လူငယ်နှင့် စာအုပ်စာပေ

 

လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ ၎င်းတို့၏ အနာဂတ်ဘဝတစ်လျှောက်တွင် လူတစ်လုံး သူတစ်လုံး ရပ်တည် ရှင်သန်နိုင်‌စေရန်နှင့် နိုင်ငံအတွက်လည်း သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာစေရန် လိုအပ်သော အရည် အသွေး၊ အရည်အချင်းများ ဖြည့်ဆည်းပေးနိုင်ရေးပင်ဖြစ်သည်။ ဗလငါးတန်ဟုဆိုရာတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူ၍ အစဉ်အလာသိမှတ်ခဲ့ကြသည့် ဗလငါးတန်သာမက မျက်မှောက်ခေတ် ၂၁ ရာစု ဗလငါးတန် ဟုဆိုရမည့်    IQ :  Intelligence  Quotient  ခေါ်  ဉာဏ်ရည် ဉာဏ်သွေး၊ EQ : Emotional Quotient ခေါ် စိတ်နှလုံးခံစားမှု အရည်အသွေး၊ CQ : Culture Quotient ခေါ် မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများကို နားလည်လက်ခံနိုင်သည့် အရည်အသွေး၊ SQ : Spiritual Quotient ခေါ်  ဘဝရှင်သန် နေထိုင်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာနိုင်သည့် အရည် အသွေး၊ PQ : Physical Quotient ခေါ် ကိုယ်ခန္ဓာကြံ့ခိုင် ကျန်းမာ မှုကို   ထိန်းသိမ်းစောင့်ရှောက်နိုင်သည့်   အရည်အသွေးတို့ကို ဖြည့်ဆည်းနိုင်ရန် အကောင်းဆုံး နည်းလမ်းတစ်ခုမှာ စာဖတ် ခြင်းပင်ဖြစ်သည်။


ကျောင်းသူ ကျောင်းသား လူငယ်များ စာကောင်းပေမွန် များကို ပိုမိုဖတ်ရှုလာကြစေရန်အတွက် နိုင်ငံတော်က လူငယ်နှင့် စာပေအနုပညာပွဲတော်များကို ကျင်းပပေးလျက်ရှိရာ (၇၆) နှစ် မြောက်    လွတ်လပ်ရေးနေ့ကို    ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်  စာပေအနုပညာပွဲတော်ကို နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) တွင် လာမည့် ဒီဇင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် ကြိုတင်ပြင်ဆင်လျက် ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲသည် လူငယ်ကဏ္ဍကို အလေးထားပြီး ယခုနှစ်စာပေအနုပညာပွဲတော် ကျင်းပရာ၌    ၎င်း၏လမ်းညွှန်ချက်အရ    တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများ လေ့လာနိုင်သည့် ပြခန်း၊ ပြကွက် များ  ပါဝင်အောင်  ဆောင်ရွက်သွားရန်နှင့်  ဖျော်ဖြေမှုနှင့်အတူ စိတ်ဝင်စားဖွယ် အစီအစဉ်များ ဖန်တီးဖော်ဆောင်သွားရန်လည်း ဆောင်ရွက်လျက်ရှိသည်။ ပွဲ‌တော်သုံးရက် ကျင်းပရာတွင် ဝန်ကြီး ဌာန ၁၃ ခု၏ ပြခန်း ပြကွက်များ၊ တိုင်းရင်းသားရိုးရာ အစားအစာ ခင်းကျင်းရောင်းချသည့် အစီအစဉ်များလည်း ထည့်သွင်းမည်ဟု သိရသည်။


လူငယ်နှင့်စာပေအနုပညာပွဲတော် ကျင်းပခြင်း၏ ရည်ရွယ် ချက်များတွင် လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရေးအတွက် စာအုပ်စာစောင်များကို တန်ဖိုး ထား ဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် လူငယ်များ စာပေနှင့် ရင်းနှီးပြီး စာပေ၏ အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ စာပေနှင့် အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေပြီး    လွတ်လပ်ရေးကြိုးပမ်းမှု   သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင် စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ် စေရန်ဟူသော အချက်များပါရှိရာ အဆိုပါရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်စေရန်၊ စာပေနှင့်အနုပညာပွဲ‌တော်၏ အသွင်သဏ္ဌာန်နှင့်   အနှစ်သာရများ   ပေါ်လွင်ထင်ရှားစေရန် ကြိုးပမ်းအကောင်အထည်‌ဖော်ကြရမည်ဖြစ်သည်။


စာဖတ်ခြင်းသည် စာဖတ်သူအတွက် အသိပညာကျယ်ပြန့် စေရုံသာမက စိတ်နှလုံးကိုလည်း သိမ်‌မွေ့စေသည်။ တွေးတော ဆင်ခြင်နိုင်သည့်    စွမ်းရည်ကို      မြင့်မားစေနိုင်သည်နှင့်အမျှ ကောင်းမှုနှင့် မကောင်းမှု၊ အမှန်နှင့် အမှားတို့ကို ခွဲခြားသိမြင် နိုင်စေသည်။    စာဖတ်ခြင်းက    ဗဟုသုတကြွယ်ဝစေရုံသာမက စကားလုံးဝေါဟာရများကိုလည်း    တိုးပွား‌‌စေရာ    စာများများ ဖတ်သူသည် စကားပြောရာတွင်လည်း လိမ္မာပြေပြစ်စွာ၊ ပညာ သားပါပါ၊ ချိုချိုသာသာ ပြောနိုင်စွမ်းရှိကြသည်။ လူငယ်ဘဝတွင် စာဖတ်ခြင်း    အလေ့အကျင့်ကောင်းကို   စွဲမြဲစွာ    ရရှိသွားပါက ကျန်သည့်အရွယ်သုံးပါး   ဘဝတစ်လျှောက်လုံးတွင်   တစိုက် မတ်မတ် စာဖတ်သွားကြမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ စာပေကို တန်ဖိုးထားဖတ်ရှုလာကြစေရေး၊ စာပေဖတ်ရှုခြင်းမှတစ်ဆင့် တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ဓာတ် များ ရှင်သန်ရေး၊ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ် ကြစေရေးအတွက်  လူငယ်ကျောင်းသား  ကျောင်းသူများအား စာအုပ်စာပေများနှင့် ရင်းရင်းနှီးနှီး ထိတွေ့စေရေး၊ စာအုပ်စာပေ များကို စိတ်ပါဝင်စားဖတ်ရှုကြစေရေး ကြိုးပမ်းဆောင်ရွက်ကြ ရပါမည့်အကြောင်း။        ။