမ်း ပြည့်ဝစေနိုင်မည်ဖြစ်ပါကြောင်း ယုံကြည်လျက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရ ပါသည်။ ။
- Log in to post comments