မကူးစက်နိုင်သောရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေသန်း ၄၀ ကျော် သေဆုံးနေကြရသည်။ မကူးစက်နိုင် သောရောဂါများဆိုသည်မှာ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေး တိုးရောဂါ၊ ဦးနှောက်သွေးကြောပြတ်-သွေးကြောပိတ်ရောဂါ၊ ကင်ဆာရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောင် ရောဂါကဲ့သို့သော ရောဂါများဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများမှာပါ မကူးစက်နိုင်သော ရောဂါများကြောင့် လူသေဆုံးမှုက ကူးစက်ရောဂါများကြောင့် သေဆုံးမှုထက် ပိုမိုများပြားနေကြောင်း ကျန်းမာရေးပညာရှင် များက ပြောကြားသည်။
အဆိုပါ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများမှာ လူတို့၏စွဲစွဲလမ်းလမ်းပြုလုပ်ကြသည့်အပြု အမူ၊ အလေ့အထများကြောင့်ပင် ဖြစ်သည်။ ဆေးလိပ်၊ ဆေးရွက် ကြီးထွက်ပစ္စည်းများ သောက်သုံးခြင်း၊ ဆေးရွက်ကြီးပါသည့် ကွမ်းယာစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သည် အထိ အရက်သောက်ခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့်အစား အသောက်များ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါး ခြင်းတို့သည် ကာလကြာရှည်သည်နှင့်အမျှ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားစေသည့် အခြေခံအကြောင်းများဖြစ်လာသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု အန္တရာယ်ကြီးမားနေသည့်အလျောက် အသိပညာပေးထိန်းချုပ် မှုများ ပြုလုပ်နေစဉ်မှာပင် ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းပုံစံ သစ်များ ထပ်မံထွက်ပေါ်လာခဲ့သည်။ ယင်းတို့မှာ စီးကရက်ကဲ့သို့ အငွေ့ထွက်စေရန် အီလက်ထရွန်နစ်နည်းဖြင့် ဖန်တီးထားသည့် အီး - စီးကရက်၊ ဆေးရွက်ကြီးထွက်ပစ္စည်းကို အပူပေးပြီးအငွေ့ရှူ ရသည့်ပစ္စည်း (Heated Tobacco Product- HTP)၊ ဆေးရွက် ကြီးနှင့် ဆက်စပ်ပစ္စည်းများကို ရောနှောထည့်သွင်းသုံးရသည့် ရေပြောင်း ( Water Pipe)နှင့် ရှီရှား( Shisha)တို့ ဖြစ်ပြီး လူငယ် များကြားတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာနေကြသည်။
အီး - စီးကရက်သည် ဆေးရွက်ကြီးထွက်ပစ္စည်း တစ်မျိုးမျိုး ကို အသုံးပြုထားခြင်းမဟုတ်သည့်အတွက် အန္တရာယ်မရှိနိုင်ဟု ဆင်ခြေပေးကြသော်လည်း အီး - စီးကရက်တွင် အသုံးပြုသည့် အရည်တွင်ဓာတုပစ္စည်းအမျိုးအစားဖြစ်သည့် နစ်ကိုတင်းပါဝင် ခြင်း၊ အခြား ဓာတုပစ္စည်းများနှင့် အနံ့အရသာမျိုးစုံ ထည့်သွင်း ထားခြင်းတို့ကြောင့် အီး - စီးကရက်သောက်သုံးခြင်းသည်လည်း ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း တွေ့ရှိလာကြ သည်။ အီး - စီးကရက်သုံးစွဲခြင်းနှင့်ဆက်နွှယ်၍ အဆုတ်ရောဂါ ဖြစ်ပွားသူ၊ သေဆုံးသူများလည်း ပေါ်ထွက်လာသည်။ Vapes, Vape Pens, Mods, Pods, e-Cigarettes, e-Pipes, e- Cigars စသည်ဖြင့် မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်တွင် ရောင်းချနေကြ သည်ကို တွေ့မြင်နေရသော်လည်း ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ဘရူနိုင်းတို့တွင် လွန်ခဲ့သည့်လေးနှစ်ခန့်ကပင် လုံးဝ ပိတ်ပင်ထားခဲ့ပြီးဖြစ်သည်။ အခြားကမ္ဘာ့နိုင်ငံ အများအပြားတို့ တွင်လည်း လုံးဝတားဆီးပိတ်ပင်ခြင်း၊ တင်သွင်းခွင့်ကန့်သတ်ခြင်း တို့ကို ပြုလုပ်ထားကြပြီဖြစ်ရာ အာဆီယံနိုင်ငံများအတွင်း မျှော်မှန်း လူ့သက်တမ်းအောက်ဆုံးသို့ရောက်ရှိနေသည့် မိမိတို့နိုင်ငံသည် လည်း ပြည်ပမှ စီးကရက်၊ အီး - စီးကရက်တင်သွင်းမှုများကို လုံးဝပိတ်သိမ်းသင့်ပြီဖြစ်သည်။
အီး - စီးကရက်အငွေ့တွင် ပါဝင်သည့်ဓာတုပစ္စည်းများသည် ရေရှည်တွင် သုံးစွဲသူ၏အဆုတ်ကို ထိခိုက်ပျက်စီးစေနိုင်ပြီး ကင်ဆာရောဂါလည်း ဖြစ်ပွားစေနိုင်သည်။ ဓာတုဒြပ်ပေါင်းဖြစ် သည့် အီး-စီးကရက်အရည် (Vape)သည်လည်း အန္တရာယ် ကြီးမားပြီး ရေရှည်သုံးစွဲသူကို ငွေကြေးကုန်ကျမှုအရရော ကျန်းမာရေးကိုပါ ထိခိုက်စေသည်။ သုံးစွဲချင်စရာဖြစ်အောင် ဖန်တီးထားပြီး ဆွဲဆောင်မှုရှိသည့် အနံ့အရသာ၊ ခေတ်မီသည့် အရောင်အသွေး၊ အသွင်အပြင်များဖြင့် လူငယ်များအတွင်း ထိုး ဖောက်ဝင်ရောက်နေသည့် အီး - စီးကရက်သည် အဆုတ်ရောဂါ တစ်မျိုးကို ပြင်းထန်စွာ ဖြစ်ပွားစေနိုင်ပြီး ယင်းကြောင့် လူသေဆုံး မှုများလည်း ရှိနေပြီဖြစ်ကြောင်းနှင့် အီး - စီးကရက်အပါအဝင် ရေပြောင်း၊ ရှီရှားသုံးစွဲမှုများကို ရှောင်ရှားခြင်းဖြင့် လှုပ်ရှား တက်ကြွ၊ အားမာန်ပြည့်ဝသည့် လူငယ်လူရွယ်ဘဝတွင် ကျန်းမာ ခြင်းဆုလာဘ်ကိုပါ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။ ။