ဥပဒ်ရန်ဘေးကင်းစင်ဝေး၍ ငြိမ်းအေးနိုင်ကြပါစေကြောင်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံခဲ့သည့် သတင်းကို နိုင်ငံပိုင်မီဒီယာများတွင် မိမိတို့တွေ့မြင်ဖတ်ရှုသိရှိ ခဲ့ကြရပြီးဖြစ်သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အောက်တို ဘာလ ၂၇ ရက်မှစ၍ MNDAA ၊ TNLA ၊ AA အဖွဲ့တို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ ၎င်းတို့နေထိုင်ရာ မြို့ရွာ များကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည်။


အိုးပစ်၊ အိမ်ပစ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုပါ ပစ်၍ လားရှိုးမြို့ပေါ် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးကျောင်း၊ ရုံး၊ အဆောက်အအုံများတွင် ယာယီခိုလှုံ နေထိုင်ကြရသည်။ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု ၁၄၀၀ ကျော် လူဦးရေ ၅၀၀၀ ခန့်ကို စားဝတ်နေရေးနှင့်   အုပ်ချုပ်မှု ဆိုင်ရာများ အဆင်ပြေစေရန် အစိုးရ၊ တပ်မတော်တို့က ဦးဆောင် ၍ ဖြည့်ဆည်းပေးနေရသည်။   နေရပ်ကို   စွန့်ခွာခဲ့ကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူတို့မှာ မိမိတို့ ရပ်ရွာဒေသများတွင် အေးအေးချမ်းချမ်း   စီးပွားရှာနေလိုသူများဖြစ်ကြပြီး  ပစ်ခတ် တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများဖြစ်ပေါ်လာသည်ကို လက်မခံ ရှုတ်ချကြသူများဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးမှု အပေါ် ဝမ်းမြောက်ရွှင်လန်းစွာဖြင့် အားကိုးအားထားပြုကြသည် ကိုလည်း တွေ့ရသည်။


ယာယီနေရပ်စွန့်ခွာသူပြည်သူများမှာ ၎င်းတို့ရောက်ရှိခိုလှုံ နေရာမြို့ပေါ်တွင်  အခက်အခဲအကျပ်အတည်းအချို့   ရှိသော် လည်း မြို့ခံလူမှုအဖွဲ့အစည်းများက ကူညီဖြေရှင်းပေးနေမှုကြောင့် ပူပန်ရမှုမရှိကြောင်း၊ ၎င်းတို့၏ အဓိကစိုးရိမ်ပူပန်မှုမှာ ရင်သွေး သားသမီးများ၏ ပညာရေးထိခိုက်နစ်နာမှု   ဖြစ်ပေါ်လာမည်ကို သာ ဖြစ်ကြောင်း သိရသည်။ ဒေသတည်ငြိမ်အေးချမ်းမှုပျက်ယွင်း သွားခြင်းက ဒေသတွင်းရှိ  ပြည်သူလူထုတစ်ရပ်လုံး၏ အသက် အိုးအိမ်စည်းစိမ်ဥစ္စာများနှင့်တကွ ဒေသ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် အဘက်ဘက်မှ ထိခိုက်ပျက်စီး မှုများ ဖြစ်ပေါ်ရာတွင် ကလေးငယ်များ၏ အနာဂတ်ဘဝကိုပါ နစ်နာဆုံးရှုံးမှုဖြစ်စေသည်ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖြစ်စဉ် တွင် တွေ့မြင်နိုင်သလို ဒေသခံတိုင်းရင်းသားပြည်သူလူထု၏ ဆန္ဒနှင့်ခံစားချက် အစစ်အမှန်ကိုပါ တွေ့မြင်နိုင်သည်။


သို့ရာတွင် တိုင်းရင်းသားပြည်သူလူထု၏ တည်ငြိမ်အေးချမ်း စွာနေလိုမှု၊  သားသမီးများ၏အနာဂတ်အတွက်    အနှောင့် အယှက်ကင်းစွာ ပညာသင်ကြားစေလိုမှုတို့နှင့် ဆန့်ကျင်စွာပင် တိုက်ပွဲများရပ်တန့်သွားမည်ကို စိုးရိမ်သူ၊ ငြိမ်းချမ်းသွားမည်ကို မလိုလားသူများ ရှိနေကြသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ အတွင်း ဆူပူသောင်းကျန်းနေမှ၊ အကြမ်းဖက်တိုက်ခိုက်နေမှ ဝင်ငွေရမည့်အနောက်နိုင်ငံအားပေး မီဒီယာများ၊ အကြမ်းဖက် အဖွဲ့ဒေါက်တိုင်မီဒီယာများပင်ဖြစ်ပြီး ၎င်းတို့၏လိုလားချက်မှာ မြန်မာနိုင်ငံ၏မည်သည့်ဒေသတွင်မဆို ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပေါ်နေစေရေးနှင့် ဒေသခံပြည်သူများနေရပ် စွန့်ခွာထွက်ပြေး အတိဒုက္ခရောက်နေရေးပင်ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်နေစေရန်အတွက် သတင်းလိမ်သတင်းမှားများနှင့်အတူ သွေးထိုးလှုံ့ဆော် ရန်တိုက်မှုများကိုပါ  ကျင့်ဝတ်သိက္ခာကင်းမဲ့ စွာ ပြုလုပ်နေခြင်းဖြစ်သည်။


နိုင်ငံတော်အကြီးအကဲသည် ယာယီနေရပ်စွန့်ခွာ ဒေသခံ ပြည်သူများနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်၌ တွေ့ဆုံရာ တွင် ၎င်းတို့၏နေရပ်များတွင် အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ ဒေသများ သို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း၊ အစိုးရနှင့်တပ်မတော်မှ လိုအပ်သည်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားချက်များသည် ဒေသခံတိုင်းရင်းသားပြည်သူ များ၏ လိုအင်ဆန္ဒနှင့် တစ်ထပ်တည်းတူညီသည့်အပြင် ကလေး ငယ်များ ပညာသင်ကြားမှုမပျက်စေရေးအတွက် မျှော်လင့်ချက် လည်းဖြစ်သည့်အားလျော်စွာ     အမြန်ဆုံးပြည့်ဝနိုင်ကြပါစေ ကြောင်း။      ။