သမိုင်းပေးတာဝန်ကျေပွန်သူများ

 

သမိုင်းပေးတာဝန်ဟူသည်    မိမိတို့   ရှင်သန်ဖြတ်သန်းနေကြ သည့်   ခေတ်ကာလ   နိုင်ငံနှင့်လူမျိုး   အဓွန့်ရှည်တည်တံ့ရေး၊ တိုးတက်ကြီးပွားရေးတို့အတွက်      နိုင်ငံသားတစ်ဦးအနေဖြင့် ထမ်းရွက်အပ်သော ဝတ္တရားဟူ၍ ယေဘုယျအားဖြင့် ဖွင့်ဆိုနိုင် သည်။ သမိုင်းပေးတာဝန်၏ အနက်အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် ဖွင့်ဆိုနိုင်မှသာ နိုင်ငံနှင့်လူမျိုး အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး ဖွင့်ဆိုမှု မှားယွင်းမည်ဆိုပါက လုပ်ရပ်အမှားများ ကျူးလွန်မိကာ သမိုင်းတွင် တရားခံဘဝကျရောက်မည်ဖြစ်သည်။


‘‘လူမှာ   ဖန်တီးနိုင်တဲ့   အစွမ်းသတ္တိရှိတယ်၊   ရာဇဝင်ကို ဘယ်သူက ဖန်တီးသလဲ၊ လူကမှ ဖန်တီးတယ်မဟုတ်လား၊ လူက ဖန်တီးတယ်ဆိုတာ အကြောင်းမဲ့ အရမ်းဖန်တီးတာကို ပြောတာ မဟုတ်ဘူး၊ အဲဒီလို အတင်းပြောင်းလို့မရဘူး၊ ကျွန်တော်တို့က ဘာနားလည်ရမလဲ၊  ဖြစ်ပေါ်လာတဲ့  လောကရဲ့အကြောင်းတွေ၊ ရာဇဝင်သဘောတရားတွေကို နားလည်ပြီးတော့ အလုပ်လုပ် ရမယ်’’ ဟူသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းတစ်ရပ်ကဲ့သို့ပင် မိမိတို့၏ လူ့ဘောင်အဖွဲ့အစည်းတွင် ဖြစ်ပေါ်နေသည့်    အခြေအနေအကြောင်းတရားတို့ကို   မှန်မှန်  ကန်ကန်    နားလည်ပြီး    မိမိတို့ကျရာကဏ္ဍမှ  တာဝန်များကို   မှန်ကန်စွာ၊ ထူးထူးကဲကဲ ကျေပွန်စွာ၊ ထူးချွန်ပြောင်မြောက်စွာ  ထမ်းဆောင်ကြခြင်းဖြင့်သာ သမိုင်းပေးတာဝန် ကျေပွန်သူများ၊  ရာဇဝင်ကို ဖန်တီးသူများဖြစ်သင့်သည်။ နိုင်ငံသားတစ်ဦးအနေဖြင့်  ရာဇဝင်ကို   ဖန်တီးနိုင်သည့်အဆင့်ထိ  တာဝန်မထမ်းရွက်နိုင်  လျှင်ပင်  တရားဥပဒေကို  လေးစားလိုက်နာသူ၊  လူမှုကျင့်ဝတ်  စည်းကမ်းများ စောင့်ထိန်းသူများအဖြစ် အနိမ့်ဆုံးတာဝန်ကျေပွန် ကြရန်လိုသည်။


(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အတွက် ထူးကဲသာလွန်စွာ အကျိုးပြုခဲ့ကြသူများကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခြင်း အခမ်းအနားနှင့် တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ရွပ်ရွပ် ချွံချွံ   ရဲစွမ်းသတ္တိပြောင်မြောက်စွာ   စွမ်းဆောင်ခဲ့ကြသူများကို တပ်မတော်  စွမ်းရည်သတ္တိနှင့်  စွမ်းဆောင်မှုဆိုင်ရာ  ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်း အနားတို့ကို နေ့ထူးနေ့မြတ် အခါသမယတွင် ကျင်းပခဲ့ရာ နိုင်ငံသူ နိုင်ငံသားတို့ အတုယူဖွယ်၊ ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။ နိုင်ငံတော် က  ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းခဲ့သည့်  အဆိုပါပုဂ္ဂိုလ်များသည် အေးချမ်းသာယာပြီး  ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်  နိုင်ငံတော် တည်ဆောက်ရာတွင်  ထူးကဲစွာ  ဆောင်ရွက်ခဲ့ကြသည့်  ပုဂ္ဂိုလ် များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော် ၏  စီးပွားရေး၊  လူမှုရေး၊ ပြည်သူ့ရေးရာ   စီမံခန့်ခွဲရေးကဏ္ဍ များတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ် များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ် များ၊ နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြား ပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီစွာ တီထွင်ဖန်တီး အောင်မြင် အောင် စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ် များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ ဖြင့် ကြိုးပမ်းထမ်းဆောင်ကြသူများပင်ဖြစ်သည်။


ယခုအခါ မိမိတို့နိုင်ငံသည် သမိုင်းတွင် ထူးခြားသည့် အခြေ အနေတစ်ရပ်ကို ဖြတ်သန်းနေရချိန်ဖြစ်ပြီး နိုင်ငံသူနိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေးတာဝန်တို့ကို ထူးထူးခြားခြား စွမ်းဆောင်ကြိုးပမ်း   ထမ်းဆောင်ကြရန်   လိုအပ်နေချိန်ဖြစ် သည့်အလျောက်    နိုင်ငံတော်အစိုးရနှင့်အတူ    ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံ၌   ပူးပေါင်းလက်တွဲ ကြိုးပမ်းကြရေး  တိုက်တွန်း နှိုးဆော်လိုက်ရပါကြောင်း။       ။