ပန္နရသမ(၁၅)ကြိမ်မြောက်မှ...သည်

Type
Image not available
 
 
မြင့်စိုး (နတလ)
 
လေးမျက်နှာက နဝမအကြိမ်
 
ရန်ကုန်မြို့တော်ကြီးကနေ နံနက်၆နာရီ ၁၅မိနစ်အချိန် စတင်ထွက်ခွာခဲ့ကြသည်။ ထွက်ခွာခဲ့ကြသည်ဟု ပြောရ ခြင်းမှာလည်း ယခုတစ်ခေါက် မွေးရပ်မြေ ဧရာဝတီတိုင်း ဒေသကြီးခရီးစဉ်၌ ကျွန်တော်နှင့်အတူ ညီတော်မောင် တစ်ဦး လိုက်ပါလာ၍ဖြစ်သည်။ သူ့နာမည်က ကိုမောင်မောင်မြင့် အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ကျောင်းဆင်းတစ်ဦး။ သို့သော် ငယ်ရွယ် တက်ကြွသည့် လူငယ်ဘဝမှာပဲ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ရန်သူဗကပများနှင့် ရင်ဆိုင် ခဲ့ရသော တိုက်ပွဲတစ်ခု၌ လက်နက်ငယ်ကျည်ထိမှန်ပြီး မျက်စိနှစ်ကွင်း အလင်းကွယ်ခဲ့သည်မှာ ကြာပေပြီ။ သို့တစေ စိတ်ဓာတ်ကအလွန်မာကျောသဖြင့် တပ်မတော် အသိုင်းအဝိုင်းတွင် လူချစ်လူခင်ပေါများသူတစ်ယောက် ပီပီ သူတစ်ပါး၏အကူအညီကို မယူတတ်ဘဲ သူကသာ လူတော်တော်များများကို ကူညီခဲ့သူဖြစ်၏။ မှတ်ဉာဏ်က လည်း ကောင်းမှကောင်း။ ခရီးစထွက်မည့် နံနက်မှာပင် သူပြောလိုက်တာက အစ်ကိုကြီး ကျွန်တော့်ကို မြောက် ဒဂုံအိမ်ရာ လာမခေါ်နဲ့တော့၊ အသိတစ်ယောက်ကားနဲ့ လိုက်ပို့ခိုင်းပြီး တောင်ဥက္ကလာ(၃၁)ကားဂိတ်နားက ပန်းဟေဝန်လက်ဖက်ရည်ဆိုင်မှာ စောင့်နေမည်ဆိုပဲ။ သူ့ကိုခေါ်သွားပြီး ဟင်္သာတမြို့က သူ၏မိခင်ကြီးအိမ်မှာ ထားခဲ့ဖို့ပဲဖြစ်ပါသည်။ ကျွန်တော်က တလုတ္ထော်လမ်းခွဲမှ တစ်ဆင့် လေးမျက်နှာမြို့လေးရှိရာသို့ ဆက်လက် မောင်းနှင်ထွက်ခွာခဲ့ပါသည်။
 
လေးမျက်နှာမြို့တွင် အထက၊ အလကကျောင်းများ ၏ မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပလာခဲ့သည်မှာ နဝမအကြိမ်သို့ တိုင်ခဲ့ပေပြီ။ ကျွန်တော်က လှော်ကထား အလကမှာ ရှစ်တန်းအောင်ပြီး ဘယ်မြို့ဘယ်ရွာကိုမျှ မသွားနိုင်သောကြောင့် လေးမျက်နှာပရဟိတကျောင်း၌ နေထိုင်ကာ လေးမျက်နှာအထက (အမျိုးသားနေရှင်နယ် ကျောင်းကြီး) မှာ ကိုးတန်းနှင့် (၁၀)တန်းကို တက်ရောက် သင်ကြားခဲ့သူဖြစ်သည်။ အမျိုးသားနေရှင်နယ်ကျောင်း ကြီးလည်း ၁၉၉၃ခုနှစ်လောက်ကတည်းက ငဝန်မြစ် ကမ်းပြိုသည့်နောက်သို့ ပါသွားခဲ့ပြီဖြစ်၍ ယခုအခါ ငဝန်မြစ်အရှေ့ဘက်ကမ်း၌ တည်ထားသော လေးမျက်နှာမြို့သစ် အထကမှာ မြတ်ဆရာပူဇော်ပွဲများ ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဆရာကန်တော့ပွဲသို့ ဆရာကြီး ဆရာမကြီးများ ကြွရောက်ကန်တော့ခံကြရာ တွင် အသက် ၈၀ နှင့်အထက် ဆရာကြီးတစ်ဦး၊ ဆရာမ ကြီးနှစ်ဦးတို့ ပါဝင်ခဲ့၏။
 
မြတ်စေတနာ အခမဲ့ဆေးခန်း
 
လေးမျက်နှာမြို့ထဲမှာ ကျွန်တော့်ညီ၏အိမ် ရှိသော်လည်း သွားမတည်းဖြစ်ခဲ့ပါ။ ကျောင်းနေဖက် သူငယ်ချင်း ဦးဌေးဝင်းနှင့် ဦးသန်းဦးတို့ကိုပါခေါ်၍ ပရဟိတကျောင်းမှာပဲ တစ်ညအိပ်ခဲ့သည်။ ကိုးတန်း၊ ၁၀ တန်း အထက်တန်းကျောင်းသားကြီးများအနေဖြင့် ကျန်သောအတန်းစဉ်မှ တိုင်းရင်းသားကလေးငယ်များကို ဦးဆောင်၍ လယ်စိုက်ချိန်မှာလယ်စိုက်၊ ပဲစိုက်ချိန်မှာ ပဲ၊ မိုးတွင်းဘက်အချိန်မှာ လှေများဖြင့် ကန်စွန်းရွက်ခူး၊ နွေရာသီကျောင်းပိတ်ရက်မှာ လေးမျက်နှာ အနောက် ခြမ်းကျေးရွာများသို့သွား၍ မန်ကျည်းပင်များလှဲကာ ထင်းခွဲ အစရှိသည့်လုပ်ငန်းများကိုလုပ်ရင်း ဘဝအတွေ့အကြုံရခဲ့ ပုံတွေကို သတိရမိသေးတော့။ လေးမျက်နှာ အထက၊ အလက ကျောင်းများ၏ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားက ထိုနေ့(ဒီဇင်ဘာ ၂၈ရက်နေ့) နံနက် ၈ နာရီ မကျင်းပမီ အချိန်နည်းနည်းရသေးသောကြောင့် ပရဟိတ ကျောင်းဝင်း ထဲ၌ လိုက်လံကြည့်ရှုခဲ့သည်။
 
လက်ရှိပရဟိတ ဆရာတော် ဘဒ္ဒန္တ အရိယာနန္ဒ၏လက်ထက်တွင် သာသနိက အဆောက်အဦများ တိုးပွားလာကြောင်း သတိပြုမိသည်။ ထိုအထဲတွင်မှ ကျေးဇူးရှင် မိဘနှစ်ပါးဖြစ်ကြသော ဦးရှပ် နှင့်ဒေါ်ဖန်၊ အစ်မကြီးဖြစ်သူ ဒေါ်တင်ကြည်တို့အားရည်စူး၍ ဒေါ်တင်ရီ၊ ဦးတင့်လွင်နှင့် ဒေါ်ခင်စန်းဦး ရဲရင့်လွင်ပွဲရုံ မိသားစုတို့က ဆောက်လုပ်လှူဒါန်းထားသည့် အာယု ပါလကျောင်းဆောင်၌ အဆိုပါအလှူရှင်များ၏ မတည် ရန်ပုံငွေဖြင့် မြတ်စေတနာ အခမဲ့ဆေးခန်းကို နှစ်ပတ်ခြား တစ်ကြိမ် စနေနေ့တိုင်း ဖွင့်လှစ်ကုသပေးနေကြောင်း တွေ့ရ၍ ဝမ်းသာကြည်နူးစွာ သာဓုခေါ်ခဲ့ရသည်။ လူနာဦးရေ ၁၅၀ နှင့်၂၀၀ ကြား လာရောက်ပြသနေကြ၏။ လေးမျက်နှာပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များနှင့် သူနာပြုဆရာမများက လာရောက်ကြည့်ရှုကုသပေးခြင်းဖြစ်သည်။ ဆီးချိုရောဂါသည်က အများဆုံးဖြစ်နေကြောင်း တွေ့ရသည်။ ၂၀၁၁ ခုနှစ်ကတည်းက အခမဲ့ဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ ရှစ်နှစ်တာကာလအတွင်းသို့ ချင်းနင်းဝင်ရောက်လာခဲ့ပြီ။ သင့်တော်သော ဆေးဝါးများကို ရက်၂၀ စာ၊ တစ်လစာ စသည်ဖြင့် အခမဲ့ထုတ်ပေးနေ ခြင်းဖြစ်ရာ ရေရှည်တည်တံ့ရေးအတွက် ကြိုးပမ်းဆောင် ရွက်နေကြကြောင်းနှင့် အလှူရှင်များလည်း လိုအပ်လျက် ရှိကြောင်း သိရသည်။ ကျွန်တော်လည်းတတ်အားသမျှ လှူခွင့်ရခဲ့၏။
 
ငဝန်တံတား( လေးမျက်နှာ)နှင့် ပန်းတောကြီးလမ်း
 
ကမ္ဘာဦးလူတို့ နေနှင့်လကို မျှော်ကြသလို လေးမျက်နှာမြို့သူမြို့သား၊ နယ်သူနယ်သားများအားလုံးက နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့ရသော ငဝန်မြစ်ကူး တံတားကြီးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ တည်ဆောက် ပြီးစီးဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ တံတားကြီးပေါ်မှနေ၍ ငဝန်မြစ်တစ်ဖက်ကမ်း ခတ္တူရပ်ကွက်အခြမ်းတွင် တင့်တယ်သပ္ပာယ်စွာ စံနေတော်မူသော စတုမုခ ထူပါရုံ စေတီတော်မြတ်ကြီးကို လှမ်း၍ဖူးမြော်ရသည်မှာ ကြည်ညို ဖွယ်ရာကောင်းလှပါဘိ။ တံတားကြီးပြီးသွားမှတော့ တံတား၏ဂုဏ်အင်္ဂါနှင့်လျော်ညီစွာ လေးမျက်နှာ-ပန်းတော ကြီးလမ်း (၇/၄)မိုင်သည်လည်း ကျောက်လမ်း၊ ကတ္တရာ လမ်းစသည်ဖြင့် ဘဏ္ဍာနှစ်အလိုက်ပြောင်းလဲခဲ့ပြီ။ ထို လမ်းသည် ပန်းတောကြီးကျေးရွာအနီး၌ ပုသိမ်-မုံရွာကား လမ်းမကြီးနှင့်ဆုံခဲ့သည်။ လေးမျက်နှာနှင့် နင်းကြမ်း ကျေးရွာအကြား လမ်းပိုင်းအလိုက် ကတ္တရာခင်းပြီးဖြစ် သကဲ့သို့ ပန်းတောဘက်မှလည်း လမ်းဦးစီးဌာန လမ်း အထူးအဖွဲ့(၂၀)မှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီသီဟန် ဦးစီးအရာရှိ (မြို့ပြ)က တာဝန်ယူကြီးကြပ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်း(၃/၁)မိုင် ခင်းနေသည်ကို တွေ့ရသည်။ နောင်သောအခါ လမ်းတစ်ခုလုံးကတ္တရာ ခင်းပြီးပါက ပန်းတောကြီးမှ လေးမျက်နှာခရီးသည်တင် ကားဖြင့် ၁၀ မိနစ်ခရီးမျှသာ၊ ထိုမှ ဟင်္သာတ၊ ထိုမှ ရန်ကုန်၊ ထိုမှ ပုသိမ် ဆန္ဒရှိသလို သွားလာကူးသန်းကြပေရော့။ မြို့နယ်သူ မြို့နယ်သားအားလုံး၏ကိုယ်စား ကျေးဇူး စကားဆိုပါရစေ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနများ။
 
ပန္နရသမ(၁၅)ကြိမ်မြောက်ခဲ့ပြီ
 
ကျွန်တော့်ဇာတိ စိန်တောင်ကျေးရွာနှင့်ကပ်လျက် လှော်ကထားအထကကျောင်းမှာ မြတ်ဆရာပူဇော်ပွဲ ကျင်းပလာခဲ့တာ (၁၅)ကြိမ်သို့ တိုင်ခဲ့ပြီ။ အလယ်တန်း ကျောင်းသားဘဝကို ထိုကျောင်းတွင် ကုန်လွန်ခဲ့၏။ အလကမှ တွဲဖက်အထက၊ ထိုမှ ၁၉၉၁ခုနှစ်တွင် အထက အဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ရခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် လှော်ကထားအထက စာစစ်ဌာနဖြစ်လာအောင်၊ အဆောက်အဦနှင့် စာသင်ခုံ လုံလောက်မှုရှိအောင်၊ လုံခြုံရေးကိစ္စများကအစ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်လာအောင် ရပ်မိရပ်ဖများ၊ ကျွန်တော်တို့ကျောင်းသား ကျောင်းသူဟောင်းများ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည်။ အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီ ဒေါ်ခင်ကြည်ကဲ့သို့ လေးမျက်နှာ ဇာတိဖွား အလှူရှင်များကလည်း ကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။ ကျွန်တော်တို့ ကြိုးပမ်း ရကျိုးနပ်သည်လို့ပဲ ပြောကြပါစို့ရဲ့။ လှော်ကထားအထက သည် လေးမျက်နှာမြို့နယ်အတွင်း အောင်ချက်ရာခိုင်နှုန်း မြင့်မားစွာဖြင့် နှစ်စဉ် ပထမ၊ ဒုတိယ ရနေသလို ဝိဇ္ဇာဘာသာတွဲ၌ တစ်နိုင်ငံလုံး အဆင့်(၄)ရရှိသူ၊ ခြောက်ဘာသာဂုဏ်ထူး ရရှိသူများ ပေါ်ထွက်လာခဲ့သည်။
 
လှော်ကထားအထက၏ ယခုနှစ် မြတ်ဆရာပူဇော် ပွဲအခမ်းအနားသို့ တွဲဖက်အထကလက်ထက်၌ သင်ကြား ခဲ့ဖူးသော ဆရာ ဆရာမများအပါအဝင် စုစုပေါင်း ၅၇ ဦး ကြွရောက်အပူဇော်ခံခဲ့ကြသည်။ ဆရာကြီး ဆရာမကြီး ၅၇ ဦးစလုံးက သြဝါဒစကားများ၊ အမှတ်တရစကား များ ကိုယ်စီကိုယ်စီ ပြောကြားသွားပေရာ ဆရာဆရာမ တို့၏နှုတ်ထွက်စကားကို မကြားရသည်မှာ နှစ်ပေါင်း အစိတ်၊ သုံးဆယ်ရှိနေပြီဖြစ်သော တပည့်ဟောင်းများအဖို့ ဖရဏာပီတိ ဂွမ်းဆီထိဘိအလား ခံစားမှတ်သား နားဆင် ခဲ့ကြရပေသည်။ အမှတ်တရစကားကလည်း အမျိုးမျိုး အဖုံဖုံပင်။ အချို့ ဆရာကြီးများသည် မြစ်ဝကျွန်းပေါ်ဒေသ ၌ ဗကပများရှိနေဆဲအချိန် ၁၉၆၈-၁၉၆၉ နှစ်များမှ အစ၊ ဖြတ်လေးဖြတ် စစ်ဆင်ရေးပြုလုပ်ခဲ့သည့် ၁၉၇၀ ပြည့်လွန်နှစ်များ၌ တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ပေရာ ထိုခေတ် ထိုကာလက ပုံရိပ်များကို ပြန်လည်၍ ပုံဖော်ပြောကြားကြသည်မှာ မှတ်သားစရာအတိ ဖြစ်ခဲ့ ၏။ အချို့ကလည်း ရွာတွေကချက်ကျွေးသော ဒေသ အစားအစာတွေကို လွမ်းကြ၊ သတိတရရှိကြသဖြင့် ပြော၍ မဆုံးတော့။
 
ပြန်လည်ဆုံတွေ့ကြပါစို့
 
နဝမအကြိမ်မြောက် ကျင်းပပြီးစီးခဲ့သည့် လေးမျက်နှာအထက၊ အလကကျောင်းများမှ ဆရာကြီး ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူဟောင်း သူငယ် ချင်းများနှင့် လာမည့်နှစ်များမှာ တွေ့ဆုံ၍ ပူဇော် ကန်တော့ လိုပါသေးသည်။ ထိုနည်းတူစွာ လှော်ကထား အထက၏ ပန္နရသမ(၁၅)ကြိမ်မြောက်မှသည် သောဠသမ (၁၆)ကြိမ်၊ သတ္တာရသမ(၁၇)ကြိမ်၊ အဋ္ဌာရသမ(၁၈) ကြိမ် တို့သို့ လည်းကောင်း၊ ထိုထက်ပို၍ လောဘတကြီး ဆန္ဒပြု ပါဆိုလျှင် ရွှေရတု ပညာသ အကြိမ် (၅၀)မြောက်သို့တိုင် ဆရာကြီး ဆရာမကြီးတို့ကို အသက်ရာကျော်ရှည်လိုလျက် ပူဇော်ကန်တော့ပွဲများ ကျင်းပလိုပါသည်။ ကျောင်းသား ကျောင်းသူဟောင်း သူငယ်ချင်းများနှင့်လည်း ထပ်မံ တွေ့ဆုံလိုပါသေးသည်။ ပြန်လည်ဆုံတွေ့ကြပါစို့.....။