
လင်းလက်
လူငယ်များသည် လက်ရှိနိုင်ငံရေးဖြစ်စဉ်များတွင် စိတ်ပါဝင်စားလာမှု အရှိန်အဟုန်မြင့်တက်လာမှုနှင့်အတူ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာကြသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လူငယ်ထု၏ အခန်းကဏ္ဍသည် အဓိကအရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် အဂတိလိုက်စားမှု ကို ထိန်းချုပ်ဟန့်တားရာတွင် လူငယ်များပါဝင်လာခြင်းသည် အောင်မြင်မှုရောင်ခြည်တစ်ခုပင်ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကပင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် လူငယ်များ ပါဝင်ဆောင် ရွက်နိုင်မည့် အစီအစဉ်များကို ပြုလုပ်လာကြသည်။
ယနေ့လူငယ် နောင်ဝယ်လူကြီး
ကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့် ဖြောင့်မတ် တည်ကြည်မှု မြှင့်တင်ရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို ရေးဆွဲ လာကြသည်။ အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း လူငယ်များအတွက် အဓိကရည်ရွယ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး အသိပညာပေး အစီအစဉ်များကို ပြုလုပ်လာကြသည်။ ယေဘုယျအားဖြင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများတွင် လူငယ်များ ဦးဆောင်ပါဝင်သည့် စီမံကိန်း လုပ်ငန်းများသည် ထိရောက်အောင်မြင်လာသည်ကို တွေ့မြင်နိုင် သကဲ့သို့ မြန်မာလူငယ်အများစုသည်လည်း အရပ်ဘက်လူမှုအဖွဲ့ အစည်းများတွင် ပါဝင်လာကြသည်ကို တွေ့မြင်နိုင်သည်။
မြန်မာဆိုရိုးစကားဖြစ်သည့် “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့် စကားနှင့်အညီ လူငယ်များသည် အနာဂတ်ခေါင်းဆောင်များ ဖြစ်သဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရေး အလေးပေးဆောင်ရွက်သင့်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အဟန့်အတားတစ်ခုဖြစ် သည့် အဂတိလိုက်စားမှုကိုလည်း လူငယ်ထု၏ ပူးပေါင်းပါဝင်မှုဖြင့် တိုက်ထုတ်သွားရန် လိုအပ်သည်။
လူငယ်တွေနဲ့ ဘာလို့ ပူးပေါင်းဆောင်ရွက်သင့်တာလဲ
ကမ္ဘာ့လူဦးရေဆိုင်ရာ အချက်အလက်များကို စုစည်းတင်ပြလေ့ ရှိသည့် Population Reference Bureau(PRB) ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းသည် အသက် ၁၀ နှစ်မှ ၂၄ နှစ်ကြား လူငယ်များဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၃၂ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဖော်ပြထားသည်။ အဆိုပါ အချက်အလက် အရ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်၍ လူငယ် များ ပိုမိုပါဝင်လာစေရေး ဆောင်ရွက်သင့်သည်ကို မီးမောင်းထိုးပြ လျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International-TI)၏ ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အချက် အလက်များအရ လူငယ်များသည် လူ့အဖွဲ့အစည်း၏ ပမာဏများသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူငယ်အများစုသည် အဂတိ လိုက်စား မှုကို ကျူးလွန်ရန် လွယ်ကူသကဲ့သို့ လာဘ်ပေးလာဘ်ယူမှုကို လွယ် လင့်တကူပြုလုပ်နိုင်သော အသက်အရွယ်ပင်ဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းရလဒ်တစ်ခုအရ အသက် ၃၀ နှစ်အောက် လူငယ်များ၏ ၂၇ ရာခိုင်နှုန်းသည် လွန်ခဲ့သော ၁၂ လအတွင်း လာဘ်ပေးမှုကို ပြုလုပ်ခဲ့ သည်ကို လေ့လာတွေ့ရှိရသည်။
မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့၏ ၂၀၁၇ ခုနှစ် ဇူလိုင်လက ထုတ်ဝေခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လေ့လာချက် စစ်တမ်းအရ လူဦးရေ ၇၉၄ ဦးကို စစ်တမ်းကောက်ယူခဲ့ရာ လူဦးရေ ၅၀၀ သည် အဂတိလိုက်စားမှုကို ကိုယ်တိုင်ကြုံဖူးခဲ့ကြသည်ဟု ဖြေဆိုကြပြီး ၁၀၈ ဦးမှာ အသက် ၃၅ နှစ်အောက် လူငယ်များဖြစ်သည် ကို လေ့လာတွေ့ရှိရသည်။
ဘယ်လိုနည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မလဲ
အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့အနေဖြင့် လူငယ်များ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်လာနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ် တည်ကြည်မှု လူငယ်စခန်းများ ဖွင့်လှစ်ခြင်း၊ အခြေခံပညာကျောင်းများ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လူငယ်လှုပ်ရှားမှုကွန်ရက်များ ဖန်တီးပေးခြင်း၊ မီဒီယာများကိုအသုံးပြု၍ အသိပညာပေးခြင်းနှင့် ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းတို့သည် အဓိကလုပ်ငန်းများဖြစ်သည်ကို ထောက် ပြထားသည်။
ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းများဖွင့်လှစ်ခြင်း
ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းများ၏ အဓိကရည်ရွယ် ချက်မှာ ဖြောင့်မတ်တည်ကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ရှိခြင်းတို့ဖြင့် အနာ ဂတ်လူ့အသိုက်အဝန်းကို ပုံဖော်ရန်နှင့် လူ့အသိုက်အဝန်းအတွင်း လိုက်လျောညီထွေ နေထိုင်တတ်စေရန်အတွက် အရေးကြီးဆုံးသောအရာများဖြစ်သဖြင့် မိမိတို့ကိုယ်တိုင် သိရှိနားလည် လိုက်နာကျင့်သုံး လာနိုင်စေရန် လူငယ်များသို့ အသိပညာပေးရန်ပင်ဖြစ်သည်။ ထို့အပြင် ကဏ္ဍပေါင်းစုံမှ လူငယ်များနှင့် လူငယ်ခေါင်းဆောင်များကို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအပြည့်အဝရှိသော ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရေးကို အဓိက အကောင်အထည် ဖော်သူများ ဖြစ်လာစေရန် ရည်ရွယ်သည်။
ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းများတွင် ပါဝင်တက် ရောက်သူများသည် သတင်းမီဒီယာသမားများ၊ ကျောင်းသားများ၊ အနုပညာရှင်များ၊ ဝန်ထမ်းများစသည့် နယ်ပယ်ပေါင်းစုံကို ကိုယ်စား ပြုသူများဖြစ်ကြသဖြင့် ၎င်းတို့နယ်ပယ်အလိုက် အတွေ့အကြုံများကို အပြန်အလှန်မျှဝေနိုင်ခြင်းသည်လည်း ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းများ၏ အနှစ်သာရများဖြစ်သည်။
Transparency International-TI ၏ ဖော်ပြမှုအရ ကမ္ဘာပေါ်တွင် လူငယ်ဒီမိုကရေစီရေးရာ စခန်းသွင်းလေ့ကျင့်ခြင်းများ နှင့် ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းများကို စတင်ပြုလုပ်ခဲ့ သည့်နိုင်ငံမှာ ပါပူဝါနယူးဂီနီနိုင်ငံဖြစ်ပြီး ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့ သည့် ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း တက်ရောက်ပြီးဆုံး ခဲ့သော သင်တန်းသားများ၏ သဘောထားတုံ့ပြန်မှုများအရ အဆိုပါ စခန်းတွင် ပါဝင်တက်ရောက်သူများအနေဖြင့် အဂတိလိုက်စားမှု၏ အနက်အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စွာ နားလည်လာသကဲ့သို့ လူအများစုသည် အဂတိလိုက်စားမှုများတွင် တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်လေ့ရှိသည့် အချက်ကို လေ့လာသင်ယူခဲ့ရသည်ဟု မှတ်ချက်ပြုကြသည်။
အခြေခံပညာ စာသင်ကျောင်းများ၊
တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
အဖွဲ့အစည်းများအနေဖြင့် အခြေခံပညာ စာသင်ကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များကို လူငယ်ထုသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှု အသိပညာပေးခြင်း လုပ်ငန်းများအတွက် ဝင်နိုင်ထွက်နိုင်သော တံခါးတစ်ချပ်အဖြစ် အသုံးပြုလာကြသည်။ သို့ရာတွင် လက်ရှိအကောင်အထည်ဖော်နေ သည့် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းရန်နှင့် ကျောင်းသင်ခန်းစာ များအတွက် သတ်မှတ်ထားသည့် အချိန်များမှ ဖဲ့ထုတ်ပေးရန်ဆိုသည့် အချက်မှာ များစွာခက်ခဲလှသည်။
သို့ရာတွင် စာသင်ကျောင်းများတွင်ရှိပြီးဖြစ်သော သင်ထောက်ကူ ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို လွယ်ကူစွာအသုံးပြုနိုင် ခြင်းနှင့် လူငယ်များအတွက် ရင်းနှီးပြီးသော ပတ်ဝန်းကျင်တွင် လေ့ကျင့်သင်ကြားနိုင်ခြင်းစသည့် အားသာချက်များလည်း ရှိပေ သည်။ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များသည် လူငယ်များ လေးစားတန်ဖိုးထားသည့် နေရာများအနက်မှ တစ်ခု ဖြစ်သဖြင့် လူငယ်ပညာပေးလုပ်ငန်းများကို အဆိုပါနေရာများတွင်သာ ပြုလုပ်သင့်သည်ဟု ပညာရှင်များက သုံးသပ်ထားကြသည်။
Amnesty International(AI) ၏ ၂၀၀၆ ခုနှစ်က ထုတ်ပြန်ခဲ့သည့် စာတမ်းတစ်ခုအရ လူငယ်အများစုသည် နေ့စဉ်ပုံမှန် စာပေလေ့လာ သင်ကြားမှုမျိုးကို ငြီးငွေ့တတ်ကြသဖြင့် စာသင်ကျောင်းများတွင် စာတမ်းဖတ်ပွဲများ၊ စာပေဟောပြောပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် အခြားသောအသိ ပညာပေးအစီအစဉ်များ ပြုလုပ်ခြင်းသည် လူငယ်များ၏ စိတ်ပါ ဝင်စားမှုကို ပိုမိုရရှိနိုင်ကြောင်း ထောက်ပြခဲ့သည်။ ထို့ကြောင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့် စာသင်ကျောင်းများနှင့် ပူးပေါင်း၍ လူငယ်များသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် အခြားသောလှုပ်ရှားမှုများကို ပြုလုပ်လာကြ သည်။
ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သင်ရိုးညွှန်း တမ်းများကို ရေးဆွဲခြင်း၊ ကိုယ်တိုင်ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ် သည့် ရည်ညွှန်းစာအုပ်များပြုစုခြင်းတို့ကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြသည်။ ဥပမာအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကာတာ နိုင်ငံ ဒိုဟာမြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ၏ ပြစ်မှုတားဆီးကာကွယ် ရေးနှင့် ပြစ်မှုတရားစီရင်ရေးဆိုင်ရာ (၁၃) ကြိမ်မြောက် ညီလာခံတွင် အတည်ပြုခဲ့သည့် ဒိုဟာထုတ်ပြန်ကြေညာချက်ကို အကောင်အထည် ဖော် ဆောင်ရွက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခု အနေဖြင့် ကမ္ဘာတစ်လွှားမှ တက္ကသိုလ်အဆင့် ကျွမ်းကျင်ပညာ ရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိပကတိဖြစ်ပေါ် နေမှုအပေါ် လေ့လာသုံးသပ်၍ ပြုစုခဲ့သည့် Education for Justice (E4J) Initiative ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များဖြစ်သည်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ကြိုးပမ်းအားထုတ်မှုများ
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် အနာဂတ်ကာလ၌ လူငယ်များ ပါဝင်လာရေးကို အလေးပေးဆောင် ရွက်ရာမှာ ကျောင်းပညာရေးစနစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို ထည့်သွင်းရေးဆွဲခြင်း သည် ပိုမိုအရေးပါ ထိရောက်နိုင်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၁၆ (ည)ပါ ပြဋ္ဌာန်းချက်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများကို အခြေခံပညာ မူလတန်းအဆင့်မှ စတင်သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးသည် ပဓာနကျလှသဖြင့် ကျောင်းနေအရွယ် ကလေး သူငယ်များအား ငယ်ရွယ်ချိန်မှစ၍ ဖြောင့်မတ်တည်ကြည်မှုကို နားလည်သဘောပေါက် တန်ဖိုးထားတတ်စေရေး၊ မကောင်းမှု ဟူသမျှကို ဆိတ်ကွယ်ရာတွင်ပါ ပြုမူခြင်းမရှိဘဲ အဂတိလိုက်စားမှု အလေ့အကျင့်များကို လုံးဝလက်မခံသည့် ခံယူချက်များ တိုးပွားလာ စေရေး ရည်ရွယ်၍ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး အစီအစဉ်အနေဖြင့် အခြေခံပညာမူလတန်းအဆင့် ဖြောင့်မတ်တည် ကြည်မှုမြှင့်တင်ရေး ဆရာကိုင်စာအုပ်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစု၍ စာအုပ်ရေ ၄၀၀၀၀ ကို ၁၈.၁၀.၂၀၁၈ ရက်က ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။
ဒုတိယခြေလှမ်းအဖြစ် အခြေခံပညာအလယ်တန်းအဆင့် ဖြောင့် မတ်တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်စာအုပ်များကို ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစု၍ စာအုပ်ရေ ၄၀၀၀၀ ကို ၂၉.၇.၂၀၁၉ ရက်တွင် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့အပြင် အထက်တန်းအဆင့် ပညာသင်ကြားနေသော ကျောင်း သား ကျောင်းသူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေရန်၊ အဂတိလိုက်စားမှုကို ရှက်ရွံ့သည့်၊ ဆန့်ကျင်သည့်၊ တွန်းလှန်တိုက်ဖျက်လိုသည့် လူငယ် လူရွယ်များ ဖြစ်လာစေရန်၊ လူ့အဖွဲ့အစည်းအတွင်း အများအကျိုးကို သယ်ပိုးတတ်သူများဖြစ်လာစေရန်နှင့် အထူးသဖြင့် အကောင်းအဆိုး၊ အကြောင်းအကျိုးနှင့် အမှား/အမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်ကာ အခြေခံပညာ အထက်တန်းအဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရည်ညွှန်းစာစောင်များကို ထပ်မံပြုစုခဲ့ပြီးဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် လူငယ်တို့၏ ပါဝင်ဆောင် ရွက်နိုင်မှု အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ လူငယ်ထု ပါဝင်နိုင်ရေး အတွက် စဉ်းစားဆောင်ရွက်ပေးရန်နှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့် တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူငယ်တို့လိုက်နာသင့်သော ကျင့်ဝတ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖြောင့်မတ်တည် ကြည်မှု လူငယ်စခန်း ၁/၂၀၁၉ ကို နေပြည်တော်နှင့် ဖြောင့်မတ်တည် ကြည်မှု လူငယ်စခန်း ၂/၂၀၁၉ ကို မန္တလေးမြို့တို့တွင် ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်၊ ကောလိပ် ၂၂ ခုမှ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်း သူ ၂၃၈ ဦး ပါဝင်တက်ရောက်ခဲ့သည်။
ပါဝင်တက်ရောက်သူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ ဗဟုသုတများ၊ ဖြောင့်မတ်တည်ကြည်မှုနှင့် လူ့ကျင့်ဝတ် ဆိုင်ရာ သဘောသဘာဝနှင့် စံနှုန်းများကို လေ့လာနိုင်ပြီး နေ့စဉ် လူနေမှုဘဝတွင် ကြုံတွေ့ရနိုင်သည့် ကျင့်ဝတ်ဆိုင်ရာ အကျပ်အတည်း များနှင့် အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို လက် တွေ့ကျကျ ရင်ဆိုင်ကျော်လွှားနိုင်ကာ အဂတိလိုက်စားမှုကို လုံးဝ လက်မခံသော လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။
အထူးဆောင်ရွက်ချက်တစ်ခုအနေဖြင့် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများ၊ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို စိတ်ပါဝင်စားသူများ ဖတ်ရှု လေ့လာနိုင်ရေးအတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး(United Nations Office on Drugs and Crime - UNODC)၏ Education for Justice(E4J) Initiative၊ University Module Series မှ ၂၀၁၈ ခုနှစ် မတ်လက ထုတ်ဝေခဲ့သော Integrity and Ethics Module များနှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလက ထုတ်ဝေခဲ့သော Anti-Corruption Module များကို ဘာသာပြန်ဆို၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၁)နှင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည် ညွှန်း စာစောင် (၁)နှင့် (၂)တို့ကို တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများသို့ စတင်ဖြန့်ဝေခဲ့ပြီးဖြစ်သည်။
လူ့အဖွဲ့အစည်းတွင် လူငယ်များသည် ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် တန်ဖိုးထားအပ်ပြီး လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ်တတ်စေရန်၊ အခြေခံ စည်းကမ်းမူဘောင်များနှင့် ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးပြုသူများ ဖြစ်လာစေရန်၊ မိမိတို့၏ လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်သော အတွေးအမြင်များ ရရှိစေရန်၊ လူတိုင်းသည် မိမိတို့၏ လုပ်ဆောင်မှုတိုင်းအတွက် တာဝန်ယူမှုရှိစေရန်နှင့် ပြည်သူ့ ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွင်း အများပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု (Public Integrity) ဖွံ့ဖြိုးတိုးတက်စေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးမှုကို နိုင်ငံတစ်ဝန်း အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ယနေ့အလေ့အကျင့်ကောင်း များနှင့် ဖြောင့်မတ်တည်ကြည်သော မျိုးဆက်သစ်များအနေဖြင့် အနာဂတ်နိုင်ငံတော်၏ “အဂတိပယ်ခွာ ပြည်သာယာ” ပုံရိပ်များကို ကြိုးပမ်းတည်ဆောက်နိုင်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။ ။
ကိုးကား
၁။ TI – U4 Anti-Corruption Resource Centre, U4 Expert Answer
၂။ Annual Reports of Anti-Corruption Commission
၃။ www.accm.gov.mm
- Log in to post comments