နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း

 

သန်းခေါင်စာရင်း   ကောက်ယူခြင်းဟူသည်   နိုင်ငံတစ်နိုင်ငံတွင် အချိန်ကာလတစ်ခု၌ ရှိနေသည့် လူဦးရေနှင့် လူမှုစီးပွားရေး ဆိုင်ရာ သတင်းအချက်အလက်များကို ရယူခြင်းပင်ဖြစ်သည်။ အဆိုပါ အချက်အလက်များသည် နိုင်ငံတော်အစိုးရနှင့် အချက် အလက်အသုံးပြုသူများအတွက် မရှိမဖြစ်လိုအပ်ပြီး စီမံကိန်းများ ရေးဆွဲခြင်း၊ မူဝါဒချမှတ်ခြင်းတို့ ဆောင်ရွက်ရာတွင် အသုံးပြုကြ ရခြင်းဖြစ်သည်။ နိုင်ငံတော်၏ ဘတ်ဂျက်ခွဲဝေမှု၊ ကျောင်း၊ ဆေးရုံ၊ လမ်းတံတားများ တည်ဆောက်မှုတို့ အပါအဝင် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများ  ရေးဆွဲအကောင်အထည်ဖော်ခြင်းနှင့်  ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ        ဆန်းစစ်လေ့လာမှုတို့အတွက်လည်း အထောက်အပံ့ဖြစ်စေသည်။ 


လူဦးရေသတင်းအချက်အလက်ဆိုင်ရာ  သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံအသီးသီးတို့တွင် ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်း ကောက်ယူမှုသမိုင်းတွင် ရှေးမြန်မာဘုရင်များ လက်ထက် ကပင် အခွန်ကောက်ခံရေးနှင့် စစ်မှုထမ်းဆောင်ရေးတို့အတွက် သန်းခေါင်စာရင်းကောက်ယူမှုဆန်သည့် စစ်တမ်းကောက်ယူမှု များ ပြုလုပ်ခဲ့ကြပြီး ကိုလိုနီနိုင်ငံဘဝတွင်လည်း နယ်ချဲ့အစိုးရ က   ၁၀  နှစ်တစ်ကြိမ်   သန်းခေါင်စာရင်း   ကောက်ယူခဲ့သည်။ လွတ်လပ်ရေးရပြီးခေတ်တွင် ၁၉၇၃ ခုနှစ်တွင်မှ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့ပြီး နောက် ၁၀ နှစ်အကြာ ၁၉၈၃ ခုနှစ်တွင်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း ထပ်မံ ကောက်ယူခဲ့သည်။ သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၁၈၉၁ ခုနှစ်တွင် ရှစ်သန်းကျော်၊ ၁၉၁၁ ခုနှစ်တွင် ၁၂ သန်းကျော်၊ ၁၉၂၁ ခုနှစ်တွင် ၁၃ သန်းကျော်၊ ၁၉၃၁ ခုနှစ်တွင် ၁၄ သန်းကျော်နှင့် ၁၉၄၁ ခုနှစ်တွင် ၁၆ သန်းကျော်ရှိခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် လူဦးရေ ၂၉ သန်းခန့်နှင့် ၁၉၈၃ ခုနှစ်တွင် ၃၅ သန်း ကျော်ရှိခဲ့သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၁ ဒသမ ၄၉ သန်းဖြစ်ပြီး လူဦးရေတိုးနှုန်း ၀ ဒသမ ၈၉ ရာခိုင်နှုန်း ရှိသည်။


၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းသည် ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့ပြီဖြစ်ရာ ကွဲလွဲမှုများ၊ အပြောင်းအလဲများရှိနေပြီဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် “၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သန်းခေါင် စာရင်းမှ ရရှိတဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ က  ကျွန်တော်တို့နိုင်ငံရဲ့  လူမှုရေး၊  စီးပွားရေး၊  စီမံခန့်ခွဲရေး ကိစ္စရပ်များမှာ အကျိုးရှိရှိလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်တဲ့ မဲစာရင်းများ မှန်ကန်ပြည့်စုံရေးမှာလည်း    အသုံးပြုမှာဖြစ်ပါတယ်”   ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။ 


ယခုအခါ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပြီ ဖြစ်သည်။ ယခုနှစ် သန်းခေါင်စာရင်း၏ ရည်ညွှန်းချိန်ကို လာမည့် စက်တင်ဘာလ ၃၀ ရက် ည သန်းခေါင်ယံအချိန်ကို သတ်မှတ် ထားပြီး ရည်ညွှန်းချိန်၏ နောက်တစ်နေ့ဖြစ်သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ စုစုပေါင်း ၁၅ ရက်ကြာ ကောက်ယူသွားမည်ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး        ဖြစ်ပေါ်စေရေး အတွက် လွန်စွာအရေးပါသည့် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းကြီးတွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရပါမည့် အကြောင်း။         ။