
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ( ၇၆၀ /၂၀၂၃ )
၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်
( ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် )
ပြည်ထဲရေးဝန်ကြီးဌာနသည် လောင်းကစားဥပဒေပုဒ်မ ၂၇၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အောက်ပါလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤလုပ်ထုံးလုပ်နည်းများကို လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဟု ခေါ်တွင်စေရမည်။
၂။ ဤလုပ်ထုံးလုပ်နည်းများတွင်ပါရှိသော စကားရပ်များသည် လောင်းကစားဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ဥပဒေ ဆိုသည်မှာ လောင်းကစားဥပဒေကို ဆိုသည်။
(ခ) ဝရမ်း ဆိုသည်မှာ လောင်းကစားအိမ် သို့မဟုတ် ကာစီနို (Casino) သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးရန် ဥပဒေနှင့်အညီ ထုတ်ပေးသည့် ဝရမ်းကိုဆိုသည်။
(ဂ) အစီရင်ခံစာ ဆိုသည်မှာ လောင်းကစားဖမ်းဆီးခြင်းနှင့် စပ်လျဉ်း၍ ဤလုပ်ထုံးလုပ်နည်းများအရ သတ်မှတ် ထားသည့် အစီရင်ခံစာပုံစံကို ဆိုသည်။
(ဃ) မြို့နယ်ရဲတပ်ဖွဲ့မှူးအား တိုက်ရိုက်ကြီးကြပ်ကွပ်ကဲသော ရဲအရာရှိ ဆိုသည်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးအား တိုက်ရိုက် ကြီးကြပ်ကွပ်ကဲသည့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယ တိုင်းဒေသကြီး သို့မဟုတ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ နေပြည် တော်ရဲတပ်ဖွဲ့မှူး သို့မဟုတ် ဒုတိယနေပြည်တော် ရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဌာနကြီးမှူး (မှုခင်းနှင့် ဥပဒေရေးရာ ဌာနကြီး)၊ ဒုတိယရဲချုပ်နှင့် ရဲချုပ်ကို ဆိုသည်။ ယင်းစကားရပ်များတွင် အဆိုပါ ရာထူးတာဝန်များကို ထမ်းဆောင်နေသည့် မည်သည့် ရဲအရာရှိမဆို ပါဝင်သည်။
(င) ပုံစံ ဆိုသည်မှာ ဤလုပ်ထုံးလုပ်နည်းများတွင် သတ်မှတ် ထားသည့် ပုံစံကို ဆိုသည်။
အခန်း(၂)
အများပြည်သူနှင့်ဆိုင်သောနေရာတွင် လောင်းကစားခြင်းကို
ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်နည်းလမ်းများ
၃။ အများပြည်သူနှင့်ဆိုင်သောနေရာတွင် လောင်းကစားခြင်းနှင့် လောင်းကစားခြင်း၌ ပါဝင်သူများကို မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးဦးသည် ဝရမ်းမပါဘဲ ဖမ်းဆီး နိုင်သည်။
၄။ အပိုဒ် ၃ အရ ဖမ်းဆီးရာတွင် ဖမ်းဆီးသူသည်-
(က) ကိုယ်တိုင်ဖမ်းဆီးနိုင်သည်။
(ခ) လိုအပ်သော အကူအညီများရယူပြီး သင့်လျော်သော နည်းလမ်းဖြင့် ဖမ်းဆီးနိုင်သည်။
(ဂ) ဖမ်းဆီးရာတွင် လိုအပ်သောအင်အားကို အသုံးပြု နိုင်သည်။
၅။ (က) အပိုဒ် ၄ အရ ဖမ်းဆီးသူသည်-
(၁) ဖမ်းဆီးရမိသူများ၏ အမည်စာရင်းကို ရယူပြီး သက်သေနှစ်ဦးရှေ့တွင် ရှာဖွေ၍ တွေ့ရှိသည့် သက်သေခံပစ္စည်းများကို ရှာဖွေပုံစံ (ပုံစံ-ခ) ဖြင့် သိမ်းဆည်းပြီး ဖမ်းဆီးရမိသူများကို ဥပဒေအရ အမှုဖွင့်အရေးယူရန် သက်သေခံပစ္စည်းများ၊ တိုင်စာနှင့်အတူ သက်ဆိုင်ရာရဲစခန်းသို့ ချက်ချင်း အပ်နှံရမည်။ သို့ရာတွင် သယ်ယူရန်ခက်ခဲသော သက်သေခံပစ္စည်းများကို ပိုင်ရှင်အား ယာယီ ပြန်လည်အပ်နှံခြင်း ကတိခံဝန်ချုပ် (ပုံစံ-ဃ) ဖြင့် ပေးအပ်ထားနိုင်သည်။
(၂) မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ပါက ခရိုင်အုပ်ချုပ် ရေးမှူးထံသို့လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်ပါက မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ စခန်းမှူး ဖြစ်ပါက မြို့နယ်ရဲတပ်ဖွဲ့မှူး ထံသို့လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်ပါက ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့ လည်းကောင်း၊ ကျန်ဖမ်းဆီးခွင့်ရှိသူများဖြစ်ပါက မိမိအား ကြီးကြပ်ကွပ်ကဲအုပ်ချုပ်သည့် အထက် အရာရှိထံသို့လည်းကောင်း ပထမသတင်းပေး တိုင်ချက်ရေးဖွင့်ပြီး ၂၄ နာရီအတွင်း အစီရင်ခံ တင်ပြရမည်။
(ခ) အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ် (၁) အရ အပ်နှံခြင်းကို လက်ခံ ရရှိသည့် ရဲစခန်းသည် ပထမသတင်းပေးတိုင်ချက် ရေးဖွင့်၍ ဆက်လက်ဆောင်ရွက်ရမည်။
အခန်း (၃)
လောင်းကစားအိမ်သို့ ကိုယ်တိုင်ဝင်ရောက်ရှာဖွေ
ဖမ်းဆီးရာတွင် ဆောင်ရွက်ရန် နည်းလမ်းများ
၆။ လောင်းကစားအိမ်သို့ ကိုယ်တိုင်ဝင်ရောက် ရှာဖွေဖမ်းဆီးခွင့် ရှိသော မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူး သို့မဟုတ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာနယ်မြေအတွင်း လောင်းကစားအိမ်တွင် လောင်းကစား နေကြောင်း ကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ အခြားသူတစ်ဦးဦးက သတင်း ပေးခြင်းကြောင့် သိရှိလျှင်ဖြစ်စေ လောင်းကစားသတင်းပေး မှတ်တမ်း (ပုံစံ-င) တွင် အောက်ပါအချက်များကို ဖော်ပြ၍ ရေးမှတ် ထားရမည်-
(က) လောင်းကစားအိမ် တည်ရာ နေရပ်လိပ်စာ၊
(ခ) လောင်းကစားအိမ်ရှင် (နေထိုင်သူ) အမည်၊
(ဂ) ရေးမှတ်သည့် နေ့ရက်နှင့် အချိန်နာရီ၊
(ဃ) သတင်းနှင့် ယုံကြည်လောက်သော အကြောင်းအချက်။
၇။ အပိုဒ် ၆ အရ ဆောင်ရွက်သူသည် သတင်းပေးသူ၏ အမည်နှင့် နေရပ်လိပ်စာကို လိုအပ်မှသာ အစီရင်ခံ တင်ပြရမည်။
၈။ အပိုဒ် ၆ အရ ရေးမှတ်သော လောင်းကစားသတင်းပေးမှတ်တမ်း (ပုံစံ-င) ကို လိုအပ်ပါက သက်ဆိုင်ရာတရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းနိုင်ရန် လုံခြုံစွာထိန်းသိမ်းထားရှိရမည်။
၉။ အပိုဒ် ၆ အရ လောင်းကစားသတင်းပေးမှတ်တမ်း (ပုံစံ-င) တွင် ရေးမှတ်ပြီးနောက် ၂၄ နာရီအတွင်း လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးရမည်။ ထိုသို့ ဖမ်းဆီးရာတွင်-
(က) မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် ရဲစခန်းမှူးဖြစ်ပါက ကိုယ်တိုင် ဦးစီး၍ ဖမ်းဆီးနိုင်သည်။
(ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်ပါက ကိုယ်တိုင်ဦးစီး၍ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူး သို့မဟုတ် ဆယ်အိမ်မှူး တစ်ဦးဦးအပါအဝင် အနည်းဆုံး နှစ်ဦးပါဝင်လျက် အဖွဲ့ဖြင့်ဖမ်းဆီးနိုင်သည်။ လိုအပ်ပါက ရဲတပ်ဖွဲ့ဝင် အကူအညီကို ရယူနိုင်သည်။
(ဂ) ဖမ်းဆီးရမိခြင်းမရှိပါက မိမိ၏အထက်ဌာနသို့ ဆောလျင် စွာ တင်ပြရမည်။
၁၀။ အပိုဒ် ၉ အရ ဖမ်းဆီးရာတွင် ဖမ်းဆီးသူသည်-
(က) ရှာဖွေပုံစံ ပါရှိရမည်။
(ခ) သက်သေ အနည်းဆုံးနှစ်ဦး ပါရှိရမည်။
(ဂ) လုံလောက်သည့် အင်အားကို အသုံးပြုနိုင်သည်။
(ဃ) လောင်းကစားအိမ်အတွင်းသို့ အလွယ်တကူ ဝင်ရောက် နိုင်ခြင်းမရှိပါက မည်သည့်နည်းဖြင့်မဆို ဝင်ရောက်ခွင့် ရှိသည်။
၁၁။ (က) အပိုဒ် ၁၀ အရ ဖမ်းဆီးသူသည်-
(၁) ဖမ်းဆီးရမိသူများ၏ အမည်စာရင်းကို ရယူပြီး သက်သေနှစ်ဦးရှေ့တွင် ရှာဖွေ၍ တွေ့ရှိသည့် သက်သေခံပစ္စည်းများကို ရှာဖွေပုံစံ (ပုံစံ-ခ) ဖြင့် သိမ်းဆည်းပြီး ဖမ်းဆီးရမိသူများကို ဥပဒေအရ အမှုဖွင့်အရေးယူရန် သက်သေခံပစ္စည်းများ၊ တိုင်စာနှင့်အတူ သက်ဆိုင်ရာရဲစခန်းသို့ ချက်ချင်း အပ်နှံရမည်။ သို့ရာတွင် သယ်ယူရန်ခက်ခဲသော သက်သေခံပစ္စည်းများကို ပိုင်ရှင်အား ယာယီ ပြန်လည်အပ်နှံခြင်း ကတိခံဝန်ချုပ် (ပုံစံ-ဃ) ဖြင့် ပေးအပ်ထားနိုင်သည်။
(၂) မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ပါက ခရိုင်အုပ်ချုပ် ရေးမှူးထံသို့ လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဖြစ်ပါက ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့လည်းကောင်း၊ စခန်းမှူးဖြစ်ပါက မြို့နယ်ရဲတပ်ဖွဲ့မှူး ထံသို့လည်း ကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးဖြစ်ပါက မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လည်းကောင်း၊ ပထမသတင်းပေးတိုင်ချက်ရေးဖွင့် ပြီး ၂၄ နာရီအတွင်း အစီရင်ခံတင်ပြရမည်။
(ခ) အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ်(၁) အရ အပ်နှံခြင်းကို လက်ခံရရှိသည့် ရဲစခန်းသည် ပထမသတင်းပေး တိုင်ချက်ရေးဖွင့်၍ ဆက်လက်ဆောင်ရွက်ရမည်။
အခန်း (၄)
ဝရမ်းထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်နည်းလမ်းများ
၁၂။ ဥပဒေအရ ဝရမ်းထုတ်ပေးခွင့်ရှိသူသည် လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးရန် ဝရမ်းထုတ်ပေးခြင်းမပြုမီ လောင်းကစား အိမ်နှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်သိရှိသည့် အချက်ကိုဖြစ်စေ၊ သတင်း ပေးချက်ကိုဖြစ်စေ အပိုဒ် ၆ နှင့်အညီ ရေးမှတ်ပြီးနောက် အောက်ပါ အချက်များပါဝင်သည့် လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီး ခွင့်ဝရမ်း (ပုံစံ-က) ကို ထုတ်ပေးရမည်-
(က) ဝင်ရောက်ရှာဖွေ ဖမ်းဆီးရမည့် လောင်းကစားအိမ် တည်ရာ နေရပ်လိပ်စာနှင့် အိမ်ရှင်တို့၏ အမည်၊
(ခ) ဝရမ်း စတင်ထုတ်ပေးသည့် ရက်စွဲနှင့် ဝရမ်းသက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊
မှတ်ချက်။ ထိုသို့ ထုတ်ပေးသည့် ဝရမ်းသက်တမ်းသည် ဝရမ်းစတင်ထုတ်ပေးသည့်နေ့မှ ၁၄ ရက် ထက်ကျော်လွန်ခြင်း မရှိစေရ။
(ဂ) ဝရမ်းထုတ်ပေးခွင့်ရှိသူ၏ လက်မှတ်နှင့် ရုံးတံဆိပ်။
၁၃။ ဝရမ်းထုတ်ပေးခွင့်ရှိသူက ဝရမ်းထုတ်ပေးရာတွင် သီးခြား မှတ်တမ်းစာအုပ်၌ ရေးသွင်းပြီး အဆိုပါမှတ်တမ်းစာအုပ်နှင့် စာရွက် စာတမ်းများကို လုံခြုံစွာထိန်းသိမ်းထားရမည်။
၁၄။ (က) ဝရမ်းနှင့်စပ်လျဉ်းပြီး တာဝန်ပေးအပ်ခြင်းခံရသူသည်-
(၁) လောင်းကစားခြင်းကို ဖမ်းဆီးရမိပါက လောင်း ကစားဝရမ်းအတည်ဖြစ်ကြောင်း အစီရင်ခံစာ (ပုံစံ-ဂ) ဖြင့် ဝရမ်းထုတ်ပေးသူထံ တင်ပြရမည်။
(၂) လောင်းကစားခြင်းကို ဖမ်းဆီးရမိခြင်းမရှိပါက လောင်းကစားဝရမ်း အတည်မဖြစ်ကြောင်း အစီရင် ခံစာ [ပုံစံ-ဂ(၁)] ဖြင့် ဝရမ်းထုတ်ပေးသူထံ တင်ပြ ရမည်။
(ခ) အပိုဒ်ခွဲ(က) အရ ပြန်လည်တင်ပြသည့် အစီရင်ခံစာကို ရရှိလျှင် ဝရမ်းထုတ်ပေးသူသည် အမှုတွဲတွင် ပူးတွဲထား ရမည်။
၁၅။ အပိုဒ် ၁၄ အရ လောင်းကစားဝရမ်းအတည်ဖြစ်ကြောင်း အစီရင် ခံစာ (ပုံစံ-ဂ) ကို လက်ခံရရှိပါက အပိုဒ် ၁၂ အရ ဝရမ်းထုတ်ပေးသူသည်-
(က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်လျှင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လည်းကောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်လျှင် ခရိုင်အုပ်ချုပ်ရေးမှူး ထံသို့ လည်းကောင်း ၂၄ နာရီအတွင်း အစီရင်ခံတင်ပြ ရမည်။
(ခ) မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်လျှင် ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့ လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ နေပြည် တော် ရဲတပ်ဖွဲ့မှူးထံသို့လည်းကောင်း၊ ဒုတိယတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး သို့မဟုတ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး သို့မဟုတ် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး သို့မဟုတ် ဒုတိယနေပြည်တော်ရဲတပ်ဖွဲ့မှူး ဖြစ်လျှင် ရဲချုပ်ထံသို့လည်းကောင်း ၂၄ နာရီအတွင်း အစီရင်ခံတင်ပြရမည်။
(ဂ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဌာနကြီးမှူး (မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး) သို့မဟုတ် ဒုတိယရဲချုပ်ဖြစ် လျှင် ရဲချုပ်ထံ တင်ပြရမည်။
(ဆက်လက်ဖော်ပြပါမည်)