
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ထံမှ ပေးပို့သည့်သဝဏ်လွှာ
၂၀၂၁ ခုနှစ်၊ ဇွန်လ၂၆ ရက်နေ့
မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးကြပါစေ ကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည် ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီးအချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနား များ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၀၂၁ ခုနှစ် ယနေ့ဆိုလျှင် (၃၄) ကြိမ်မြောက်ရှိပြီ ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် (၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဗဟိုအဆင့်အခမ်းအနားနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် အခမ်း အနားများကို COVID-19 ရောဂါအခြေအနေကြောင့် ကျင်းပနိုင်ခြင်း မရှိခဲ့သော်လည်း ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်း များ မီးရှို့ဖျက်ဆီးပွဲများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး နှင့် ကွတ်ခိုင်မြို့များတွင် ကျင်းပနိုင်ခဲ့ပါသည်။ ယခုနှစ်တွင်လည်း COVID-19 ရောဂါအခြေအနေကြောင့် မီးရှို့ဖျက်ဆီးပွဲအခမ်းအနားများ ကိုသာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး နေရာ သုံးခုတွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ပြီး နိုင်ငံ တကာ သံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အား ဖိတ်ကြားတက်ရောက်စေခဲ့ပါသည်။
မူးယစ်ဆေးဝါးသုံးစွဲမှု၊ တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင် ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်း များ ရောင်းဝယ်မှုများကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေပြီး နိုင်ငံအတွင်း အကြမ်း ဖက်မှု၊ လက်နက် မှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေး စီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု၊ နိုင်ငံဖြတ်ကျော် မှုခင်းများကို ဖြစ်ပေါ်စေသလို တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးမှ ရရှိလာသော ငွေကြေးများကြောင့် နိုင်ငံ၏တည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိပါ သည်။
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါခံစားနေရသော်လည်း မူးယစ် ဆေးဝါးသုံးစွဲမှုများမှာ လျော့ကျသွားခြင်းမရှိခဲ့ဘဲ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုပုံသဏ္ဌာန်များ ပြောင်းလဲလာခဲ့သည်ကို သတိချပ်ရပါမည်။
မြန်မာနိုင်ငံတွင် တရားမဝင်ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုများကို ကြုံတွေ့နေရပါသည်။ ခေတ် အဆက်ဆက်အစိုးရများက မူးယစ်ဆေးဝါးထိန်းချုပ်ရေးကို ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးမှု သိသိ သာသာကျဆင်းခဲ့ကြောင်းကို ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာရုံး(UNODC)မှ ထုတ်ပြန်ခဲ့သည့် ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာ အရ သိရှိရပါသည်။ မူးယစ်ဆေးဝါးပြဿနာ ခံစားနေရသောဒေသ များတွင် ဖွံ့ဖြိုးမှုကိုအခြေခံသော အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ကြောင့် ဘိန်းစိုက်တောင်သူများ၏ လူနေမှုဘဝနှင့် ဒေသဖွံ့ဖြိုးရေး ကို များစွာ အထောက်အကူဖြစ်စေခဲ့ကြောင်း တွေ့ရှိရပါသည်။
တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပင်လယ်ရေကြောင်းအပါအဝင် မူးယစ်ဆေးဝါးပြဿနာ များပြားသည့်ဒေသများ၌ အထူးစစ်ဆင်ရေး များကို ၂၀၁၃ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး ၃၁ ခု ဆောင်ရွက် နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းအများအပြားကို ဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် ရွှေတြိဂံဒေသ၌ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ အထူး စစ်ဆင်ရေးများ ဆောင်ရွက်သည့် လုပ်ဆောင်ချက်ကြောင့် မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းအများအပြားကို တားဆီးနိုင်ခဲ့သည့်အတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ကြိုတင် ကာကွယ်နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင် ဖြန့်ဖြူးရောင်း ဝယ်မှုများကို ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါသည်။
၂ဝ၂ဝ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်းဖြစ်ပွားလျက်ရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကန့်သတ်ချက် များရှိခဲ့သော်လည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြား မိတ် ဖက်အဖွဲ့အစည်းများပူးပေါင်း၍ စစ်ဆင်ရေးများဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးအမှုပေါင်း ၁၃၉၆၀၊ တရားခံ ၁၉၉၉၄ ဦး၊ တန်ဖိုး ငွေကျပ် ၁၄၃၆.၃၄ ဘီလီယံခန့် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တန်ဖိုး ငွေကျပ် ၂၇၈၂ သန်းကျော်ကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့အထိ မူးယစ် ဆေးဝါးအမှုပေါင်း ၂၈၃၃ မှု၊ တရားခံ ၄၀၇၇ ဦး၊ တန်ဖိုးငွေကျပ် ၃၈၀ ဒသမ ၇၁၂ ဘီလီယံကျော် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တန်ဖိုးငွေကျပ် ၁၉၀ ဒသမ ၂၃၃၄ သန်း ကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါသည်။
ဘိန်းနှင့် ဘိန်းဖြူအပြင် လူလုပ်မူးယစ်ဆေးဝါးများဖြစ်သည့် စိတ်ကြွဆေးဝါးများ၊ မက်အဖက်တမင်း(ICE)၊ ကတ်တမင်းအပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုလျှော့ချရေးအတွက် ဓာတုပစ္စည်းများ ထိန်းချုပ်ရေးကဏ္ဍသည်လည်း အရေးပါလာပါသည်။ နိုင်ငံအတွင်း ပရီကာဆာ ဓာတုပစ္စည်းထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လာမှုများကြောင့် မူးယစ်ဆေးဝါး ချက်လုပ်သူများနှင့် ပရီကာဆာဓာတုပစ္စည်း သယ်ဆောင်ရောင်း ဝယ်သူများသည် ထိန်းချုပ်ထားခြင်း မရှိသော ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်လုပ်ထားသော အသွင်ပြောင်းဓာတုပစ္စည်း (Designer Precursors)များကို ပုံစံ အမျိုးမျိုး ပြောင်းလဲအသုံးပြုလာကြပါသည်။
မြန်မာနိုင်ငံ၏ တည် နေရာ အနေအထားသည် ဓာတုပစ္စည်းအများဆုံးထွက်ရှိသော အိမ်နီး ချင်း စက်မှုဖွံ့ဖြိုးနိုင်ငံကြီးများအကြား တည်ရှိနေသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများ တားမြစ်ထိန်းချုပ်ရေးမှာ စိန်ခေါ်မှု တစ် ရပ်ဖြစ်လာခဲ့ပါသည်။ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အနေ ဖြင့် ဓာတုပစ္စည်းများတင်သွင်းမှုကို နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက် ရှိပါသည်။
"ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းသည်" ဆိုသည့် ဆောင်ပုဒ်အတိုင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ထိရောက်အောင်ဆောင်ရွက်နိုင်မှ အနာဂတ် လူငယ် များ၏ ဘဝကောင်းမွန်လာမည်ဖြစ်ပါသည်။ လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲမှုမှကင်းဝေးစေရေးအတွက် အသိပညာပေးရေးလုပ်ငန်းများကို ပြန်ကြားရေး ဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါ သည်။ ပြည်သူမှ ပြည်သူသို့ အသိပညာပေးခြင်းနှင့် စောင့်ကြည့်ခြင်း သည် ပိုမိုထိရောက်မှုရှိသဖြင့် လူမှုအသိုက်အဝန်းနှင့် ဒေသခံပြည်သူ များ၏ ပူးပေါင်းပါဝင်မှုသည်လည်း အထူးလိုအပ်လျက်ရှိပါသည်။
မူးယစ်ဆေးသုံးစွဲသူများသည် အလုပ်လုပ်နိုင်သူ လူငယ်လူရွယ် များဖြစ်သဖြင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားကို လျော့ကျစေလျက်ရှိပါ သည်။ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေး ဆိုင်ရာ နောက်ဆက်တွဲပြဿနာများသည် ကျန်းမာရေးနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေပါသည်။ မူးယစ်ဆေးစွဲ ရောဂါသည် ကုသ၍ရသော ရောဂါတစ်ခုဖြစ်သည်နှင့်အညီ ကုသရေး လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင် ရွက်ပေးလျက်ရှိသလို ဆေးဖြတ်ပြီးသူများကို လူ့အသိုက်အဝန်း အတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရသည် ပြည်သူလူထုအကျိုးစီးပွားကို မျှော်ကိုးပြီး ကုန်စျေးနှုန်းတည်ငြိမ်စေရန်အတွက် ကုန်စည်စီးဆင်းမှု လမ်းကြောင်း များအား လျင်မြန်ချောမွေ့စေရေး ဦးစားပေး ဆောင်ရွက်နေမှုအပေါ် အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများကို ပြုလုပ်လျက်ရှိပါသည်။ တစ်ကမ္ဘာလုံး COVID-19 ရောဂါကူးစက် ခံနေရချိန်တွင် ၎င်းအခြေအနေအား အသုံးချကာ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေဆဲဖြစ်ပါသည်။ ဖမ်းဆီးရမိမှုများနှင့် ရရှိထားသော သတင်းများအရ မူးယစ်ဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နေဆဲ ဖြစ်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။
မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်သူများသည် လူသားများ၏ ဘဝရှင်သန် ရပ်တည်ရေးကို မျက်ကွယ်ပြုပြီး မိမိ ကိုယ်ကျိုးကိုသာကြည့်သည့် ဝိသမလောဘသားများ ဖြစ်သောကြောင့် လူသားမျိုးနွယ်စုတစ်ခုလုံး၏ ရန်သူများဖြစ်ကြပါသည်။ မည်သည့် လူမျိုး၊ ဘာသာဝင် ဖြစ်ပါစေ လူသားများ၏အကျိုးကိုရှေးရှု၍ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ပေးခြင်း ဖြင့် လူသားမျိုးနွယ်စုတစ်ခုလုံး၏အကျိုးကို စောင့်ရှောက်ရမည် ဖြစ်ပါသည်။
မိမိတို့နိုင်ငံအနေဖြင့် ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်စေ မည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်ကိုရေးဆွဲ ထုတ်ပြန်ခဲ့ပြီး ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုလည်း ပြစ်မှုပြစ်ဒဏ်များညီမျှစေရန် ပြန်လည်ရေးဆွဲခဲ့ပါသည်။
မူဝါဒကို ဖော်ဆောင်မည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို လည်း ချမှတ်အတည်ပြုခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြုံတွေ့နေရသော COVID-19 ရောဂါ အခြေအနေကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ရောဂါထိန်းချုပ်နိုင်သည့် အခြေအနေပေါ် မူတည်ပြီး ဒေသအလိုက် လုပ်ငန်းစီမံချက်များကို ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသအပြင်ဘက် နိုင်ငံများ၊ ဘင်းစ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများနှင့် ပူးပေါင်း၍ နိုင်ငံတကာ မျက်နှာစာ၌ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင် ရွက်လျက်ရှိပါသည်။
ခေတ်အဆက်ဆက်အစိုးရများသည် နိုင်ငံရေးစနစ်အမျိုးမျိုးကို ပြောင်းလဲကျင့်သုံးခဲ့သော်လည်း မူးယစ်ဆေးဝါးပြဿနာကို ဘုံရန်သူ အဖြစ် သတ်မှတ်ပြီး တိုက်ဖျက်ချေမှုန်းခဲ့ကြပါသည်။ အချို့နိုင်ငံများ သည် မူးယစ်ဆေးဝါးပြဿနာနှင့် နိုင်ငံရေးကို ရောထွေးဆောင်ရွက် နေသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရပါသည်။ မည်သို့ပင်ဖြစ်စေ မိမိတို့နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပြဿနာများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သန္နိဋ္ဌာန်ချမှတ်၍ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ် ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နေသလို နိုင်ငံ တွင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံသူနိုင်ငံသားများ အနေဖြင့် လည်း မူးယစ်ဆေးဝါးအန္တရာယ်ကို ဘုံပြဿနာအဖြစ်ခံယူပြီး အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်ကူညီ ဆောင် ရွက်ကြရန်ဖြစ်ပါသည်။
ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော “Share Facts on Drugs. Save Lives.” “မူးယစ်ဆေးဝါး ကင်းစင်ဖို့၊ အသိပညာဖြန့်ဝေစို့” ဆိုသည့်အတိုင်း ဘက်ပေါင်းစုံ အသိပညာ တိုးပွားစေခြင်းဖြင့် မူးယစ်ဆေးဝါးကင်းစင်သည့် လူမှုဘဝများကို တည်ဆောက်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
- Log in to post comments