ပဒေသာပင်ပေါက်အောင်ဆိုရင်

 

မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝ ကျရောက်နေချိန်တွင် နိုင်ငံ့စီးပွား အရင်းအမြစ်များအားလုံးမှာ နယ်ချဲ့တို့လက်ထဲမှာသာ ရှိခဲ့သည့် အလျောက် ရရှိသမျှ အကျိုးအမြတ်အားလုံးသည်လည်း နယ်ချဲ့ နောက်တော်ပါ နိုင်ငံခြားသားအရင်းရှင်တို့အတွက်သာ ဖြစ်ခဲ့သည်။ သယံဇာတပေါများကြွယ်ဝသည့်မြေပေါ်တွင် ရှင်သန်နေထိုင်ရင်း ဆင်းရဲတွင်းနက်ခဲ့ကြသည့် မြန်မာတို့မှာ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်ရေးရသည့်အခါတွင် မိမိတို့လည်း ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ကြမည်ဟု မျှော်လင့်ခဲ့ကြသည်။ 


၁၉၄၇ ခုနှစ်   ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမ လူထုအစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူလူထု ကို   စည်းကမ်းရှိရေး၊   ခြိုးခြံချွေတာရေး၊   အားကြိုးမာန်တက် အလုပ်လုပ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အကျယ်တဝင့် ပြောကြားခဲ့သည်။ ၎င်း၏မိန့်ခွန်းထဲမှ “လွတ်လပ် ရေးဆိုတိုင်း ပဒေသာပင် မြေကမပေါက်နိုင်ဘူး” ဆိုသည့် ပြော ကြားချက်မှာလည်း လူထုနားတွင် စွဲခဲ့သည်။ “ပဒေသာပင်ပေါက် အောင်ဆိုရင် ကျွန်တော်တို့အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ ခင်ဗျား တို့ နားလည်စေချင်တယ်၊ အဲဒီတော့  လွတ်လပ်ရေးရပင်ရသော် ငြားလည်း    လွတ်လပ်ရေးရဲ့တာဝန်တွေကို   ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ  တခြားလက်  ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျားတို့  သိစေချင်တယ်”   ဟူ၍လည်း    အဆိုပါမိန့်ခွန်းတွင် ဗိုလ်ချုပ်က မိန့်ကြားခဲ့သည်။


လွတ်လပ်ရေးရပြီးနောက် ၇၆ နှစ်ပြည့်မြောက်လာပြီဖြစ် သော်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားတို့အတွက် ပဒေသာပင်သည် ပေါက်မလာနိုင်သေး။ ကိုလိုနီကျွန်ပြုခံခဲ့ရခြင်း၊ ဒုတိယကမ္ဘာစစ် ကာလတွင် စစ်မြေပြင်ဖြစ်ခဲ့ခြင်း၊ ပြည်တွင်းသောင်းကျန်းမှုဒဏ် ခံခဲ့ရခြင်းနှင့် ယနေ့ထိ မပြီးဆုံးနိုင်သေးသည့် စည်းလုံးညီညွတ် ရေးဆိုင်ရာပြဿနာများ  စသည်တို့က နိုင်ငံကို နာတာရှည်လူမမာ ကြီးသဖွယ် ဖြစ်စေခဲ့သည်။ သို့ရာတွင် အဆိုပါအကြောင်းရင်းခံများ ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်၍မရတော့ဟု ဆိုလျှင် မှားယွင်းသည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာပညာရှင်တို့၏ အဆိုအရ  အချိန်သည်ဖွံ့ဖြိုးဆဲနိုင်ငံ တို့အတွက် လွန်စွာတန်ဖိုးရှိပြီး လုပ်သင့်လုပ်ထိုက်သည့် အလုပ် တို့ကို ထိရောက်သည့် နည်းလမ်းများဖြင့် လျင်မြန်သွက်လက်စွာ လုပ်ရန်လိုသည်ဟုဆိုသည်။ ကြာလေ အခွင့်အလမ်းမသာလေဖြစ် မည့်အခြေအနေသို့     မရောက်စေဘဲ   ရှိနေသည့်အခြေအနေကို အကောင်းဆုံးအသုံးချ၍ အလုပ်လုပ်ကြရန်ပင်ဖြစ်သည်။


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ မသုံးစွဲနိုင်ဆုံး နှင့် ပြုန်းတီးမှုအများဆုံးသော အရင်းအမြစ်သည် လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည်ဟု     ဆိုသည်။     လူသားအရင်းအမြစ်ကို ထိရောက်စွာ အသုံးချရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လွန်စွာ အရေးကြီးပြီး စက်ယန္တရားတစ်ခု ခုတ်မောင်းလည်ပတ်နိုင်ရန် စတတ်တာဖြင့် စတင်နှိုးရသကဲ့သို့ပင်ဖြစ်သည်။ ထိရောက်သည့် လူသားအရင်းအမြစ်က ရုပ်ဝတ္ထုနှင့် ငွေကြေးအရင်းအမြစ်နှစ်ရပ် တို့ကို အသုံးပြုကာ နိုင်ငံခေတ်မီဖွံ့ဖြိုးရေးအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ လူ့စွမ်းအားအရင်း အမြစ်ပြုစုပျိုးထောင်ရေးအတွက်     ပညာရေး၊    ကျန်းမာရေး၊ ကျွမ်းကျင်မှုဆိုင်ရာ  လေ့ကျင့်ပေးရေး၊ အလုပ်အကိုင်နေရာချထား ပေးရေး     ဆောင်ရွက်ပေးရုံမျှမက          နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွင်  တက်ကြွသောအင်အားစုများအဖြစ် ပါဝင်လာစေ ရန်လည်း ဆောင်ရွက်ပေးရန်လိုသည်ဟု ပညာရှင်တို့က မိန့်ဆို သည်။ 


လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုးအဖြစ် ရပ်တည် လာခဲ့သော ၇၆ နှစ်သည် နိုင်ငံနှင့်လူမျိုးအတွက် ပဒေသာပင်ပေါက် ရုံသာမက   ပဒေသာပင်ကြီး   အပွင့်အသီးမြိုင်မြိုင်နှင့်  ကြီးပွား ထွန်းကားနိုင်လောက်သည်။ ပစ္စုပ္ပန်ကာလ ကမ္ဘာကြီး၏အချက် အချာ ရွေ့လျားပြောင်းလဲလာခြင်းနှင့်အတူ ပေါ်ပေါက်လာနေသည့် အခွင့်အလမ်းများကိုအရယူကာ      နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက် ရေးအတွက်   အစွမ်းကုန်အလုပ်လုပ်ကြခြင်းဖြင့် လွတ်လပ်ခြင်း၏ အရသာကို ခံစား စံစားနိုင်ကြပါစေကြောင်း။          ။