တစ်မျိုးသားလုံးပါဝင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဝန်ထမ်းများ အရည် အသွေးမြင့်မားပြီး တာဝန်ကျေပွန်မှု၊ ကျင့်ဝတ်စောင့်ထိန်းမှုနှင့် စည်းကမ်းလိုက်နာမှုတို့က လွန်စွာအရေးကြီးသည်။ နိုင်ငံ့ဝန်ထမ်း တစ်ဦးဖြစ်လာသည်နှင့် လောဘစိတ်၊ ဒေါသစိတ်၊ အတ္တလွန်ကဲ သည့်စိတ်များ မိမိတို့၏  စိတ်သန္တာန်တွင်  လွှမ်းမိုးမလာစေရန် ချိုးနှိမ်ထိန်းချုပ်၍   မိမိ၏အလုပ်တာဝန်နှင့်   ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်ဖို့လိုသည်။ ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေ များ အားနည်းချက်ဖြစ်ပေါ်ပြီး တာဝန်၊ စည်းကမ်းနှင့် ကျင့်ဝတ် ဆိုင်ရာ လျော့နည်းဖောက်ဖျက်မှုတို့ဖြစ်ပေါ်လာပါက အုပ်ချုပ်မှု စနစ်ကို ထိခိုက်စေပြီး နိုင်ငံကို တာဝန်ယူထားသည့် အစိုးရတစ်ရပ် ၏ပုံရိပ်ကိုပါ ပျက်စီးစေသည်ကို သတိပြုကြရမည်ဖြစ်သည်။


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၃) တွင် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌက  အမှာစကားပြောကြားရာ၌   တရားမဝင်ကုန်သွယ်မှု များတွင် ဝန်ထမ်းများ  ပါဝင်ပတ်သက်မှုမရှိစေရေး၊   ငွေကြေး တောင်းခံမှုများ မရှိစေရေး၊ လာဘ်ပေးလာဘ်ယူမှုများ မရှိစေရေး တို့အတွက်  အထူးမှာကြားမှုပြုခဲ့သည်ကို  တွေ့ရသည်။  စင်စစ် အားဖြင့် အဂတိလိုက်စားမှုနှင့် တရားမဝင်ကုန်သွယ်မှုတို့သည် ဒင်္ဂါးတစ်ပြား၏  ခေါင်းနှင့်ပန်းသဖွယ်ပင်ဖြစ်ပြီး  နှစ်ခုစလုံးမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်မလာအောင် ဟန့်တားနှောင့်ယှက် ပိတ်ဆို့တားဆီးနေကြသည့်အရာများဖြစ်သကဲ့သို့ နိုင်ငံနှင့် လူမျိုး ကို ဆင်းရဲတွင်းသို့ နစ်သည်ထက်နစ်အောင် ဆွဲနှစ်နေကြသည့် အရာများလည်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာတွင်   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် အဓိကအရေးပါသည့်အလျောက် “အမျိုးသားရေးတာဝန်” တစ်ရပ်အဖြစ် သတ်မှတ်၍ သက်ဆိုင်ရာတာဝန်ရှိဝန်ထမ်းများ သာမက  နိုင်ငံသားအားလုံး   ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုသည်။


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး     အောင်မြင်အောင် ဆောင်ရွက်ရာတွင်  ဝန်ထမ်းများ၏အခန်းကဏ္ဍမှာ  အခရာပင် ဖြစ်ရာ   အဆင့်ဆင့်သော  ဝန်ထမ်းများ  ပါဝင်ပတ်သက်မှုမရှိစေ ရေး၊ ငွေရေးကြေးရေးနှင့် လာဘ်ပေးလာဘ်ယူမှုတို့ ကင်းရှင်းရေး အတွက် နိုင်ငံတော်အကြီးအကဲပိုင်းက အလေးအနက်ထားကာ အကြိမ်ကြိမ်မှာကြားလျက်ရှိသည်။ သို့ရာတွင် တာဝန်ကျဝန်ထမ်း များက တရားမဝင်ကုန်သွယ်မှုများတွင် ငွေကြေးရယူပြီး ဖြတ်သန်း ခွင့်ပြုခြင်း၊ တရားမဝင်ကုန်စည်များ ပါ၊ မပါကို မျက်ကွယ်ပြုပြီး လာဘ်ငွေရယူ    စေလွှတ်ခွင့်ပြုခြင်း၊    တရားမဝင်ကုန်စည်များ  တင်ဆောင်လာသည်ကို သိရှိလျက်နှင့် ဖမ်းဆီးအရေးယူခြင်းမပြု ဘဲ ငွေကြေးရယူပြီး  လွှတ်ပေးခြင်း၊   တားဆီးစစ်ဆေးရာတွင်  တရားမဝင်ကုန်စည်များ တွေ့ရှိသော်လည်း တန်ဖိုးနည်းကုန်စည် အချို့ကိုသာ ဟန်ပြဖမ်းဆီးအရေးယူခြင်း စသည့်နည်းမျိုးစုံနှင့် ပတ်သက်နေသည်ဟု    သတင်းများကြားသိနေရကြောင်းနှင့်  တာဝန်ရှိသူအဆင့်ဆင့်က ကြပ်ကြပ်မတ်မတ်စစ်ဆေးပြီး ထိထိ ရောက်ရောက်အရေးယူကြရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌက အထူးမှာကြားခဲ့သည်ကိုလည်း အလေးအနက်ခံယူကာ လောဘ၏  သွေးဆောင်ရာနောက်သို့ ဆက်လက်မလိုက်ပါကြရန် တိုက်တွန်းလိုသည်။


အဂတိလိုက်စားမှုများတွင် လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးစား ပြုမှု၊ မလျော်ဩဇာအာဏာသုံးစွဲမှု၊ လုပ်ငန်းတာဝန်ကို အလွဲသုံးစား ပြုမှု၊ တရားမဝင်နည်းလမ်းဖြင့် ကြွယ်ဝချမ်းသာလာမှု၊ ငွေကြေးခဝါချ မှု၊ အဆိုပါပြစ်မှုများနှင့် ဆက်နွှယ်သည့် ဖုံးကွယ်မှုနှင့် တရား စီရင်ခြင်းကို  နှောင့်ယှက်ဟန့်တားမှုတို့ ပါရှိသည်ဟု  အဓိပ္ပာယ် ဖွင့်ဆိုထားသည်။  အဂတိလိုက်စားမှုများ  ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါက အစိုးရအဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးယန္တရား တို့အပေါ်တွင်လည်းကောင်း၊  လူမှုစနစ်နှင့်  လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်သိက္ခာတန်ဖိုးထားမှုတို့အပေါ်တွင်လည်းကောင်း ပြည်သူ လူထုက   ယုံကြည်မှုကင်းမဲ့လာစေတတ်သည်။    တရားမဝင် ကုန်သွယ်မှုနှင့်အတူ    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုပါ တစ်မျိုးသားလုံးပါဝင်ဆောင်ရွက်ကြရမည့်    “အမျိုးသားရေး တာဝန်” အဖြစ်  သတ်မှတ်၍ အောင်မြင်မှုရသည်အထိ ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။           ။