ဗုဒ္ဓဘာသာသည် ခရစ်တော်မပေါ်မီ (ဘီစီ) ၅၈၈ တွင် ပေါ်ထွန်း ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၂၆၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ အိန္ဒိယ တိုက်ငယ်မှစတင် ပေါ်ထွန်းလာခဲ့သည့် ဗုဒ္ဓဘာသာသည် လူသား တို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားတစ်ခုအဖြစ် အာရှနှင့် ကမ္ဘာ့ဒေသအချို့သို့ ပျံ့နှံ့ရောက်ရှိခဲ့သလို နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဘာသာရေးသမိုင်းတစ်လျှောက် နိမ့်တုံ၊ မြင့်တုံလောကဓမ္မကို ကြိမ်ဖန်များစွာ ကြုံတွေ့ဖြတ်သန်းခဲ့ရသည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကာလမှာရော ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံပြီးသည့်နောက်တွင်ပါ ဗုဒ္ဓဘာသာသည် လည်းကောင်း၊ ယုံကြည်ကိုးကွယ်သူဗုဒ္ဓဘာသာဝင်များသည် လည်းကောင်း၊ ဗုဒ္ဓသာသနိကဆိုင်ရာ စေတီ ပုထိုး ဘုရားဆင်းတု ကျောင်းကန်ဇရပ်များသည်လည်းကောင်း သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်ဖျက်ဆီးမှုများ အကြိမ်ကြိမ်ခံခဲ့ကြရဖူးသည်မှာ မျက်မှောက် ခေတ်ကာလထိတိုင်ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့၏အမြင့်မားဆုံးသော၊ အဆုံးစွန်သောရည်မှန်း ချက်ပန်းတိုင်မှာ နိဗ္ဗာန်ဟုခေါ်သည့် ငြိမ်သက်ငြိမ်းအေးမှုဖြစ် သည်။ ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သူတို့သည် မကောင်းမှု ဟူသမျှတို့ကို ရှောင်ကြဉ်ရန်၊ ကောင်းမှုဟူသမျှတို့ကို ပြုလုပ်ကြ ရန်၊ စိတ်နှလုံးဖြူစင်ဖြောင့်မတ်စေရန် အားထုတ်ကြိုးပမ်းကြရ သည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် ဘဝကို လျှောက်လှမ်း ရာတွင် ကုသိုလ်ကမ္မပထတရား ၁၀ ပါးတို့ကိုလည်း ကျင့်ကြံ ကြိုးကုတ်အားထုတ်လုပ်ဆောင်ကြခြင်းအားဖြင့် လူဖြစ်ရကျိုး နပ်စေရန် ဆောင်ရွက်ကြရသည်။ လူကောင်းတစ်ယောက်ဖြစ် လာမှသာ လူဖြစ်ရကျိုးနပ်သည့်အလျောက် လူကောင်းတစ်ယောက် ဖြစ်လာဖို့ အားထုတ်ကြရသည်။ စိတ်ကောင်း၊ နှလုံးကောင်း၊ ကောင်းမြတ်သည့်အရည်အချင်းများနှင့် ပြည့်စုံလာစေရန် ကြိုးစား ကြရသည်။
လူကောင်းတစ်ယောက်ဖြစ်လာသည့်အခါ ထိုသူသည် လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးဆောင်သူ၊ မိမိကဲ့သို့ပင် လူ့လောကတွင် ရှင်သန်နေသူချင်းအတူတူတို့အပေါ် ကောင်းစေ လိုသည့် မေတ္တာစိတ်ရှိသူအဖြစ်ဖြင့် အကျိုးပြုသည်။ တစ်ဖန် အကြောင်းအရာတစ်ခုခုကြောင့် နိမ့်ကျနေသူ၊ ဒုက္ခရောက်သူတို့ အပေါ်တွင် ကရုဏာစိတ်ဖြင့် ဖေးမကူညီတတ်ကြပြန်သည်။ ဆင်းရဲဒုက္ခရောက်သူတို့အပေါ်၊ နိမ့်ကျနေသူတို့အပေါ် ဆင်းရဲဒုက္ခ မှ လွတ်မြောက်စေရန် တတ်နိုင်သမျှ စောင့်ရှောက်ကယ်မခြင်း သည် သူတော်ကောင်းတို့၏ အရည်အချင်းတစ်ရပ်ပင်ဖြစ်သည်။ ထို့အပြင် မိမိထက် ပိုမိုအောင်မြင်ကြီးပွားတိုးတက်သူတို့ကို တွေ့မြင်လာပါကလည်း ကျေနပ်ဝမ်းမြောက်ခြင်း၊ မိမိကိုယ်တိုင် အောင်မြင်ကြီးပွားတိုးတက်သကဲ့သို့ ဝမ်းသာခြင်းသည် သူတော် ကောင်းအရည်အချင်းပင် ဖြစ်သည်။ နောက်တစ်ခုမှာ ဥပက္ခာဖြစ် ပြီး မိမိကိုဆန့်ကျင်သူ၊ ပမာမခန့်ပြုသူ၊ မိမိကမည်မျှပင်ကောင်း ကျိုးပြုစေကာမူ မကောင်းသည့်ဓာတ်ခံဖြင့် တုံ့ပြန်သူတို့၏ အပြု အမူများအပေါ် သည်းခံခွင့်လွှတ်ခြင်းဖြင့် ဥပေက္ခာပြုခြင်းပင် ဖြစ်ပြီး လူကောင်း၊ သူကောင်းတို့က ဖော်ပြပါအရည်အချင်းများ၊ လောကကိုစောင့်ရှောက်သည့်တရားများဖြင့် ကောင်းကျိုးပြုကြ သည်။ ဗုဒ္ဓဘာသာသည်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တို့သည် လည်းကောင်း လောကလူ့ဘုံအပေါ် မည်မျှအကျိုးပြုစေကာမူ ဖျက်ဆီးမှု၊ စော်ကားမှု၊ တိုက်ခိုက်မှုတို့ကား ခေတ်ကာလတိုင်း တွင် ရှိစမြဲ။
ယခုလည်း ဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း၊ ကာယကံ၊ ဝစီကံ၊ မနောကံ ဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမှုများစွာတို့ကို စိတ်နှလုံးမချမ်းမြေ့ဖွယ် တွေ့မြင်ကြားသိနေရသည်။ အပြုအမူတိုင်းအတွက် အကျိုးရလဒ် ဟူသည် ထွက်ပေါ်လာစမြဲဖြစ်သည်။ ကံနှင့် ကံ၏အကျိုးဟူသည် နွား၏ခြေရာနောက်သို့ လှည်းဘီးက တစ်ထပ်တည်းလိုက်သကဲ့သို့ ပင်ဖြစ်သည်။ မိမိစိုက်ပျိုးသမျှ မိမိရိတ်သိမ်းရသည်ဟူ၍လည်း အခြားဘာသာတရားတွင် ပြဆိုထားသည်။ လူအများအပြားတို့ ၏ စိတ်နှလုံးကိုထိခိုက်စေခြင်း၊ မချမ်းမြေ့စေခြင်း၊ ဝမ်းနည်း ကြေကွဲစေခြင်းသည် ကြီးမားလှစွာသော အကုသိုလ် ဒုစရိုက် အမှုပြုခြင်းပင်ဖြစ်ရာ မျက်မှောက်ဘဝတွင်ရော သံသရာ၌ ပါ ကြီးမားစွာပေးဆပ်ကြရစမြဲဟူ၍ သံဝေဂ ယူနိုင်ကြပါစေ ကြောင်း။ ။