Type

ဆောင်းပါး-မြင့်မြတ်သစ္စာ
ဓာတ်ပုံ - ဥဿ၊ ဇော်မင်းလတ်
ရန်ကုန်တက္ကသိုလ်သည် တစ်ချိန်က အရှေ့တောင်အာရှတွင် ထင်ရှားခဲ့သော တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ ၁၉၂၀ပြည့် နှစ်တွင် ဖွင့်လှစ်ခဲ့ပြီး၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လဆိုလျှင် နှစ်ပေါင်း ၁၀၀ သက်တမ်းပြည့်ပြီ ဖြစ်သည်။ ကိုလိုနီခေတ်တွင် ဖွင့်လှစ်ခဲ့သော ကြောင့် မြန်မာနိုင်ငံကြီး၏ အနိမ့်၊ အမြင့် အပြောင်းအလဲတို့ကို အနီးကပ်သိမြင်ခဲ့ ရသော တက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်သည်။ ၁၈၈၅ ခုနှစ် ကုန်းဘောင်နောက်ဆုံးမင်းဆက် သီပေါမင်းပါတော်မူပြီးနောက် ၃၅ နှစ်အကြာ တွင် ဧက ၄၅၀ ကျယ်ဝန်းသော သစ်တောထူ ထပ်သည့် ရန်ကုန်တက္ကသိုလ်နေရာအား ရှင်းလင်း၍ သစ်ပုပ်ပင်ကြီးကို ဗဟိုပြုကာတက္ကသိုလ်အဆောက်အဦများကို တည် ဆောက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ ရန်ကုန်တက္ကသိုလ်ကြီးသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း အသွင်အပြင်များနှင့် မတူဘဲ ပြောင်းလဲတိုးတက်ခဲ့ပြီး မပြောင်းလဲ သောအရာတို့မှာ ထိုအချိန်က ခံ့ညား တည်ငြိမ်စွာဖြင့် ယနေ့တိုင်တွေ့မြင်ရလျက် ရှိသော ကျောင်းတော်ကြီးနှင့် အထင်ကရ ရုပ်ဝတ္ထုများပင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ကြီးသည် တိုင်းပြည်အတွက် သားကောင်း ရတနာများစွာကို မွေးဖွားပေးခဲ့ပြီး ဖြစ်သည်။ အသက်ရာကျော် ကျောင်းသားဟောင်းကြီး များနှင့် အသက် ၅၀ အထက် ကျောင်းသား ဟောင်းတို့အတွက် အမိတက္ကသိုလ် အဓိပတိလမ်းပေါ်တွင် ခြေချလိုက်သည်နှင့် နုပျိုစဉ်ဘဝက ဤကျောင်းတော်ကြီးတွင် ပညာသင်ကြားခဲ့စဉ် ကျောင်းသားတစ်ဦး၏ အစားထိုး၍မရသော လွတ်လပ်ပျော်ရွှင်မှုတို့ကိုပြန်လည်အမှတ်ရမိစေလျက် ပြန်လည် နုပျိုလန်းဆန်းစေသော မှော်အစွမ်းကို ယနေ့ တိုင်ပေးစွမ်းလျက်ရှိသည်။
တစ်ချိန်က ရန်ကုန်တက္ကသိုလ်မှ မွေးထုတ်ပေးခဲ့သော ကျောင်းသား ကျောင်း သူတို့မှာ ယနေ့တွင် နယ်ပယ်အသီးသီး၌ မိမိတို့ဘဝလမ်းကြောင်းအတိုင်း လျှောက် လှမ်းလျက်ရှိသည်။ ယင်းတို့အနက်မှ စာပေ၊ အနုပညာဖြင့် နိုင်ငံနှင့်ပြည်သူကို အကျိုးပြု လျက်ရှိသော စာပေအနုပညာရှင်သုံးဦး၏ စကားသံများကို အောက်ပါအတိုင်းမျှဝေပေးလိုက်ပါသည် -
ဆရာချစ်ဦးညို (စာရေးဆရာ)
ကျွန်တော်က ၁၉၆၃-၁၉၆၄ ခုနှစ်ကနေ ၁၉၆၇-၁၉၆၈ ခုနှစ် စာသင်နှစ်အတွင်းမှာ ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံမှာ ဒဿနိကဗေဒ အဓိက ကျောင်းသား ဖြစ်ခဲ့ပါတယ်။ ကျောင်းနေပျော် လို့ စာတော်တယ်လို့ဆိုရမလားပဲ။ တက္ကသိုလ် အနုပညာအသင်းမှာလည်း ဆို၊ က၊ ရေး၊ တီး အကုန်ပါတယ်။ တစ်ဖက်မှာလည်း ဒဿနိက ဗေဒခေါ်တဲ့ ဖလော်ဆော်ဖီကို တော်တော်လေး ဝါသနာပါ နှစ်ခြိုက်တဲ့အတွက် စိတ်ပါဝင်စားတဲ့ ဘာသာရပ်ဖြစ်တာကြောင့် သင်ကြားရေးမှာလွယ်ကူအဆင်ပြေခဲ့တယ်။ နောက်ဆုံးနှစ်မှာ Paper လေးခုမှာ Paper သုံးခုကို Grade ၅ ရတယ်။ ပြီးတော့ မဟာဝိဇ္ဇာဆက်တက်တယ်။ အဲဒီအချိန်မှာပဲ လုပ်သားများကောလိပ်မှာ ကျူတာခန့်တယ်။
တက္ကသိုလ်တက်တဲ့အချိန်မှာ အဲဒီအချိန် က လွှမ်းမိုးခဲ့တဲ့စာတွေမှာ လက်ဝဲစာပေတွေ လွှမ်းမိုးတယ်။ ဆူးလေဘုရားအဝိုင်းက စာအုပ် ဆိုင်မှာ ရုရှားနိုင်ငံကထုတ်ဝေတဲ့ စာအုပ်တွေ ဝယ်ဖတ်ပြီး အချင်းချင်းဆွေးနွေးရင်း လက်ဝဲစာပေလွှမ်းမိုးမှုခံရတယ်။ လက်ဝဲဝါဒရဲ့ လွှမ်းမိုးရိုက်ခတ်မှုကို အများကြီးရရှိခဲ့တယ်။ကျောင်းမှာလည်း စာကမပြတ်တော့ ဖလော် ဆော်ဖီလေ့လာလိုက်၊ လက်ဝဲဝါဒယိမ်းလိုက်နဲ့ တစ်မျိုးတော့ ဖြစ်နေတာပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ဖတ်ခဲ့တဲ့စာအုပ်တွေက ဆရာ ဇော်ဂျီရဲ့ စာအုပ်တွေ၊ အနောက်တိုင်းဒဿနိက ဗေဒသမိုင်း၊ ဖလော်ဆော်ဖီနဲ့ပတ်သက်တဲ့ စာအုပ် တွေ၊ ရသပညာနဲ့ပတ်သက်တဲ့စာအုပ်တွေ၊ ပြီးတော့ ဆရာမကြီးဒေါ်ခင်စောရီနဲ့ ဒေါက်တာ ခင်မောင်ဝင်း၊ ဆရာဦးစိုးမြင့်တို့ရဲ့ သင်ကြား ပို့ချမှုတွေနဲ့ ဖြတ်သန်းခဲ့ရတာပါ။
အဲဒီအချိန်မှာ မြေစမ်းခရမ်းပျိုး စာပေ ရေးသားနေချိန်ပါ။ ၁၉၇၀ ပြည့်နှစ် အောက်တို ဘာလ အထူးထုတ်မိုးဝေမဂ္ဂဇင်းမှာ “ ရန်ကုန် မြို့လည်” ဆိုတဲ့ ဝတ္ထုတိုဟာ ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာမူပါပဲ။ ၁၉၇၀ ပြည့်နှစ် မှတ်မှတ်ရရ ရှိတာက လုပ်သားများကောလိပ် မှာ ဆရာဖြစ်နေတော့ လုပ်သားများကောလိပ် အနုပညာအသင်းမှာလည်း အတွင်းရေးမှူးဖြစ် တဲ့အတွက် ရန်ကုန်တက္ကသိုလ်ရဲ့ ရွှေရတု သဘင်ကို ခြိမ့်ခြိမ့်သဲ ကျင်းပကြတယ်။ လုပ်သား များကောလိပ်က ကျွန်တော့်အစီအစဉ်နဲ့ မင်းသားပြိုင်၊ အငြိမ့်၊ ရုပ်ကြီးစင်၊ ယိမ်းစတဲ့ အစီအစဉ်လေးခုကို ကျွန်တော့်ဖခင် ဦးရွှေဒေါင်း ညိုနဲ့ အစ်မဖြစ်သူ ယိုးဒယားအမာစိန်တို့ အကူအညီနဲ့ ကျွန်တော်ကိုယ်တိုင်မင်းသား အဖြစ် ပါဝင်ကပြခဲ့တယ်။
၁၉၇၇ ခုနှစ်မှာ လုံးချင်းဝတ္ထုဖြစ်တဲ့ “လင်္ကာဒီပချစ်သူ” စာအုပ်ထွက်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝမှာ စာဖတ်တယ်။ အနုပညာအသင်းမှာ ကျင်လည်တယ်။ တက္ကသိုလ်စာကြည့်တိုက်ကြီးကို အသုံးချပြီး ဆရာဇော်ဂျီကို ခဏခဏသွားကြည့်တယ်။ မှတ်မှတ်ရရ ပုံရိပ်ဆိုရင် ၁၉၆၄ ခုနှစ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်တယ်။ ဦးသန့်အရေးအခင်းကြုံခဲ့ရတယ်။ အဖမ်းမခံရ အောင် ထွက်ပြေးခဲ့ရတာပေါ့။
နောက်မှတ်မှတ်ရရကတော့ တစ်ကျောင်း လုံး မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဘွဲ့နှင်း သဘင်ခန်းမကြီးမှာ ကျင်းပတဲ့အခါမှာ တက္ကသိုလ်အနုပညာအသင်းက ဖျော်ဖြေရ တယ်။ အဲဒီမှာ ကျွန်တော်ကခြောက်လုံးပတ် တီးပြီး အကော်ဒီယံလည်း ဆွဲသေးတယ်။ ဆရာ ဦးကိုယု၊ ဒေါက်တာကျော်စိန်နဲ့ ဆရာမ ဒေါ်သိန်းတင်တို့က “ဘိလပ်ပြန်မောင်သောင်း ဖေ” ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ်ကို ကခဲ့တာ ယနေ့တိုင် အမှတ်ရစရာပါပဲ။ အင်မတန်လည်း ကောင်းပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ရင် အမှတ်တရတွေဆိုတာ ကျောင်း သားတိုင်းမှာ ရှိကြမှာပါ။ ညဘက်ဆိုရင် ရတနာ အဆောင်မှာ ပတ္တလားနဲ့ သီချင်းဆိုတယ်။ ဒေါ့ဂျစ်ကားပေါ်မှာ စန္ဒရားကြီးတင်ပြီး ဆိုကြ တယ်။ အမှတ်ရစရာတွေပေါ့။
အဲဒီအချိန် ကျောင်းသားဘဝမှာ ဆရာကြီး မန်းတက္ကသိုလ်ရဲ့ “ရှေ့သို့”ဆိုတဲ့ဝတ္ထု ခေတ်စား တယ်။ ပြီးတော့ဆရာပါရဂူရဲ့ ဝတ္ထုတွေ၊ ဆရာ မြသန်းတင့်ရဲ့ အနောက်ဝတ္ထုတွေ၊ ဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ဝတ္ထု၊ တက္ကသိုလ်နောက်ခံဖြစ် တဲ့ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေ၊ ဆရာကြီး တက္ကသိုလ်ခင်မောင်အေးရဲ့ တက္ကသိုလ်နောက်ခံဝတ္ထုတွေဟာ ကျောင်းသား တွေကို အင်မတန်ဖမ်းစားခဲ့တာပေါ့ဗျာ။ ၂၀၂၀ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ဟာ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီပေါ့နော်။ ၁၉၂၀ ပြည့်နှစ် မှာ စတင်လှုပ်ရှားခဲ့တဲ့ ပထမကျောင်းသား သပိတ်သမိုင်းကို အားလုံးသိသင့်တယ်။ အထူး သဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူနဲ့ ဆရာ ဆရာမတွေ ပိုသိသင့်ပါတယ်။
၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်ဟာ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုရင် ပထမ မှာ ပညာရေးမူဝါဒနဲ့ပတ်သက်ပြီး ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားတွေလှုပ်ရှားခဲ့ကြတာ။နောက်ပိုင်းမှာ နိုင်ငံရေးအနှစ်သာရ အသွင်ကို ယူပြီး ကိုလိုနီစနစ်အောက်က ရုန်းထွက်ရေး၊ အမျိုးသားလွတ်မြောက်ရေးနဲ့ နယ်ချဲ့ဆန့်ကျင် ရေးဆိုတဲ့အဆင့်ထိ ရောက်လာတဲ့အတွက် ဒီတက္ကသိုလ်ကြီးရဲ့ အစဉ်အလာဟာ အင်မတန် ကြီးမားပါတယ်။ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ အမျိုးသားနေ့ဖြစ်ပေါ်လာတာဟာ လည်း ဒီတက္ကသိုလ်သပိတ်စတင်မှောက်တဲ့နေ့ပါပဲ။
အင်မတန် တန်ဖိုးကြီးတာကြောင့် အဲဒီ ကျေးဇူးကို မမေ့မပျောက်ဘဲ တက္ကသိုလ် ရာပြည့်မှာ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကစာပေဖြစ်စေ၊ အနုပညာဖြစ်စေ၊ မိမိတတ်ကျွမ်း ရာတစ်ခုခုနဲ့ဖြစ်စေ တိုင်းပြည်နဲ့လူမျိုးအတွက် အကောင်းဆုံးဖြစ်အောင်၊ တက္ကသိုလ်ရဲ့ပုံရိပ် ကြီး အကောင်းဆုံးလှပအောင် ထမ်းဆောင် ကြဖို့ အရေးကြီးပါတယ်။ ခေတ်ပြိုင်စာရေး ဆရာတွေဆိုရင် ဆရာနန္ဒာသိန်းဇံ၊ ဆရာမောင် ဝဏ္ဏ၊ ဆရာမင်းလူတို့ပါပဲ။ ယနေ့အထိ ရသ စာပေကို ဆက်လက်ရေးနေတဲ့ ဆရာမြဝင်း (ဒဿန)၊ ဆရာမောင်ကြည်သစ်တို့လည်း ဒဿနိကဗေဒထွက်တွေဖြစ်ပြီး စာရေးကြတဲ့ စာရေးဆရာတွေပါပဲ။
ဒါရိုက်တာညီညီထွန်းလွင်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ
ကျွန်တော် ၁၉၆၉ ခုနှစ်မှာ ၁၀တန်း စာမေးပွဲ အောင်ပြီး ရူပဗေဒဘာသာ အဓိကယူခဲ့တယ်။ ၁၉၇၃ ခုနှစ် ရာဇူးမှာ ကျောင်းပြီးပါတယ်။
၁၉၆၉-၁၉၇၃ ခုနှစ် ရာဇူး Physic Major ရွှေရတုသဘင်ပွဲကို သစ်ပုပ်ပင်ကြီးနဲ့အမှတ် တရနေရာတွေမှာ ဓာတ်ပုံရိုက်ပြီး စိမ်းလန်းစို ပြည်မှာ စားသောက်ပွဲကျင်းပခဲ့တယ်။ ရန်ကုန် တက္ကသိုလ်မှာ ရင်ငွေ့လှုံခဲ့ရတာဆိုပေမယ့် စာပေနဲ့ နည်းနည်းဝေးတယ်လို့ ဆိုရမယ်။ နောက်ဆုံးနှစ်မှာ ကျောင်းသားဇာတ်ဝင်ခန်း အဖြစ် ထွန်းထွန်းဝင်းနဲ့အတူ ပထမဆုံးပါဝင် ခဲ့ပါတယ်။ ကျောင်းဆရာအဖြစ် ကိုဇော်လင်း နဲ့ မင်းသမီး ခင်သီတာထွန်းပေါ့။ ဖက်ဖူးရောင် ဇာတ်ကားမှာ ကျောင်းသားဆိုးအဖြစ် အင်္ကျီ သုံးထည်ဆင်တူဝတ်ပြီး ပြင်ဦးလွင်အပါအဝင် ရုပ်ရှင်စရိုက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းဇာတ်ညွှန်း ပဲရေးဖြစ်တယ်။ ဆရာတင်အောင်မြင့်ဦးထံမှာ တပည့်ခံရင်း တောက်တိုမည်ရဇာတ်ကားကူး၊ ဇာတ်ကားဆက်၊ ရိုက်ကွင်းမှာမှတ်တမ်းရေး၊ ကလက်ရိုက်၊ ဇာတ်ညွှန်းရေးလုပ်ရင်း ပညာ ယူခဲ့ရတယ်။ အများဆုံးရုပ်ရှင်ဇာတ်ညွှန်းပဲနီးစပ်ခဲ့တယ်။
ကျွန်တော်တို့ ကျောင်းသားဘဝမှာ သတိရတာက ဆရာမောင်ပန်းမွှေးကဗျာတွေ နဲ့ပဲ လူလားမြောက်လာတယ်လို့ပြောရမယ်။ ဆရာမောင်ပန်းမွှေးကဗျာတွေက ပို့စကတ်မှာ အမြဲပါတယ်။ ဗိုလ်ချုပ်ဈေးအဝင်နဲ့ ရန်ကုန် မြို့ထဲကဆိုင်တွေမှာ ဘယ်ဆိုင်ဖြစ်ဖြစ် မောင်ပန်းမွှေးကဗျာ အကုန်ရတယ်။ ဆရာ မောင်ပန်းမွှေးကဗျာနဲ့မှ ကျောင်းသူတွေကို မပေးနိုင်ရင် ခေတ်မမီသလို အဲဒီအချိန်ကဖြစ် ခဲ့တယ်။ ပို့စကတ်မှာပါတဲ့ ကဗျာလေး သုံးကြောင်းဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသား ထုရဲ့ရင်ကို ကိုင်လှုပ်ပြီး ဖမ်းစားခဲ့တာဆိုတော့ အဲဒီအချိန်က ကျောင်းသားတွေ ယနေ့တိုင် မှတ်မိကြမှာပါ။
ဆရာချစ်ဦးညိုဆိုရင် ရုပ်ပြစာအုပ်ဖြစ်တဲ့ လင်္ကာဒီပချစ်သူစာအုပ်ကို ပန်းချီမြိတ်ဝင်းထိန် ရေးဆွဲပြီး ဖတ်ရတာဟာ ကျောင်းသားထုတစ်ခု လုံးမကဘူး မြန်မာတစ်ပြည်လုံး ကြိုက်နှစ် သက်ခဲ့ကြတယ်။ မှတ်မှတ်ရရပေါ့လေ။ ကျွန်တော်တို့က ရာမဇာတ်တော်မှာ ဒဿဂီရိ ဘီလူးကိုမုန်းခဲ့တာ၊ လူကြမ်းကြီးအဖြစ် သိ ခဲ့တာ။ ဆရာချစ်ဦးညိုရေးလိုက်တာ ဒဿဂီရိ ဟာ အချစ်သူရဲကောင်းဖြစ်သွားတယ်ဆိုတော့ရန်ကုန်တက္ကသိုလ်ကို တော်တော်ကိုင်လှုပ်ပြီးကျောင်းသား ကျောင်းသူတွေရင်ထဲမှာ အံ့ဩ ပြီး သဘောကျစေခဲ့တယ်။ တက္ကသိုလ်ကျောင်း သားဘဝမှာ အမှတ်ရစရာတွေထဲမှာ ဆရာ မောင်ပန်းမွှေးကဗျာနဲ့ ဆရာချစ်ဦးညိုရဲ့လင်္ကာ ဒီပချစ်သူရုပ်ပြစာအုပ်ကတော့ ယနေ့တိုင် ပုံရိပ်အဖြစ် ရှင်သန်နေပါတယ်။
ကျောင်းသားဘဝမှာ ကျောင်းသား ကျောင်းသူတွေ အလုအယက်ဖတ်ရတာက ဆရာမောင်သာရစာအုပ်တွေပဲ။ ဆရာ မောင်သာရ ဝတ္ထုကို မဖတ်ရင် ခေတ်မမီဘူးဖြစ်ခဲ့တယ်။ မတ်တတ်ရပ်၍ လမ်းမှာငို၊ မျိုးမမပကာသနီ စာအုပ်တွေအပါအဝင် စာအုပ်အားလုံးကို စွဲစွဲ လမ်းလမ်းနဲ့ ကျွန်တော်အပါအဝင် ကျောင်းသား တွေဖတ်ခဲ့ကြတယ်။ အခြားစာရေးဆရာတွေရေးတဲ့ဘဝသရုပ်ဖော်တွေ၊ နိုင်ငံရေးစာပေတွေ ရှိတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်ရင် မှတ်မှတ်ရရအဖြစ် ကျောင်းသားအားလုံး ရင်ထဲမှာ ကျန်ရစ်ကြမှာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကျောင်းထဲကို ရောက်သေးတယ်။ အပြောင်းအလဲမရှိပေမယ့် သစ်ပင်ခုတ်တယ်ကြားလို့ သစ်ပုပ်ပင်ကြီး ကျန်သေးသလားဆိုပြီး သူငယ်ချင်းအချင်းချင်း နောက်ပြောင်ရင်း ရောက်ခဲ့သေးတယ်။ ကျောင်း ကြီးက စိမ်းလန်းစိုပြည်တုန်းပါပဲ။ အီကိုကင် တင်န်းကိုသွားတဲ့ စင်္ကြံလမ်းကတော့ ကျွန် တော်တို့ခေတ်လို ဟာလာဟင်းလင်းကြီး မဟုတ် တော့ဘူး။ တစ်ခုတော့ရှိမယ်။ ရန်ကုန်တက္ကသိုလ် ဝင်းထဲမှာ တံတိုင်းတွေခတ်တာတော့ ခံစားလို့ မရဘူး။ တက္ကသိုလ် အပန်းဖြေရိပ်သာ နောက် မှာ ဝင်းတံတိုင်းတွေခတ်တာကိုတော့ သဘော မကျကြဘူး။ ရန်ကုန်တက္ကသိုလ်ကြီးအတွင်းမှာ လွတ်လွတ်လပ်လပ်သွားလာလို့ရအောင် ယခင် ကတည်းက ဝင်းခတ်တာမရှိခဲ့ဘူး။ ကြုံလို့ ပြော ပြတာပါ။ လူမှုကွန်ရက်တွေမှာလည်း တွေ့ရ မှာပါ။ ရန်ကုန်တက္ကသိုလ်ကြီး နှစ်ရာပြည့်ပွဲဟာ တစ်ကြိမ်ပဲ ကြုံဆုံရတဲ့ပွဲဖြစ်တဲ့အပြင် အစဉ် အလာကြီးမားတဲ့ ကျောင်းတော်ကြီးဖြစ်တာ ကြောင့် အားလုံးဝိုင်းဝန်းပြီး ကဏ္ဍနယ်ပယ် အသီးသီးကနေ ပူးပေါင်းမှုနဲ့ သမိုင်းမှတ်တိုင် စိုက်ထူစေလိုပါကြောင်း ဆန္ဒပြုလိုက်ပါတယ်။
ဆရာမ နုနုရည်(အင်း၀ )
ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်တည်ထောင် တာဆိုတော့၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် နေ့ဆိုရင် နှစ်(၁၀၀) ပြည့်ခဲ့ပြီ။နှစ်(၁၀၀)ပြည့် မြောက်ခဲ့တဲ့ တက္ကသိုလ်ဆိုတဲ့ဝေါဟာရနဲ့အတူ တက္ကသိုလ်ဆိုင်ရာ အခြားဝေါဟာရများ အကြောင်းကို ကျွန်မတို့ ဆရာ ဆရာတိုက် (ဆရာတိုက်စိုး)ရဲ့ “တက္ကသိုလ်ဆိုင်ရာ ဝေါဟာရ ဘာသာပြန်အစ”ဆိုတဲ့ ဆောင်းပါးလေးထဲမှာ တွေ့တာလေးကို မျှဝေချင်ပါတယ်။
တက္ကသိုလ်ဆိုတာကို ယခင်က ယူနီ ဗာစီတီလို့ပဲ အင်္ဂလိပ်ဘာသာကနေ တိုက်ရိုက်အသံထွက်ပြီး ရန်ကုန်ယူနီဗာစီတီ လို့ပဲ ခေါ်ဝေါ်ခဲ့ကြပါတယ်။ တချို့ကလည်း သိပ္ပံကျောင်းတော်ကြီး၊ မဟာသိပ္ပံကျောင်းတော်ကြီးလို့လည်း ခပ်ရောရော သုံးနှုန်းခဲ့ကြ ဖူးပါတယ်။ ၁၉၃၀ ပြည့်နှစ် စက်တင်ဘာလ၂၇ ရက်နေ့ ပင်းယဆောင်မှာ ကျင်းပခဲ့တဲ့ ပညာရှင်တွေရဲ့ အင်္ဂလိပ်ဝေါဟာရတွေကို မြန်မာပြန်ဆိုရေး အစည်းအဝေးကနေပြီး ယူနီဗာစီတီကို တက္ကသိုလ်လို့မြန်မာမှုပြုခဲ့ပါ တယ်။ တက္ကသိုလ်ဆိုတာ တက္ကသီလဆိုတဲ့ ပါဠိစကားကို မြန်မာပြုထားတာဖြစ်ပြီး “လိုရာဖြည့်ဆည်းခြင်း”လို့ အဓိပ္ပာယ် ထွက် ပါသတဲ့။ အဲဒီတက္ကသီလဆိုတဲ့ တက္ကသိုလ်ရဲ့ အဓိပ္ပာယ်ကို ဆရာဇော်ဂျီကတော့ တက္ကသိုလ် ဆိုတာ ဘာသာရပ်ဆိုင်ရာ ပညာတွေကိုသာ သင်ကြားပေးတဲ့နေရာမဟုတ်ဘဲ ကိုယ်ကျင့် သီလနဲ့ ရင့်ကျက်မှုကိုပါ သင်ကြားပေးတဲ့ နေရာလို့ ဖွင့်ဆိုခဲ့ပါတယ်။
ရန်ကုန်ယူနီဗာစီတီ (သို့မဟုတ်) ရန်ကုန်တက္ကသိုလ်ကြီးဟာ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ နှစ်ပေါင်း(၁၀၀)ပြည့်ပါတော့ မယ်။ ၁၉၈၂- ၁၉၈၃ ခုနှစ် စာကြည့်တိုက် ပညာ ဒီပလိုမာ ကျောင်းသူတစ်ဦးအနေနဲ့ ပညာရင်နို့သောက်စို့ဖူးခဲ့တဲ့ အမိတက္ကသိုလ် ရဲ့ရာပြည့်ပွဲကို ရန်ကုန်တက္ကသိုလ် နှစ်(၅၀)ပြည့်ရွှေရတုအခါမှာ ဆရာအောင်ပြည့်ရဲ့ ဆုတောင်းလေးအတိုင်း ဆုတောင်းပေးလိုပါ တယ်။ ဟိသစ္စအမှန်ဆိုခြင်းသည် စကားများ ကြောင့် နောင်အနှစ်ငါးဆယ်ကြာမြသီတာ အရှင်၏ “ရာပြည့်ပွဲ”သည် ယခုထက်၊ ထက်ကဲ ခြိမ့်ခြိမ့်သဲသဲပါစေသတည်းလို့ ဆုမွန်ကောင်းခြွေလိုပါတယ်။
နိုင်ငံအသီးသီးတွင် ထိုနိုင်ငံကိုယ်စား ပြု တက္ကသိုလ်ကြီးများရှိကြပြီး ထိုကျောင်း များသည် မိခင်နိုင်ငံကိုသာမက ကမ္ဘာကို ကျော်စေသည်အထိ ဂုဏ်ရှိန်ကြီးသော တက္ကသိုလ်များလည်း ရှိကြပါသည်။ ရန်ကုန် တက္ကသိုလ်သည် တစ်ချိန်က ကမ္ဘာကျော်ခဲ့ သော ကျောင်းတော်ကြီးဖြစ်ခဲ့သည်။ ယနေ့ အခါတွင် ထိုကျောင်းတော်ကြီးမှာ သက်တမ်း နှစ်(၁၀၀)ပြည့်နှင့် ကြုံကြိုက်ခွင့်ရရှိမှုသည် ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။
ထိုတက္ကသိုလ်ကြီးတွင် ပညာသင်ကြား ပြီး ဘဝဖြတ်သန်းခဲ့ကြသော ကျောင်းသား ဟောင်းကြီးများမှာ တိုင်းပြည်တာဝန်ကိုထမ်း ဆောင်ခဲ့၊ ထမ်းဆောင်နေသူများရှိသလို ပြည်ပ တွင်ရောက်ရှိနေသူများလည်းရှိသည်။ မျိုးဆက် သစ်များကိုလည်း ကျောင်းတော်ကြီးမှ ဆက်လက် မွေးထုတ်ပေးလျက်ရှိသည်။ သို့ဖြစ်၍ ရန်ကုန်တက္ကသိုလ် ရာပြည့်မှ သည်နှစ်ရာပေါင်းများစွာ အဓွန့်ရှည် တည်တံ့ လျက် ဂုဏ်သတင်း သင်းပျံ့ပါစေကြောင်း။
- Log in to post comments