အကျိုးစီးပွားများစွာဆောင်ကြဉ်းလာမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း

 

မြန်မာနိုင်ငံ၏  ပထမဆုံးသော  နိုင်ငံတကာအဆင့်မီ  ရေနက် ဆိပ်ကမ်းဖြစ်သည့်    ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို  ဆောလျင်စွာ  ပြန်လည်အကောင်အထည်ဖော်နိုင်ရေးအတွက်  နောက်ဆက်တွဲစာချုပ်ကို  သဘောတူလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ စက်မှုဇုန်စီမံကိန်းနှင့် လူနေအိမ်ရာစီမံကိန်းဟူ၍ စီမံ ကိန်းသုံးရပ် ပေါင်းစပ်ပါဝင်လျက်ရှိရာ ရေနက်စီမံကိန်းကို ဦးစွာ အကောင်အထည်ဖော်ခြင်းဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အစိတ်အပိုင်းတစ်ရပ် စတင်ပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။


ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားစွာဖြင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူ ဖြစ်စေမည့် စီမံကိန်းကြီးတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နောက်ဆက် တွဲစာချုပ်ရေးထိုးသည့်   အခမ်းအနားတွင်   ပြောကြားခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့အကြား  နှစ်နိုင်ငံစလုံးအတွက်   အပြန်အလှန်အကျိုးပြုရေး၊ တရုတ် - မြန်မာနှင့်   အခြားနိုင်ငံများ၏   ကုန်သွယ်ရေးတို့တွင် အရေးပါသကဲ့သို့ပင် ဖွံ့ဖြိုးမှုနောက်ကျနေသည့် ရခိုင်ပြည်နယ်မှ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ဝင်ငွေပိုမိုတိုးတက်လာရေး၊ ပိုမို၍ ကောင်းမွန်သောလူနေမှုဘဝ များ ရရှိလာရေးတို့အတွက်လည်း မျှော်လင့်ချက်ဖြစ်နေသည်။


ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် “PPP” (“People ၊ Prosperity ၊  Planet”) ဖြစ်သော ပြည်သူလူထုအကျိုးစီးပွားမြှင့်တင်ခြင်း၊ ချမ်းသာကြွယ်ဝ ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းစသည့်  အခြေခံမူကြီး သုံးချက်အပေါ်မှာမူတည်ပြီး  အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းဆိုင်ရာလုပ်ငန်းများကို တက်တက်ကြွကြွဆောင်ရွက်နေချိန်တွင် မြန်မာ-တရုတ်နှစ်ဖက် လုံးသည် ကျောက်ဖြူဒေသခံများ၏ လူနေမှုဘဝများ တိုးတက် မြှင့်တင်ပေးနိုင်ရန်    အထူးအလေးထား  ဆောင်ရွက်လျက်ရှိ ကြောင်း စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ ကျောက်ဖြူဒေသ တွင်   ကျေးလက်ရန်ပုံငွေစီမံကိန်း၊   အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ၊ ရွေ့လျားဆေးခန်းစီမံကိန်း၊ ဒီရေတောစိုက်ပျိုးခြင်းစီမံကိန်း အစရှိသည့် လူမှုအကျိုးပြုစီမံ ကိန်း ၁၀ ခုကျော် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ စီမံကိန်းများမှ ဒေသခံထောင်ပေါင်းများစွာ အကျိုးခံစားခဲ့ရကြောင်း လည်း    ဖော်ပြထားသည်။  စီမံကိန်းကုမ္ပဏီသည်   စီမံကိန်း တည်ဆောက်ရေးအဆင့်၏ ပထမငါးနှစ်တွင် နှစ်စဉ် အမေရိကန် ဒေါ်လာ တစ်သန်း၊ လည်ပတ်ရေးအဆင့်တွင် နှစ်စဉ် အမေရိကန် ဒေါ်လာ ငါးသိန်း ထည့်ဝင်ပြီး ဒေသခံတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီ၍ ဒေသခံအဝန်းအဝိုင်း၏ ညီညွတ်မျှတစွာ ပါဝင်သော လူမှုအကျိုးပြု CSR လုပ်ငန်းများကို အကျိုးသက်ဆိုင်သူများ၏ ထင်မြင်ယူဆချက်၊ အကြံပြုချက်များနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်သွားမည်ဟု သိရသည်။ 


ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ်စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ရာ   အဆိုပါစီမံကိန်းများ အကောင်အထည်ပေါ်လာသည်နှင့်အမျှ   ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း သောင်းနှင့်ချီ၍ ရရှိလာမည်ဖြစ်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ  နေရာအများစုတွင်လည်း  မြန်မာနိုင်ငံသား အများစုကို ခန့်အပ်လုပ်ကိုင်စေမည်ဖြစ်ရာ ကျွမ်းကျင်စွာလုပ်ကိုင် နိုင်ကြရေး ဖြည့်ဆည်းကြိုးပမ်းကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊     နိုင်ငံသားတစ်ဦးချင်းစီ၏    အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးမြှင့်တင်ရေးတို့အတွက် အထူးအရေးပါပြီး မြန်မာ - တရုတ်နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်မှုများ   မြင့်မားလာစေမည့်   ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းကြီးအား     ဂုဏ်ယူဝမ်းမြောက်စွာ     ကြိုဆို အပ်ပါကြောင်း။        ။