လက်တွဲမဖြုတ်စတမ်း ကြံ့ကြံ့ခံကျော်လွှားဖြတ်သန်း

 

မကြာမီ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယ ကျရောက် လာတော့မည်ဖြစ်သည်။ တောင်ပေါ်မြေပြန့် တစ်စည်းတစ်လုံး၊ တညီတညွတ်တည်းစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ သော်ငြား ဘိုးဘွားတို့၏ ထိုစိတ်ဓာတ်ကို အနာဂတ်သို့ ပခုံးပြောင်း သယ်ဆောင်ရာတွင်မူ    ပေါင်းစည်းမှုအားတို့    လျော့ပါးခဲ့သည်။ နိုင်ငံလွတ်လပ်ရေးရပြီးနောက် ၇၆ နှစ်တာကာလသို့ ရောက်ရှိ လာပြီဖြစ်သည့် ယနေ့ကာလတွင်မူ မိမိတို့နိုင်ငံသည် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန်အရေးထက် နိုင်ငံမပြိုကွဲ၊ မပျက်စီးစေရန်ပင် စိုးရိမ်ပူပန်ရသည့်အခြေသို့ ရောက်ရှိနေပြီဖြစ်သည်။


ယနေ့ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအားလုံး သည် နိုင်ငံရေးပြဿနာ၊ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့်  မဖြေရှင်းလိုခြင်းမှ  စတင်သည်။   လက်နက်ကိုင် ပဋိပက္ခ   ရှည်ကြာလာသည်နှင့်အမျှ  အမုန်းတရား၊ ရန်ငြိုးရန်စ အာဃာတအစိုင်အခဲတို့ ပို၍ပို၍ ကြီးလာသည်။ ပြဿနာကို ဖြေရှင်းရန် ပို၍ရှုပ်ထွေးနက်နဲလာပြီး ကိုင်စွဲထားသည့် လက်နက် များကို စွန့်လွှတ်ရန်လည်း ပို၍ခက်ခဲလာသည်။ နိုင်ငံရေးမတည် ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခများရှိနေမှုတို့က နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက်   ကြီးမားလှသည့်   အဟန့်အတားဖြစ်သည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူတို့ လက်ရှောင်ကြသည့်အတွက် လည်း စီးပွားရေးနောက်ကျနှေးကွေးကာ အကျိုးဆက်အနေဖြင့် လူမှုစီးပွားဘဝ နိမ့်ကျစေသည်။


ပြည်တွင်းပြဿနာများ၊ ပဋိပက္ခများသည် နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေရုံမျှသာမက နိုင်ငံ၏ ပုံရိပ်နှင့်နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေ သည်။  နယ်နိမိတ်ချင်းထိစပ်နေသော  အိမ်နီးချင်းနိုင်ငံတို့က   နယ်စပ်မျဉ်းတစ်လျှောက်  ခြံစည်းရိုးကာရံမှု  ပြုလာကြသည်။  မြန်မာနိုင်ငံ၏ပြဿနာ  ၎င်းတို့ဘက်ကူးစက်မလာရန်ဟူသော ရည်ရွယ်ချက်နှင့်ဖြစ်ရာ   လုံခြုံရေးအတွက်   ကောင်းပါသည်ဟု ဆိုမည်ဆိုလျှင် ဆိုနိုင်သော်လည်း၊ ပြဿနာနိုင်ငံအဖြစ် ရှုမြင်ခံ ရခြင်းအတွက် ရှက်မည်ဆိုလျှင် ရှယ်ဖွယ်ပင်ဖြစ်သည်။ ထို့အပြင် မိမိတို့၏ ပြည်တွင်းရေးပြဿနာတို့သည် အိမ်နီးချင်းနိုင်ငံတို့၏ မီဒီယာတို့တွင်   အလွဲလွဲအမှားမှား   ပုံဖော်ခံရခြင်း၊   လိုသလို ကောက်ချက်ဆွဲဖော်ပြခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ပုံရိပ်မှာ ၎င်းနိုင်ငံသားတို့၏ အမြင်၌ ညှိုးနွမ်းရသည်။


ဤသို့ဆိုလျှင် လွတ်လပ်ရေးရပြီးနောက် ၇၆ နှစ်တာ မြန်မာ နိုင်ငံသည် တိုင်းပျက်ပြည်ပျက်ကြီးသဖွယ် ပြိုလဲပျက်စီးနေခဲ့ပါ သလောဟုဆိုလျှင် လုံးဝမဟုတ်ပါဟုဆိုမှသာ မှန်မည်ဖြစ်သည်။ လက်နက်ကိုင်ဆန့်ကျင်သူတို့ ရှိသော်ငြားလည်း ဘိုးဘွားတို့၏ ပြည်ထောင်စုစိတ်ဓာတ်အမွေကို   ခံယူကာ  အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက်  စည်းလုံးညီညွတ်စွာ  အတူတကွ  ပူးပေါင်း တည်ဆောက်၊ အတူတကွ ပူးပေါင်းကာကွယ်သူ တိုင်းရင်းသား ပြည်သူလူထုအပေါင်း၏ စွမ်းပကားကြောင့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး     ဆက်လက်တည်တံ့ခဲ့ရခြင်းဖြစ်သကဲ့သို့ပင်  အခက်အခဲများကြားမှ အထိုက်အလျောက် တိုးတက်ခဲ့ရခြင်းဖြစ် သည်။ အဖျက်အင်အားတို့ထက်  တိုင်းပြု  ပြည်ပြုအင်အားတို့ ပိုမိုကြီးမားအားကောင်းခြင်းကြောင့်သာ   နိုင်ငံတည်တံ့နေခြင်း ဖြစ်သည်။ 


မျက်မှောက်ကာလ မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသည့် အခက် အခဲ၊ အကျပ်အတည်းဟူသမျှတို့သည် ပြည်ထောင်စုဖွား တိုင်းရင်း သား တိုင်းရင်းသူ၊ ညီအစ်ကိုမောင်နှမအားလုံး၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး   စည်းလုံးညီညွတ်စွာ   အေးအတူ ပူအမျှ စိတ်ဓာတ်ဖြင့် ရင်ဆိုင်ကျော်လွှားခြင်းဖြင့် အောင်မြင်မှုရရှိမည်ဟု ယုံကြည်သည်။ ထာဝရငြိမ်းချမ်းသည့်နိုင်ငံ၊ ခေတ်မီဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံ၊ စားရေရိက္ခာဖူလုံပြီး သာယာဝပြောသည့်နိုင်ငံကြီးကို  မျှော်မှန်း၍ တည်ဆောက်ကြရာတွင် ရင်ဆိုင်ကြုံတွေ့လာရသည့် အနှောင့်အယှက်၊ အဟန့်အတားတို့ကို လက်တွဲမဖြုတ်စတမ်း ကြံ့ကြံ့ခံ ကျော်လွှားဖြတ်သန်းရင်း ပြည်ထောင်စုကြီး ထာဝစဉ် တည်တံ့ခိုင်မြဲရေးအတွက် သမိုင်းပေးတာဝန်ကို မပျက်မကွက် ထမ်းဆောင်ကာ   သမိုင်းမှတ်ကျောက်တင်   ခံယူကြရပါမည့် အကြောင်း။         ။