တီမောသမ္မတ၏ပြောပုံဆိုပေါက်နှင့်လုပ်ရပ်များက ကမ္ဘာ့နိုင်ငံ အသီးသီးမှ သမ္မတများအကြားတွင် မတွေ့စဖူး ရှားရှားပါးပါးပင် ဖြစ်သည်။ မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထား သော NUG ၏ လေသံအတိုင်း ပါးစပ်အငှားလိုက် ပြောကြားခဲ့ ခြင်းက ကိုယ့်ထမင်းထုပ်နှင့်ကိုယ် ကြီးတော်နွားအငှားလိုက် ကျောင်းသည်ဆိုသော မြန်မာ့ရိုးရာဟာသစကားပုံကို ပြန်လည် အမှတ်ရစဖွယ်လည်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏သမ္မတတာဝန် ကို ယူထားသူတစ်ဦးက အခြားနိုင်ငံမှ အကြမ်းဖက်အဖွဲ့၏ အဖွဲ့ ဝင်တစ်ဦးကဲ့သို့ မဆီမဆိုင်ဝင်ရောက်ပြောကြားနေခြင်းသည် သူတစ်ပါး၏ပြည်တွင်းရေးတွင် ဗြောင်ကျကျ ပါဝင်စွက်ဖက်ခြင်း ဖြစ်သည့်အပြင် အကြမ်းဖက်အားပေးခြင်းလည်း ဖြစ်သည်။
၂၁ ရာစုရောက်မှ အရှေ့တောင်အာရှတွင် နောက်ဆုံးပေါ်လာ သည့် တီမောလက်စ်တေနိုင်ငံငယ်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေး၊ နိုင်ငံသူနိုင်ငံသားများ ဝမ်းဝ၍ ခါးလှစေရေး၊ ကလေးများ ပညာသင်ကြားရေးနှင့် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေး၊ နိုင်ငံ၏အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးနှင့် ပြည်တွင်းစည်းလုံးညီညွတ်ရေး စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ကာ လုပ်စရာကိုင်စရာ အမြောက် အမြားရှိနေသည်။ သို့ရာတွင် သမ္မတတစ်ဦးဖြစ်ပါလျက် ကိုယ့် ပြည်တွင်းရေးထက် သူတစ်ပါးပြည်တွင်းရေးတွင် မိတ်ပျက် ဆွေပျက် ဝင်ရောက်စွက်ဖက်နေခြင်းသည်လည်းကောင်း၊ အကြမ်း ဖက်လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် ကိုယ်ကိုယ်တိုင် မသေရုံ တမယ် ခံစားခဲ့ရပါလျက် အမှတ်သည်းခြေကင်းမဲ့စွာ အကြမ်းဖက် အားပေးနေခြင်းသည်လည်းကောင်း ဟိုဆေးရာမို့စ်ဟော်တာ၏ အရည်အချင်း ချို့ယွင်းမှုပြယုဂ်အချို့ ဖြစ်ဖွယ်ရှိသည်။
NUG ဇာတ်ညွှန်းရေးသည့်အတိုင်း တီမောသမ္မတက သရုပ် ဆောင်ကာ အွန်လိုင်းမှတစ်ဆင့် ဟန်တစ်လုံး၊ ပန်တစ်လုံး ထုတ်လွှင့်လိုက်သော ဗီဒီယိုတစ်ပုဒ်ကြောင့် မြန်မာ့တပ်မတော် ကြီး ပြိုကွဲသွားမည်ဟု ယုံကြည်လျှင် ထိုယုံကြည်ချက်သည် လူမှု ကွန်ရက်မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသူများ ကဲ့သို့ပင် ရယ်စရာအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ ခြံစည်းရိုးဖြဲကာ ခိုးဝင်ခဲ့ဖူးရုံမျှနှင့် မြန်မာနိုင်ငံအကြောင်းကို အာရှတွင် မိမိအသိဆုံးဟု တီမောသမ္မတက ကြွားဝါလိုက်ပုံမှာ လည်း မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် အခြားမိတ်ဆွေနိုင်ငံများမှ ခေါင်းဆောင်များ၊ အကြီးအကဲများကို အားနာစရာပင်ဖြစ်သည်။ မြန်မာနိုင်ငံအကြောင်းကို အမှန်တကယ်သိမှသာလျှင် မြန်မာ နိုင်ငံ၏ အတိတ်သမိုင်း၊ မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေး နှင့် မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍတို့ကို မှန်မှန်ကန်ကန် နားလည်နိုင်မည်ဖြစ်သည်။
သမိုင်းကြောင်းအရဆိုလျှင် မြန်မာနိုင်ငံသည်လည်းကောင်း၊ တီမောလက်စ်တေသည်လည်းကောင်း အင်အားကြီးအနောက် နိုင်ငံတို့၏ ကျူးကျော်နယ်ချဲ့အုပ်စိုးမှုတို့ကို ခံစားခဲ့ကြရသည်။ တီမောလက်စ်တေဆိုလျှင် နှစ်ပေါင်းလေးရာခန့် သူတစ်ပါး လက်အောက်တွင် နေထိုင်ခဲ့ရခြင်းဖြစ်သည့်အတွက် လက်အောက်ခံ ကိုလိုနီဘဝခါးသီးမှုကို ပို၍ပင် နားလည်နိုင်မည်ဖြစ်သည်။ လွတ်လပ်ရေးရသည့်အခါ နယ်ချဲ့လက်အောက်ကျရောက်ခဲ့ရ သည့်အကျိုးဆက်များက ယခုတိုင် မပြီးဆုံးနိုင်သေး။ နယ်ချဲ့ဝါဒ ၏ပုံစံသစ်အရ မျက်မှောက်ကမ္ဘာတွင် နိုင်ငံငယ်များမှာ အင်အား ကြီးနိုင်ငံတို့၏ နည်းအမျိုးမျိုးဖြင့် ဩဇာခံအဖြစ် လွှမ်းမိုးသိမ်းသွင်း မှုများကို ခုခံတွန်းလှန်နေကြရသည်။ နိုင်ငံမပြိုကွဲအောင်၊ မပျက် စီးအောင် ပြည်တွင်းစည်းလုံးညီညွတ်မှုကို အနှောင့်အယှက်များ ကြားမှ တည်ဆောက်ကြရသည်။
မြန်မာနိုင်ငံအတွက် မြန်မာ့တပ်မတော်သည် ပြိုကွဲသွား၍ မရ။ လက်ရှိမြန်မာနိုင်ငံ၏အခြေအနေတွင် ပြည်တွင်းစည်းလုံး ညီညွတ်မှုနှင့် တပ်မတော်အင်အား ခိုင်မာတောင့်တင်းမှုတို့ ပို၍ ပင် လိုအပ်သည်ကို မြန်မာပြည်သူအားလုံးက သိရှိနားလည်ထား ကြသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ဖြင့် အစိုးရ အဆက်ဆက် မိတ်ဝတ်မပျက် ဆက်ဆံနေသောနိုင်ငံဖြစ်သည်။ တီမောလက်စ်တေအစိုးရ၏ ဆင်ခြင်တုံတရားမဲ့သည့်လုပ်ရပ် များ အကြိမ်ကြိမ်ပြုလုပ်မှုကြောင့် မလွှဲသာမရှောင်သာ သံတမန် ဆက်ဆံမှုဖြတ်တောက်ခဲ့ရသည်။ ယခုလည်း တီမောသမ္မတ၏ ပါးစပ်အငှားလိုက်ပြောကြားမှုများက အကြမ်းဖက်သမားလေသံ ပေါက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်အကြမ်း ဖက်လုပ်ရပ်များအပေါ် အမေရိကန်အစိုးရကျောထောက်နောက်ခံ ပြုအဖွဲ့အစည်းကလည်း ကိန်းဂဏန်းအထောက်အထားဖြင့် ထုတ်ပြန်လိုက်ပြီဖြစ်ရာ တီမောသမ္မတ၏အပြောအဆို အပြုအမူ တို့က အကြမ်းဖက်မှတ်တမ်းဝင်ဖွယ်ရာဖြစ်သည်ဟု ယူဆမိ ပါကြောင်း။ ။