ရှေ့နေနှင့် နှစ်သစ်ရှေ့သို့

Type
Image not available
 
 
 
ဦးဟန်ညွန့် ( ဥပဒေ )
 
နိဒါန်း
"ဆရာ"
"ဗျာ"
"ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ"
"ရှေ့နေနှင့် နှစ်သစ်ရှေ့သို့ပါတဲ့"
"ဘာကို ဆိုလိုပါသလဲဆရာ"
"ဖတ်ကြည့်ကြစို့"
 
နှစ်သစ်
 
၂၀၁၉ ဖြတ်ကျော်ခဲ့ပြီ။ ၂၀၂၀ နှစ်သစ်ရောက်ပြီ။ ရှေ့သို့ ချီမည်။ နောက်ကို ပြန်မလှည့်။ ပြီးခဲ့ပြီးသော အတိတ်။ ကုန်ဆုံးပြီးသောအချိန်။ ပြန်ယူ၍မရ။ ပြန်လည်တမ်းတနေ၍မရ။ နောင်မှရသော နောင်တ။ ပြီးခဲ့သောကာလက ဘာအမှားတွေလုပ်ခဲ့သလဲ။ ထိုအမှားများ၏ သင်ခန်းစာကို ပြန်လည်သုံးသပ်။ ၂၀၂၀ မှာ ထပ်မမှားစေနှင့်။ စွဲမြဲ သတိရှိသင့်ပြီ။
 
ရှေ့သို့
 
ရှေ့သို့ချီမည်။ ဦးတည်သည့်ပန်းတိုင်။ မှောင်ပျပျ မသဲမကွဲလား။ ထင်ထင် ရှားရှားလား။ ပီပြင်ခံ့ညားမြင့်မားသည့် ပန်းတိုင်အရောက် လှမ်းကိုင်နိုင်မှဖြစ် မည်။ အချိန်တွေကုန်ခဲ့ပြီ။ ကုန်လှပြီ။ အချည်းနှီးမဖြစ်သင့်။ အစိတ်စိတ် အမြွှာမြွှာ မဖြစ်သင့်။ ညီညွတ်ရေးစိတ်ဓာတ် ကိန်းဝပ်ကြစို့။
 
ရွေးကောက်ပွဲနှင့် ပြည်သူ့ကိုယ်စားလှယ်
 
အများမျှော်သော ရွေးကောက်ပွဲ။ သဲသဲမဲမဲ အားပြိုင်ကြမည့် ရွေးကောက်ပွဲ။ တိုင်းကျိုးပြည်ကျိုး အမှန်သယ်ပိုးမည်။ ပြည်သူ့ကိုယ်စားလှယ်တွေ လိုအပ် ပါသည်။ ပြည်သူတွေကလည်း မညံ့ကြပါ။ မအကြပါ။ ခေတ်အဆက်ဆက် အတွေ့အကြုံတွေ ရခဲ့ပြီ။ ပြောတိုင်း မယုံကြတော့ပြီ။ အပြောနှင့်လက်တွေ့ မြင်တွေ့ဖူးလေပြီ။ ကိုယ်တွေ့ ကြုံဖူးပေပြီ။
 
မစားရဝခမန်း စကားကျွံ၍ လှည့်ဖြားခြင်းငှာ မစွမ်းသာပြီ။ မဖြစ်နိုင်သည်ကို ဖြစ်မည်။ မရနိုင်သည်ကို ပေးမည်။ မကျွေးနိုင်သည်ကို ကျွေးမည်။ အလိမ် အညာ မာယာစကားများ မပြောကြားသင့်။ မဟောကြားသင့်။ စကားအရာ အင်္ဂါ(၁၀)ပါး လေ့လာငြားအံ့။ ရှုပါ။
 
စကားအရာ အင်္ဂါ(၁၀)ပါး
 
(၁) ကာလဝါဒီ - ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း
(၂) ဘူတဝါဒီ - ဟုတ်မှန်သောစကားကိုသာ ပြောဆိုခြင်း
(၃) ဓမ္မဝါဒီ - တရားနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း
(၄) အတ္တဝါဒီ - အကျိုးနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း
(၅) ပီယဝါဒီ - ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း
(၆) မိဟိတဗုဗ္ဗဘာဏီ - ပြုံးရွှင်ခြင်းကို ရှေးဦးပြု၍ ပြောဆိုခြင်း
(၇) မိတဘာဏီ - မပိုမလွန် ချင့်ချိန်၍ ပြောဆိုခြင်း
(၈) အတုရိတဝါဒီ - အဆောတလျင် မပြောဆိုခြင်း
(၉) ပေါရီ - ပြည်ကြီးသူ ပြည်ကြီးသားတို့၏ ဓလေ့ထုံးစံသို့ လိုက်၍ ပြောဆိုခြင်း (မြို့ကြီးသူ မြို့ကြီးသား ကို ဆိုလိုသည်)
(၁၀) ဝိသဝါဒီ - သန့်ရှင်းသေချာ အက္ခရာ ဌာန်ကရိုဏ်းကျ အောင် ပြောဆိုခြင်း
ဟူ၍ ကျမ်းဂန်များတွင်ပြဆိုသော စကားအရာ အင်္ဂါ (၁၀)ပါး အပြားပြား ကို အများပြည်သူ လေ့လာသိရှိကြပါသည်။ ရွေးကောက်ပွဲဆင်နွှဲမည့် ကိုယ်စားလှယ်တော်ကြီးများ သတိထားဖို့လိုပါမည်။ လက်တွေ့ ကျင့်သုံးဖို့လို ပါမည်။
 
သမိုင်း
 
၁။ ၁၉၂၂ ခုနှစ်၊ ဒိုင်အာခီရွေးကောက်ပွဲ (၂၁.၁၁.၁၉၂၂)
၂။ ၁၉၂၅ ခုနှစ်၊ ဒိုင်အာခီရွေးကောက်ပွဲ (၁၇.၁၁.၁၉၂၅)
၃။ ၁၉၂၈ ခုနှစ်၊ ဒိုင်အာခီရွေးကောက်ပွဲ (၅.၁၁.၁၉၂၈)
၄။ ၁၉၃၂ ခုနှစ်၊ ဒိုင်အာခီရွေးကောက်ပွဲ (၉.၁၁.၁၉၃၂)
၅။ ၁၉၃၆ ခုနှစ်၊ ၉၁ ဌာန ရွေးကောက်ပွဲ (၉.၁၁.၁၉၃၆)
(က) ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရ (၁၉၃၆-၁၉၃၉)
(ခ) ဦးပု ညွန့်ပေါင်းအစိုးရ (၁၉၃၉- ၁၉၄၀)
(ဂ) ဦးစော ညွန့်ပေါင်းအစိုးရ (၁၉၄၀ -၁၉၄၂)
(ဃ) ဆာပေါ်ထွန်း ညွန့်ပေါင်းအစိုးရ (၁၉၄၂)
၆။ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်
ရွေးကောက်ပွဲ (၉.၄.၁၉၄၇)
၇။ ၁၉၅၁-၅၂ ခုနှစ်ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ
(ဇွန် ၁၉၅၁ ဧပြီ၊ ၁၉၅၂)
၈။ ၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ (၂၇.၄.၁၉၅၆)
၉။ ၁၉၆၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ (၆.၂.၁၉၆၀)
၁၀။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၂၇.၅.၁၉၉၀)
၁၁။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
(၇.၁၁. ၂၀၁၀)
 
များ ကျင်းပခဲ့ကြောင်း (စာရေးဆရာတင်နိုင်တိုး၏ ခေတ်အဆက် ဆက်ရွေးကောက်ပွဲများ သမိုင်းစာအုပ်၊ နှစ်ကာလများ စာပေ၊ ၂၀၁၅၊ စက်တင်ဘာလ၊ စာ−၂၂၉)တွင် လေ့လာဖတ်ရှုရပါသည်။
 
၂၀၁၂၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ
 
၂၆.၁၁.၂၀၁၂ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သော ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၉ တွင် လွှတ်တော်ကိုယ်စားလှယ်များ ၏ တာဝန်နှင့်စပ်လျဉ်း၍-
 
(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို ကာကွယ် စောင့်ရှောက်ခြင်း၊
 
(ခ) နိုင်ငံတော်နှင့်စပ်လျဉ်းသော လျှို့ဝှက်ချက်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊
 
(ဂ) လွှတ်တော်သို့ တင်သွင်းသော ဥပဒေကြမ်းများ၊ အဆိုများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုး စီးပွားကိုသာ အဓိကထားခြင်း၊
 
(ဃ) နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိခံစားနိုင်ရေးကို ရှေးရှု ဆောင်ရွက်ခြင်း၊
 
(င) မဲဆန္ဒနယ်မြေနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများနှင့်ဖြစ်စေ၊ အာဏာပိုင် ပုဂ္ဂိုလ်များနှင့်ဖြစ်စေ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
 
(စ) မဲဆန္ဒရှင်များအား လွှတ်တော်အတွေ့အကြုံ ပြန်လည်ရှင်းလင်း တင်ပြခြင်း၊
 
(ဆ) မဲဆန္ဒရှင်များ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြခြင်း၊
 
(ဇ) လွှတ်တော်က ပေးအပ်သည့် အခြားတာဝန်များကို ထမ်းဆောင် ခြင်းတို့ဖြစ်ပါသည်။
 
(စာ-၃၄၃)
 
ကျင့်ဝတ်နှင့်စည်းကမ်းများ
 
ဥပဒေပုဒ်မ ၁၁ တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ကျင့်ဝတ်နှင့် စည်းကမ်းများမှာ-
 
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို လိုက်နာ စောင့်ထိန်းခြင်း၊
 
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဤဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်း ချက်များကို လိုက်နာစောင့်ထိန်းခြင်း၊
 
(ဂ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာမှု၊ လာဘ်ပေး လာဘ်ယူမှုနှင့် ခြိမ်းခြောက်မှုတို့ကို ရှောင်ကြဉ်ခြင်း၊
 
(ဃ) လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ပြုမူ ပြောဆို ဆက်ဆံနေထိုင်ခြင်း၊
 
(င) လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊
 
(စ) လွှတ်တော်အစည်းအဝေးများတွင် သတ်မှတ်ထားသည့် စည်းကမ်း များကို လိုက်နာဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။
 
(စာ- ၃၄၅)
 
ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ခြင်း
 
မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်သင့်သည်။ ငါဘာမှားနေသလဲ။ ငါ့လုပ်ရပ် တွေအပေါ် ဘယ်နှကြိမ် ပြန်သုံးသပ်သလဲ။ ကိုယ်ထင်ရာကိုယ်လုပ်နေသလား။ ထင်ရာစိုင်းနေသလား။ သိသိနှင့် မိုက်မဲနေသလား။ ငါသာလျှင် အရှင်သခင် ဟု ဘဝင်သွေးကြွ မာနခေါင်ခိုက်နေသလား။ ငါ့ကို ဘယ်သူက ထောက်ခံတာ လဲ။ အချိန်မရွေး ကန့်ကွက်နိုင်သည်ကို သိပါသလား။ ငါ့ကို ဘယ်သူရွေးကောက် တာလဲ။ ရွေးကောက်တဲ့ပြည်သူတွေနှင့်ဘယ်နှကြိမ်တွေ့သလဲ။ ပြည်သူ့ဆန္ဒ ခံယူရဲ့လား။ ငါတကော ကောနေမိသလား။ မိမိကျေးရွာ၊ ဒေသ၊ ပြည်သူ့ အကျိုးကို မည်မျှထမ်းဆောင် သယ်ပိုးပြီးပြီလဲ။ ထမ်းဆောင်မှုများမှာရော ရိုးသားပါရဲ့လား။ မိမိကိုယ်မိမိ မှတ်ကျောက်အတင်ခံနိုင်ပြီလား။ လူထု ကြားထဲမှာ ခေါင်းမော့နိုင်ရဲ့လား။ လူထုက လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်ဝေဖန်နိုင်ခြေရှိသလား။ မပြောဘဲငြိမ်နေခြင်းကို ငါမှန်၍ဟု အထင်လွဲ နေသလား။ ပြောရဲဆိုရဲရှိအောင် ပွင့်လင်းမြင်သာအောင်ရော ကြံဆောင်ခဲ့ သလား။ အကျင့်စာရိတ္တအရာတွင် စံပြဖြစ်ရဲ့လား။ “ ကျွန်တော့်အပြစ်တွေ၊ ချွတ်ယွင်းအားနည်းချက်တွေ၊ ရပ်ရွာလူထုအပေါ် အလိုက်မသိမှုတွေအတွက် ရွေးကောက်ပြည်သူက မညှာမတာ ဝေဖန်ပြစ်တင်ပါ” ဟု ခံယူပြီးပြီလား။ ခံယူပြီးနောက် ပြုပြင်လိုက်နာမှုရော စံပြဖြစ်ပါသလား။ တကယ်လက်တွေ့ ပြုပြင်သလား။
 
လိမ်ညာဟန်ဆောင်ခြင်း
 
လိမ်ညာဟန်ဆောင်ခြင်းသည် ခဏတာမျှသာ။ ဇာတိရုပ်ကို ဖုံးအုပ်၍မရပါ။ ရိုးသားသော၊ အပြစ်ကင်းစင်သော၊ တည်ကြည်နှလုံးလှသော၊ ဘက်စုံ အရည် အချင်းနှင့်ပြည့်စုံသော၊ ရေပက်မဝင်အောင် ဥပဒေနှင့်ညီညွတ်သော ပြည်သူ့ ကိုယ်စားလှယ်တစ်ယောက်အဖြစ် ပြည်သူအပေါင်းက ချစ်ကြည်စွာ ကြိုဆို ကမ်းလင့်နေမည်မှာ အသေအချာပါ။
 
နှစ်သစ်ရှေ့သို့
 
၂၀၂၀ နှစ်သစ်မင်္ဂလာ ကြိုဆိုပါသည်။ ရှေ့သို့ပါ။ နောက်မဆုတ်ပါ။
ပြီးခဲ့ပြီးသားတွေ ပြီးပါစေတော့။ ကုန်ဆုံးခဲ့ပြီးသမျှ ပြန်မရနိုင်ပြီ။ အမှား များစွာအတွက်တော့ သင်ခန်းစာကျန်သည်။ အမှန်ကိုမြင်ပါ။ မမြင်လျှင် မိမိတာဝန်သာ မိမိယူဖို့သာ . . . . . ။ သင်ခန်းစာ . . . . . ။
 
နိဂုံး
(၁) နှစ်သစ်ရှေ့သို့ ချီပါလေ . . . . . ။
(၂) အောင်ပွဲအထပ်ထပ် ရကြစေ . . . . . ။ ။