လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန 
အမိန့်ကြော်ငြာစာအမှတ်  ( ၇၆၀ /၂၀၂၃ )
၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း  ၁  ရက် 
( ၂၀၂၃  ခုနှစ်၊ ဒီဇင်ဘာလ  ၁၃  ရက် )
ပြည်ထဲရေးဝန်ကြီးဌာနသည်    လောင်းကစားဥပဒေပုဒ်မ     ၂၇၊ ပုဒ်မခွဲ(ခ)အရ    အပ်နှင်းထားသော   လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အောက်ပါလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။
(ယမန်နေ့မှအဆက်)
အခန်း(၅)
ဝရမ်းဖြင့် တာဝန်ပေးအပ်ခြင်းခံရသော ရဲအရာရှိ သို့မဟုတ် နိုင်ငံ့ဝန်ထမ်း သို့မဟုတ် လောင်းကစားဖမ်းဆီးရေးအဖွဲ့က ဆောင်ရွက်ရန်နည်းလမ်းများ
၁၆။    လောင်းကစားအိမ်တွင် လောင်းကစားခြင်းကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးရန်ဝရမ်းဖြင့် တာဝန်ပေးအပ်ခြင်းခံရသော ရဲအရာရှိ သို့မဟုတ် နိုင်ငံ့ဝန်ထမ်း  သို့မဟုတ်  ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ) အရ ရပ်ကွက် သို့မဟုတ်   ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက    တာဝန်ပေးသည့် လောင်းကစားဖမ်းဆီးရေးအဖွဲ့သည် ဥပဒေအရ သက်ဆိုင်ရာ ဝရမ်း ထုတ်ပေးခွင့်ရှိသူထံမှ ဝရမ်းရရှိမှသာ  လုပ်ငန်းစတင်  ဆောင်ရွက် ရမည်။
၁၇။    ဝရမ်းဖြင့် တာဝန်ပေးခြင်းခံရသော ရဲအရာရှိ သို့မဟုတ် နိုင်ငံ့ ဝန်ထမ်း သို့မဟုတ် ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ) အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက တာဝန်ပေးသည့် လောင်းကစား ဖမ်းဆီးရေးအဖွဲ့သည်- 
    (က)    ဝရမ်းကို လုံခြုံစွာ သိမ်းဆည်းထားရမည်။
    (ခ)    ဝရမ်းထုတ်ပေးထားကြောင်း သတင်းမပေါက်ကြားစေရ။
    (ဂ)    ဝရမ်းထုတ်ပေးသည့်နေ့မှစ၍ ဝရမ်းကို အသုံးပြုရသည့်  နေ့အထိ ဆောင်ရွက်ချက်ကို   နေ့စဉ်မှတ်တမ်းထားရှိ ရမည်။
၁၈။    ဝရမ်းဖြင့် တာဝန်ပေးခြင်းခံရသော ရဲအရာရှိ သို့မဟုတ် နိုင်ငံ့ ဝန်ထမ်း သို့မဟုတ် ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ) အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက တာဝန်ပေးသည့် လောင်းကစား ဖမ်းဆီးရေးအဖွဲ့သည် ဝရမ်းတွင် သတ်မှတ်ထားသည့်ကာလအတွင်း ၌သာ ဝရမ်း၌ ဖော်ပြထားသည့် လောင်းကစားအိမ်သို့ အချိန်မရွေး ဝင်ရောက်ရှာဖွေဖမ်းဆီးနိုင်သည်။ 
၁၉။    ဝရမ်းဖြင့် တာဝန်ပေးခြင်းခံရသော ရဲအရာရှိ သို့မဟုတ် နိုင်ငံ့ ဝန်ထမ်း သို့မဟုတ် ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ) အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက တာဝန်ပေးသည့် လောင်းကစား ဖမ်းဆီးရေးအဖွဲ့သည် လောင်းကစားအိမ်သို့ ဝင်ရောက်ရာတွင်- 
    (က)    ဝရမ်းပါရှိရမည်။
    (ခ)    ရှာဖွေပုံစံ ပါရှိရမည်။
    (ဂ)    သက်သေ အနည်းဆုံးနှစ်ဦး ပါရှိရမည်။
    (ဃ)    သင့်လျော်မည့် လူအင်အားကို ခေါ်ဆောင်သွားနိုင်သည်။
    (င)    လောင်းကစားအိမ်အတွင်းသို့ အလွယ်တကူ ဝင်ရောက် နိုင်ခြင်းမရှိပါက မည်သည့်နည်းဖြင့်မဆို ဝင်ရောက်နိုင် ခွင့်ရှိသည်။
၂၀။    (က)    အပိုဒ် ၁၉  အရ ဖမ်းဆီးသူသည်-  
    (၁)    ဖမ်းဆီးရမိသူများ၏    အမည်စာရင်းကိုရယူပြီး သက်သေနှစ်ဦးရှေ့တွင်  ရှာဖွေ၍    တွေ့ရှိသည့် သက်သေခံပစ္စည်းများကို ရှာဖွေပုံစံ (ပုံစံ-ခ) ဖြင့် သိမ်းဆည်းပြီး  ဖမ်းဆီးရမိသူများကို ဥပဒေအရ အမှုဖွင့်အရေးယူရန် သက်သေခံပစ္စည်းများ၊  တိုင်စာ နှင့်အတူ သက်ဆိုင်ရာရဲစခန်းသို့ ချက်ချင်းအပ်နှံရ မည်။ သို့ရာတွင် သယ်ယူရန်ခက်ခဲသော သက်သေခံ ပစ္စည်းများကို ပိုင်ရှင်အား ယာယီပြန်လည်အပ်နှံ ခြင်းကတိခံဝန်ချုပ် (ပုံစံ-ဃ) ဖြင့် ပေးအပ်ထား နိုင်သည်။
    (၂)    အထက်ပါဆောင်ရွက်ချက်များကို လောင်းကစား ဝရမ်း အတည်ဖြစ်ကြောင်း အစီရင်ခံစာ (ပုံစံ-ဂ) ဖြင့် ပထမသတင်းပေးတိုင်ချက်ရေးဖွင့်ပြီး ၂၄ နာရီ အတွင်း  ဝရမ်းထုတ်ပေးသူထံ    အစီရင်ခံတင်ပြ ရမည်။
    (ခ)    အပိုဒ်ခွဲ(က) အရ လောင်းကစားဖမ်းဆီးသူက အပ်နှံခြင်း ကို လက်ခံရရှိသည့်  ရဲစခန်းသည်   ပထမသတင်းပေး တိုင်ချက်ရေးဖွင့်၍ ဆက်လက်ဆောင်ရွက်ရမည်။
၂၁။    ဝရမ်းဖြင့် တာဝန်ပေးခြင်းခံရသည့် ရဲအရာရှိ သို့မဟုတ် နိုင်ငံ့ ဝန်ထမ်း သို့မဟုတ် ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ) အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက တာဝန်ပေးသည့် လောင်းကစား ဖမ်းဆီးရေးအဖွဲ့သည် ဝရမ်းတွင် သတ်မှတ်ဖော်ပြထားသည့် ကာလ အတွင်း လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးနိုင်ခြင်းမရှိလျှင် မည်သည့်အတွက် ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း အကျိုးအကြောင်း ဖော်ပြချက်ပါရှိသည့်   လောင်းကစားဝရမ်းအတည်မဖြစ်ကြောင်း အစီရင်ခံစာ [ပုံစံ-ဂ(၁)] နှင့်အတူ ဝရမ်းကို ဝရမ်းထုတ်ပေးသူထံ ဆောလျင်စွာ ပြန်လည်တင်ပြအပ်နှံရမည်။
အခန်း(၆)
လောင်းကစားခြင်းကို ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ သိမ်းဆည်းခြင်း ဆောင်ရွက်ရာတွင် လိုက်နာရန် နည်းလမ်းများ
၂၂။    လောင်းကစားခြင်းကို ဖမ်းဆီးသူသည်-
    (က)    လောင်းကစားအိမ်ရှင်ကိုဖြစ်စေ၊    လောင်းကစားအိမ် အတွင်း တွေ့ရှိသူတစ်ဦးဦးကိုဖြစ်စေ ၎င်းတွင် ဝရမ်းပါရှိ ကြောင်း ပြောကြားရမည်။
    (ခ)    လောင်းကစားသည့်နေရာတွင်တွေ့ရှိသည့် လောင်းကစား ခြင်း၌ ပါဝင်သူများကို ဖမ်းဆီးပြီး    ၎င်းတို့၏အမည်၊ မှတ်ပုံတင်အမှတ်၊ အဖအမည်၊ အလုပ်အကိုင်၊ နေရပ် လိပ်စာတို့ကို ရေးမှတ်ရမည် သို့မဟုတ် ရေးမှတ်စေရ မည်။ 
    (ဂ)    လောင်းကစားသည့်နေရာအား ရှာဖွေခြင်း၊ လောင်းကစား ကိရိယာ၊ ငွေကြေးနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်း ခြင်းနှင့် လောင်းကစားခြင်း၌ ပါဝင်သူများကို ဖမ်းဆီး ခြင်းတို့ ဆောင်ရွက်ရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ရမည်။
၂၃။    ဖမ်းဆီးခြင်းခံရမည့်သူသည် ဖမ်းဆီးခြင်းမခံရရန် အိမ်၊ အဆောက် အအုံ၊ ကာရံထားသောနေရာ၊ ဝင်း၊ ခြံ၊ အခန်း၊   ယာဉ်တစ်ခုခုအတွင်းသို့ ဝင်ရောက်ထွက်ပြေးပုန်းအောင်းနေသည်ဟု ယုံကြည်ရန်အကြောင်း ရှိလျှင် ဖမ်းဆီးသူသည် ထိုအိမ်၊ အဆောက်အအုံ၊ ကာရံထားသောနေရာ၊ ဝင်း၊ ခြံ၊ အခန်း၊ ယာဉ်တစ်ခုခုအတွင်းသို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးနိုင် သည်။ ထိုသို့ဖမ်းဆီးနိုင်ရန် ထိုအိမ်၊ အဆောက်အအုံ၊ ကာရံထားသော နေရာ၊ ဝင်း၊ ခြံ၊ အခန်း၊ ယာဉ်တစ်ခုခုတွင် နေထိုင်သူ သို့မဟုတ် တာဝန် ရှိသူသည် ဖမ်းဆီးသူအား လိုအပ်သည့် အကူအညီများပေးရမည်။
၂၄။    ဖမ်းဆီးရာတွင် ဖမ်းဆီးခြင်းခံရမည့်သူက ဖမ်းဆီးခြင်းမခံလျှင် သို့မဟုတ် အကြမ်းဖက်ခုခံလျှင် သို့မဟုတ် ထွက်ပြေးတိမ်းရှောင်ရန် အားထုတ်လျှင် ဖမ်းဆီးခွင့်ရှိသူ မည်သူမဆို ထိုသူကို ဖမ်းဆီးနိုင်ရန် ရာဇဝတ်ကျင့်ထုံးဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ကျင့်သုံးဆောင်ရွက် နိုင်သည်။
၂၅။    လောင်းကစားအိမ်တွင်   လောင်းကစားကိရိယာတစ်ခုခုကို ကွယ်ဝှက်ထားကြောင်း  ယုံကြည်ရန်အကြောင်းရှိလျှင်    အဆိုပါ လောင်းကစားအိမ်နေရာအနှံ့အပြားကို ရှာဖွေနိုင်သည်။ ထိုသို့ ရှာဖွေ ရာတွင် လောင်းကစားအိမ်ရှင်နှင့် သက်သေများရှေ့တွင် ရှာဖွေရမည်။ ရှာဖွေတွေ့ရှိသော လောင်းကစားကိရိယာကို ရှာဖွေပုံစံ (ပုံစံ-ခ) ဖြင့် သိမ်းဆည်း၍ ထိုရှာဖွေပုံစံတွင် သိမ်းဆည်းသူကိုယ်တိုင် လက်မှတ် ရေးထိုးရမည့်အပြင် လောင်းကစားအိမ်ရှင်ကိုပါ လက်မှတ်ရေးထိုး စေပြီး   ရှာဖွေပုံစံမိတ္တူကို လောင်းကစားအိမ်ရှင်က တောင်းခံလျှင် ပေးရမည်။ ရှာဖွေပုံစံတွင် လောင်းကစားကိရိယာတွေ့ရှိသည့် နေရာ ကို တိကျစွာဖော်ပြ၍ ရေးသွင်းရမည်။ 
အခန်း(၇)
ကာစီနိုအတွင်း ဝင်ရောက်ကစားသည့် မြန်မာနိုင်ငံသားအား ဖမ်းဆီးခြင်း
၂၆။    မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် ရဲစခန်း မှူးသည် ခွင့်ပြုချက်ဖြင့် ဖွင့်ထားသော ကာစီနိုအတွင်း မြန်မာနိုင်ငံသား တစ်ဦးဦး ဝင်ရောက်ကစားနေကြောင်း သတင်းရရှိလျှင်  ကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးနိုင်သည်။
၂၇။    မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် မြို့နယ်ရဲတပ်ဖွဲ့မှူးအား တိုက်ရိုက် ကြီးကြပ်ကွပ်ကဲသော ရဲအရာရှိသည် ခွင့်ပြုချက်ဖြင့် ဖွင့်ထားသော ကာစီနိုအတွင်း မြန်မာနိုင်ငံသားတစ်ဦးဦး ဝင်ရောက်ကစားနေကြောင်း သတင်းရရှိပါက ဒုတိယရဲအုပ်အဆင့်အောက်မနိမ့်သော    ရဲအရာရှိ တစ်ဦးဦးအား ဝရမ်း [ပုံစံ-က(၁)] ထုတ်ပေး၍ ထိုဝင်ရောက်ကစားသူ မြန်မာနိုင်ငံသားကို ဖမ်းဆီးစေနိုင်သည်။
၂၈။    (က)    အပိုဒ် ၂၆  နှင့် အပိုဒ် ၂၇ အရ ဖမ်းဆီးသူသည် ခွင့်ပြုချက် ဖြင့် ဖွင့်ထားသော ကာစီနိုအတွင်း ဝင်ရောက်သည့်အခါ အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
    (၁)    အနည်းဆုံးသက်သေနှစ်ဦး ပါရှိရမည်။  
    (၂)    ရှာဖွေပုံစံပါရှိရမည်။
    (၃)    ကာစီနို၌ တာဝန်ရှိသူတစ်ဦးဦးကို    မိမိ၏အခွင့် အာဏာကိုပြောပြ၍ မည်သည့်အတွက်လာကြောင်း ပြောကာ ဝင်ခွင့်တောင်းခံရမည်။
    (၄)    ကာစီနိုအတွင်း လောင်းကစားရန် ရောက်ရှိနေသည့် သို့မဟုတ် လောင်းကစားနေသည့် မြန်မာနိုင်ငံသား ကို ဖမ်းဆီးပြီး ၎င်း၏ အမည်၊ မှတ်ပုံတင်အမှတ်၊ အဖအမည်၊ အလုပ်အကိုင်နှင့် နေရပ်လိပ်စာတို့ကို မေးမြန်း၍ ရေးမှတ်ရမည်။
    (၅)    ကာစီနို၌ ကစားရာတွင် မြန်မာနိုင်ငံသား အသုံးပြု သည့် လောင်းကစားကိရိယာများနှင့်    ငွေကြေး ပစ္စည်းများကို ရှာဖွေပုံစံ (ပုံစံ-ခ) ဖြင့် မိမိကိုယ်တိုင် လက်မှတ်ရေးထိုးသိမ်းဆည်းပြီး သိမ်းဆည်းခြင်း ခံရသူနှင့် အနည်းဆုံးသက်သေ ၂ ဦးအား လက်မှတ် ရေးထိုးစေရမည်။
    (၆)    ဖမ်းဆီးခံရသူ၏ ကိုယ်ပေါ်၌ရှာဖွေ၍ တွေ့ရှိသော လောင်းကစားကိရိယာများ၊ ငွေကြေးနှင့် ပစ္စည်းများ ကို ရှာဖွေပုံစံ (ပုံစံ-ခ) ဖြင့် မိမိကိုယ်တိုင် လက်မှတ် ရေးထိုးသိမ်းဆည်းပြီး   သိမ်းဆည်းခြင်းခံရသူနှင့် အနည်းဆုံး သက်သေ ၂ ဦးအား လက်မှတ်ရေးထိုး စေရမည်။ ဖမ်းဆီးခံရသူသည် အမျိုးသမီးဖြစ်က အမျိုးသမီးချင်း ရှာဖွေရမည်။
    (၇)    အပိုဒ်ခွဲငယ် (၅)နှင့်(၆)အရ သိမ်းဆည်းသော ရှာဖွေ ပုံစံမိတ္တူကို သိမ်းဆည်းခြင်းခံရသူက   တောင်းခံ လျှင် ပေးရမည်။
    (၈)    ဖမ်းဆီးခံရသည့်သူသည် ထွက်ပြေးတိမ်းရှောင်ရန် သို့မဟုတ်   အကြမ်းဖက်ခုခံရန်    အားထုတ်လျှင် ၎င်းအား ဖမ်းဆီးရမိရေးအတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ   ဆောင်ရွက် နိုင်သည်။
    (၉)    ဖမ်းဆီးရမိသူများကို ဥပဒေအရ အမှုဖွင့်အရေးယူရန် သက်သေခံပစ္စည်းများ၊ တိုင်စာနှင့်အတူ သက်ဆိုင် ရာ ရဲစခန်းသို့  ချက်ချင်းအပ်နှံရမည်။ သို့ရာတွင် သယ်ယူရန်ခက်ခဲသော သက်သေခံပစ္စည်းများကို ပိုင်ရှင်အား ယာယီပြန်လည်အပ်နှံခြင်း ကတိခံဝန် ချုပ် (ပုံစံ-ဃ) ဖြင့် ပေးအပ်ထားနိုင်သည်။
    (ခ)    အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ် (၃) အရ ဝင်ခွင့်တောင်းသည့်အခါ ကာစီနိုတာဝန်ခံ သို့မဟုတ် တာဝန်ရှိသူက ဝင်ရောက် ခွင့်ပြုရမည်။
    (ဂ)    အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ် (၉) အရ အပ်နှံခြင်းကို လက်ခံ ရရှိသည့်   ရဲစခန်းသည်   ပထမသတင်းပေးတိုင်ချက် ရေးဖွင့်၍ ဆက်လက်ဆောင်ရွက်ရမည်။
၂၉။    အပိုဒ် ၂၆ အရ ဖမ်းဆီးသူသည် မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ပါက ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်ပါက ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့ လည်းကောင်း၊ စခန်းမှူးဖြစ်ပါက မြို့နယ် ရဲတပ်ဖွဲ့မှူး ထံသို့လည်းကောင်း ပထမသတင်းပေးတိုင်ချက် ရေးဖွင့် ပြီး ၂၄ နာရီအတွင်း အစီရင်ခံတင်ပြရမည်။
၃၀။    (က)    ဝရမ်းနှင့်စပ်လျဉ်းပြီး တာဝန်ပေးအပ်ခြင်းခံရသူသည်-
    (၁)    ကာစီနိုအတွင်းဝင်ရောက်ကစားသူ မြန်မာနိုင်ငံသား ကို ဖမ်းဆီးရမိပါက လောင်းကစားဝရမ်းအတည် ဖြစ်ကြောင်း အစီရင်ခံစာ (ပုံစံ-ဂ) ဖြင့် ဝရမ်းထုတ်ပေး သူထံ ပထမသတင်းပေးတိုင်ချက်ရေးဖွင့်ပြီး   ၂၄ နာရီအတွင်း အစီရင်ခံတင်ပြရမည်။
                                        (ဆက်လက်ဖော်ပြပါမည်)