
သတင်းထုတ်ပြန်ချက်
----------------------------
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်သောအဖွဲ့ဝင် (၉)ဦးပါ မြန်မာကိုယ် စားလှယ်အဖွဲ့သည် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များပါဝင်သည့် ASEAN-ERAT အဖွဲ့ဝင်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ် ဘဇားစခန်းသို့ ၁၈-၁၂-၂၀၁၉ ရက်နေ့မှ ၁၉-၁၂-၂၀၁၉ ရက်နေ့အထိ သွားရောက်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ASEAN-ERAT အဖွဲ့ ဝင်များနှင့်အတူ ၁၈-၁၂-၂၀၁၉ ရက်၊ နံနက်ပိုင်းတွင် ဒါကာ မြို့မှ ကော့စ်ဘဇားသို့လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပြီး၊ ကော့စ်ဘဇားရှိ တိုးချဲ့စခန်းအမှတ်(၄) စခန်းရုံး၌ စခန်း အသီးသီးမှ နေရပ်စွန့်ခွာသူ(၅၀)ဦးခန့်နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာဌာန (Myanmar Wing) ညွှန်ကြားရေးမှူး Mr. Md Alauddin Vuian နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်များ ကယ်ဆယ် ရေးနှင့် နေရပ်သို့ပြန်လည်စေလွှတ်ရေးဆိုင်ရာ မဟာ မင်းကြီး (Refugee Relief and Repatriation Commissioner, RRRC) Mr. Md Mahbub Alam Talukder နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်သည့် မြန်မာအစိုးရမှဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များကို PowerPoint ဖြင့် အကျဉ်းချုပ်ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားမှုလုပ်ငန်းစဉ်ကို လျင်လျင်မြန်မြန် ဆောင်ရွက်ပေးမှု၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံး အတွက် လုံခြုံရေးအစီအမံများအပါအဝင် တရားစီရင်ရေး နှင့် တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး မြန်မာအစိုးရ၏ အားထုတ်မှု၊ NVC ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများ၊ UNHCR နှင့် UNDP တို့က QIP စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ အသိုက်အဝန်းများအကြား ပိုမိုကောင်းမွန်သည့်ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု နှင့် အတူတကွနေထိုင်နိုင်ရေး ဆောင်ရွက်ပေးနေမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ASEAN-ERAT အဖွဲ့ဝင်များကလည်း ၎င်းတို့၏လုပ်ပိုင်ခွင့်အတွင်းမှ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အပေါ် ကူညီပံ့ပိုးပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၁၉-၁၂-၂၀၁၉ ရက်၊ နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် ASEAN-ERAT Team တို့သည် တိုးချဲ့စခန်းအမှတ် (၄)သို့ ထပ်မံသွားရောက်ခဲ့ကာ နေရပ်စွန့်ခွာသွားသူများအား တွေ့ဆုံခဲ့ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၏ သဘောသဘာဝ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ တိုင်းရင်းသားအုပ်စု များ သတ်မှတ်ထားမှု၊ ရခိုင်ပြည်နယ်၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးမှု၊ သက်သေခံကတ်ပြားတစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်းမရှိသူများအနေဖြင့် NVC ကိုင်ဆောင် ရန်လိုအပ်မှုအနေအထားများကို အသေးစိတ်ထပ်မံရှင်းလင်း ပြောကြားခဲ့သည်။ ထို့ပြင် နေရပ်စွန့်ခွာသူများ၏စခန်းများ ပိတ်သိမ်းရေးမဟာဗျူဟာတစ်ရပ်အား မကြာခင်က ချမှတ် ခဲ့ကြောင်းကိုလည်း အသိပေးပြောကြားခဲ့သည်။
ယင်းနေ့မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ကော့စ်ဘဇားရှိစခန်းများ၌ လက်ရှိနေထိုင်လျက်ရှိ သော နေရပ်စွန့်ခွာဟိန္ဒူဘာသာဝင်များနှင့် သီးခြားတွေ့ဆုံ ခဲ့သည်။ ၎င်းတို့ကို စိစစ်ရေးနှင့် ဆောလျင်စွာ ပြန်လည် လွှဲပြောင်းရေးတို့နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒါကာမြို့မှ မထွက်ခွာမီ ASEAN-ERAT Team လိုက်ပါလျက် ဘင်္ဂလား ဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ၁၉-၁၂-၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က နေရပ်စွန့်ခွာ သွားသူကိုယ်စားလှယ်များ၊ ဟိန္ဒူဘာသာဝင်များနှင့် တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ အသိပေးပြောကြားခဲ့သည်။ ထို့ပြင် နေရပ်စွန့်ခွာသွားသူများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ အလွတ်သဘောအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယခုခရီးစဉ်သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ကော့စ် ဘဇားသို့သွားရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်၏နောက်ဆက်တွဲခရီးစဉ် ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတို့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကော့စ်ဘဇားသို့သွားရောက်၍ နေရပ်စွန့်ခွာသွားသူများ နှင့်တွေ့ဆုံခဲ့ပြီးဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။