ပြည်သူသည်သာ ပဓာန

အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားစေရန် ရည်ရွယ်သည့် အကြမ်းဖက်အဖျက်လုပ်ရပ်များ အချို့သော မြို့ကြီးများ၌ ခပ်စိတ် စိတ် ဖြစ်ပွားလာလျက်ရှိနေရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း သတင်းလက်ဦးမှုရယူ၍     ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လိုအပ်သည့်    လုံခြုံရေးလုပ်ငန်းများကို   ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လျက်ရှိသလို အကြမ်းဖက်အုပ်စုများနှင့်  ရင်ဆိုင်ပစ်ခတ် ရမှုများ၊ ထုနှင့်ထည်နှင့် ဖမ်းဆီးရမိမှုများ ရှိလာသည်။


အကြမ်းဖက်လုပ်ငန်းများ၏  ဦးတည်ရည်ရွယ်ချက်မှာ ပြည်သူ လူထုအတွင်း အကြောက်တရားဖြင့် စိုးမိုးထားပြီး  နိုင်ငံရေး အကျိုး အမြတ်ရရှိအောင် ရှာဖွေရန်ပင်ဖြစ်သည့်အတွက် ပစ်မှတ်အပျော့များ ဖြစ်သည့်  လုံခြုံရေးအားနည်းသည့်နေရာများ၊ အများပြည်သူဆိုင်ရာ နေရာများတွင် ပစ်ခတ်ဖောက်ခွဲမှုများ  ပြုလုပ်ခြင်း၊    လက်နက် ကိုင်ဆောင်ထားခြင်း မရှိသူများကို အကြောင်းအမျိုးမျိုးပြ စွပ်စွဲ၍ သတ်ဖြတ်ခြင်းတို့ကို   ပြုလုပ်နေကြခြင်းဖြစ်သည်။  တစ်ဖက်တွင် လည်း   ပြည်သူကို  ပစ်မှတ်ပြုလုပ်တိုက်ခိုက်သည့်အတွက်  အများ ပြည်သူ၏  ဆန့်ကျင်ရှုတ်ချမှုမှ ‌ရှောင်လွှဲနိုင်ရန်နှင့် စာနာမှုရယူနိုင်ရန် အတွက်  မည်သည့်အကြောင်းကြောင့်   တိုက်ခိုက်၊ သတ်ဖြတ်ရခြင်း ဖြစ်ကြောင်း  မမှန်မကန်   အကြောင်းပြချက်များဖြင့်   လှီးလွှဲဖုံးဖိ တတ်ကြသည်။


ယခုအခါ   လက်နက်ကိုင်  အကြမ်းဖက်အုပ်စုများအတွင်း  လက်လုပ်သေနတ်များ၊ လက်လုပ်ဗုံးများသာမက မောင်းပြန်ရိုင်ဖယ် များ၊  လက်ပစ်ဗုံးများ၊ လောင်ချာများ စသည်တို့အပြင်    တောတွင်း လက်နက်ကိုင်အဖွဲ့များမှ လူအချို့ပါ ရောနှောပါဝင်လာပြီး မြို့ပြ ဒေသများအတွင်း စိမ့်ဝင်ထိုးဖောက်လာနေကြသည်ကို တွေ့ရသည်။ အထူးသဖြင့်  မြို့ကြီးပြကြီးများသို့ ဝင်ရောက်၍ မြို့ခိုကာ ဒေသခံများ အကြား ရောနှောနေထိုင်ကြပြီး အဖျက်အမှောင့်လုပ်ငန်းများကို လစ်လျှင်လစ်သလို    ပြုလုပ်ကြရင်း  ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ပလူပျံအောင် ဖောင်းပွနေသည့် D-Day ခေါ် ယ, ရက်တစ်ခုတွင် တစ်ပြိုင်နက်တည်း ထကြွပုန်ကန်တိုက်ခိုက်ရန် ကြံစည်အားထုတ် နေကြခြင်းဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံနှင့် မိုင်ထောင်ချီဝေးသည့် အရပ်ဒေသများသို့ ထွက်ပြေးရောက်ရှိနေကြသည့် ပြည်ပြေးများ၊ ပြည်ဖျက်များကလည်း မိမိတို့ဇာတိနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်လာ စေရေး၊   တစ်နိုင်ငံလုံး   စစ်မီးတောက်လောင်စေရေးဟူသော အကုသိုလ်ကံစေတနာတို့ဖြင့် ပြည်သူလူထုအား ရိက္ခာများစုဆောင်း ကြရန်၊ ဆေးဝါးများ စုဆောင်းကြရန်၊ အကြမ်းဖက်သမားများကို ဝှက်ထားပေးရန်၊ ဆေးကုသပေးရန်၊ ကျွေးမွေးပြုစုစောင့်ရှောက်ပေးရန် စသည်ဖြင့် ဖေ့စ်ဘုတ်မှတစ်ဆင့် ဆော်ဩနေကြသည်။ နိုင်ငံအနှံ့  တစ်မြို့ပြီးတစ်မြို့  သိမ်းပိုက်ကာ ရက်အနည်းငယ်နှင့် အောင်ပွဲဆင်နိုင်မည်ဟူ၍  စိတ်ကူးယဉ်နေသူ  အစွန်းရောက်စိတ် အခံရှိသူတို့မှာ  ဆင်ခြင်တုံတရား ခေါင်းပါးလှစွာဖြင့် ဖေ့စ်ဘုတ်တွင် ပေါ်လာသမျှကို ယုံကြည်လက်ခံနေကြသည်ကိုလည်း တွေ့ရသည်။


ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် တွေ့နေရသည့် သတင်းတု၊ သတင်းမှားများ၊  အချက်အလက်အမှား၊  သုံးသပ်ချက်အလွဲများ၊ လိုရာစွဲထင်မြင်ယူဆချက်များကို အခြေခံကာ မြေပေါ်မြေအောက်၊ တောတွင်းနှင့်  မြို့ပေါ်တစ်ပြိုင်နက်  ထတိုက်ပြီး နိုင်ငံ့အာဏာကို ရယူမည့်အကြံမှာ မကြံကောင်း မစည်ရာသော အကြံ၊ တပ်မတော်ကို ပြိုကွဲစေရေး၊ ပြည်ပမှစစ်တပ်များ ကျူးကျော်ဝင်ရောက်လာစေရေး ဟူသောအတွေးများကလည်း  မတွေးအပ်သော  အတွေးဟူ၍သာ ဆိုရမည်ဖြစ်သည်။ တောင်တန်းမြေပြန့် နယ်စွန်နယ်ဖျားများမကျန် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအားလုံး၏ ဆန္ဒမှာ နိုင်ငံတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မိမိတို့ဝမ်းစာကို လုံခြုံစွာ ရှာဖွေနိုင်ရေးဟူသည့် လတ်တလောအလိုဆန္ဒများပင်ဖြစ်သည်။


ကိုဗစ်-၁၉ တတိယလှိုင်း၏ ခြိမ်းခြောက်မှုကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့်အဘက်ဘက်မှ ထိခိုက်ဆုံးရှုံးမှုများကို လပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည့် ပြည်သူများ စိတ်မသက်မသာ ဖြစ်ကြရသည့်အခြေအနေတွင်  အကြမ်းဖက်လုပ်ရပ်များကြောင့် အကြောက်တရားနှင့် ဖိစီးမှုများကို ခံစားကြရသည်။ မိမိတို့၏ လူမှု ဘဝများ   လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်    ဒေသအေးချမ်း တည်ငြိမ်ရေးတို့အတွက် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည်သာ ပဓာနဖြစ်ပါကြောင်း။      ။