
သင့်တင့်လျောက်ကတ်သည့်အရပ်၌နေခြင်းသည် မင်္ဂလာမည်၏
သင့်တင့်လျောက်ပတ်သည့်အရပ်၌ နေခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓမြတ်စွာဘုရား ဟောပါသည်။ သင့်တင့်လျောက်ပတ်သည့်အရပ်ဆိုသည်မှာ မည်သည့်အရပ်ဖြစ်သနည်း။
ကျွန်တော်တို့ မြန်မာလူမျိုးများတွင် ရှေးရိုးအစဉ်အလာအရ မနေသင့်သည့်အရပ်များ ရှိပါသည်။ ဥပမာလမ်းဦးတိုက်သည် မနေသင့်သည့်အရပ်ဖြစ်ပါသည်။ ရိုးရိုးတွေးလျှင်ပင် လမ်းဦးတိုက်ဖြစ်ခြင်းကြောင့် လမ်းပေါ်ကယာဉ် မိမိအိမ်ကို ဝင်တိုက်နိုင်သည့် အခြေအနေရှိ၍ ဖြစ်ပါသည်။ လမ်းထက်နိမ့်သည့်နေရာသည် မနေသင့်သည့် အရပ်ဖြစ်သည်။ လမ်းထက်နိမ့်နေ၍ လမ်းပေါ်က အမှိုက်များ အိမ်ဝင်းထဲ ကျနိုင်သည်။ လမ်းပေါ်က ရေများ မိမိအိမ်ထဲ စီးမည်။ လမ်းပေါ်က ယာဉ်တစ်စီး မိမိအိမ်ဝင်းထဲ လမ်းချော်ကျနိုင်သည်။ တွေးကြည့်လျှင်ပင် မနေသင့်သော အရပ်ဆိုသည်မှာ ထင်ရှားပါသည်။
တရုတ်လူမျိုးများမှာလည်း ဖုန်းရွှေ ဟု ခေါ်သည့် မင်္ဂလာရှိသည့်အရပ်၊ စီးပွား ဖြစ်သည့် အရပ်၊ လာဘ်လာဘ ကောင်း သည့်အရပ်၊ ကျန်းမာရေးအတွက်ကောင်း သောအရပ် စသည်ဖြင့် နေရာဒေသကို ရွေးချယ်သည့် ပညာရပ်ရှိပါသည်။ တရုတ်လူမျိုးများ အလွန်ယုံကြည်သလို လိုက်လည်း လိုက်နာကြပါသည်။
သင့်တင့်လျောက်ပတ်သော အရပ်ဒေသ လေးနေရာ
ကျွန်တော်တို့ မြန်မာလူမျိုးများတွင် သင့်တင့်လျောက်ပတ်သည့် အရပ်ဒေသ နှင့်ပတ်သက်၍ နီတိများတွင် မည်သို့ဆို သည်ကို တင်ပြလိုပါသည်။
ပထမအရပ်မှာ စီးပွားရေးအတွက် အရောင်းအဝယ်များ ဖွံ့ဖြိုးနိုင်သည့် အရပ် ဖြစ်ပါသည်။
ဒုတိယအရပ်မှာ ပညာသင်ကြားနိုင် သည့် နေရာဒေသ ဖြစ်ပါသည်။ အလွန်မှန်ပါသည်။ လေ့လာသင် ကြားခြင်းဆိုသည်မှာ စဉ်ဆက် မပြတ် လုပ်နေမှသာ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပြီး အောင်မြင်မှုကို လည်း ရေရှည် ထိန်းသိမ်းနိုင်ပါမည်။ တတိယအရပ်မှာ ဆေးဝါးဓာတ်စာ ဆေးဆရာရှိသောအရပ်ဟု နီတိက ဆိုပါသည်။ ဤအချက်သည်လည်း အဓိပ္ပာယ်ရှိပါသည်။ ကျန်းမာရေး ကောင်းမှ အောင်မြင်မှုကို ရရှိပါမည်။ အာရောဂျံပရာမံ လာဘံဆိုသည့် အတိုင်း ကျန်းမာခြင်းသည် လာဘ် တစ်ပါး ဖြစ်ပါသည်။ ကျန်းမာရေးနှင့် အစဉ်ပြည့်စုံနေရန် ဆရာဝန်ရှိသော အရပ်မှာ နေရမှာ ဖြစ်ပါသည်။ စတုတ္ထအရပ်မှာ ရာသီဥတု ညီမျှ၍ စပါးဆန်ရေ ပေါများသော အရပ် ဒေသဖြစ်ပါသည်။ ရာသီဥတုညီညွတ် မျှတမှုရှိမှ သက်သောင့်သက်သာ နေထိုင်နိုင်ပြီး ကျန်းမာရေးလည်း ပြည့်စုံပါမည်။ ရာသီဥတု ညီညွတ် မျှတမှုရှိမှ စိုက်ပျိုးရေးများလည်း အောင်မြင်ဖြစ်ထွန်းပါမည်။
အထက်ပါ သင့်တင့်လျောက်ပတ် သော အရပ်ဒေသလေးနေရာတွင် ကျွန်တော်တို့ မနေထိုင်ခဲ့လျှင် အောင်မြင် မှုရရန် ခက်ခဲပါမည်။
မြန်မာစကားပုံများ
“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုသည့် စကားပုံအတိုင်း နီတိက ဆို သည့် အရပ်သို့ ပြောင်းရန် ကြိုးစားအား ထုတ်ရပါမည်။ သတိထားရမည်က ပြောင်းသည့်အခါ စဉ်းစားတွက်ချက်ခြင်း လုပ်ပြီးမှ ပြောင်းရန် လိုပါသည်။ သို့မဟုတ်ပါက “သေချင်သည့်ကျား တောပြောင်း” ဆိုသကဲ့သို့ မိမိလက်ရှိ နေရာထက် ပိုဆိုးသော အရပ်ဒေသသို့ ရောက်သွားနိုင်ပါသည်။
အင်္ဂလိပ်စကားပုံများ
အရပ်ဒေသ ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်လျှင် အင်္ဂလိပ်စကားပုံ "Rolling Stone gathers no moss" သည် အလွန်မှတ်သားစရာ ကောင်းပါ သည်။ အင်္ဂလိပ်စကားတွင် နေရာအခြေ တကျ မရှိတဲ့သူ၊ လှည့်လည် သွားလာနေ တဲ့သူများကို rolling stone လို့ ခေါ်လေ့ ရှိပါသည်။ နေရာအခြေတကျ မရှိသူ သည် မကြီးပွားနိုင်ဟု စကားပုံက ဆိုပါ သည်။ ဤထက်ပို၍ အဓိပ္ပာယ်ဖွင့်ရလျှင် အလုပ်တစ်ခုတွင် စူးစူးစိုက်စိုက် အခြေ တကျ မလုပ်ဘဲ အလုပ်တစ်ခုပြီး တစ်ခု ပြောင်း နေလျှင်လည်း အောင်မြင်ကြီးပွား ရန် ခက်ခဲပါမည်။ သင့်တင့်လျောက်ပတ် သည့်အရပ်ကို ပြောင်းရမည် ဆိုသော် လည်း မကြာခဏ ပြောင်း၍တော့ မဖြစ် ပါ။ ယနေ့လူငယ်အများစုသည် အလုပ် တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့မှုများ အလွန် မြန်လွန်းပါသည်။ အလုပ်တစ်ခု တွင် အချိန်အတိုင်းတာတစ်ခု အချိန်ပေး ၍ လုပ်သင့်ပါသည်။ ဆန့်ကျင်ဘက်အနေ နှင့်က ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သော နေရာတွင် အချိန်ကြာမြင့်စွာ လုပ်ခြင်း ဖြစ်ပါသည်။ "Strengthlessness water spoil" ဆိုသည့် အင်္ဂလိပ်စကားပုံ၏ အဓိပ္ပာယ်မှာ “သေနေသည့် ရေသည် လတ်ဆတ်မှု မရှိ” ဟု တိုက်ရိုက် ဘာသာ ပြန်နိုင်ပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုး တက်မှု မရှိနိုင်သည့်နေရာတွင် အချိန် ကြာမြင့်စွာ နေမိလျှင် သေသည့်ရေ ဖြစ် သွားပါမည်။ မည်သည့်အချိန်တွင် ရွှေ့ မည်၊ မည်သည့်နေရာကို ရွှေ့မည်ဆိုသည့် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်သည့် ဉာဏ်ရှိရန်တော့ လိုပါသည်။ ထိုဉာဏ် ဖွံ့ဖြိုးတိုးတက်ရန် စာဖတ်ရပါမည်။
အပြစ်ခြောက်ပါးမကင်းသည့်အရပ်
“ပတိရူပဒေသဝါသောစ” ဟု ခေါ် သည့် သင့်တင့်လျောက်ပတ်သည့် နေရာ တွင် နေခြင်းနှင့် ပတ်သက်ပြီး အပြစ် ခြောက်ပါး မကင်းသည့်အရပ်ကို ရှင်းပြ လိုပါသည်။ မင်းများကို ခစားသည့်အခါ အပြစ်ခြောက်ပါး ကင်းသည့်အရပ်မှ ခစားရပါမည်။ ရှေးအခါက မင်းဆိုသည် မှာ ဘုရင်ဖြစ်သော်လည်း ယခုခေတ် အခါတွင် မင်းဆိုသည်မှာ အစိုးရဖြစ်ပါ သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အစိုးရဌာနများတွင် မိမိထက်ကြီးသည့် ဌာနအကြီးအမှူးက မင်းဖြစ်သကဲ့သို့ ကုမ္ပဏီတွင် လုပ်လျှင် မိမိထက် ရာထူး ကြီးသူ၊ ကုမ္ပဏီ၏ အကြီးအကဲသည် မင်းဖြစ်ပါသည်။
အပြစ်ခြောက်ပါးနှင့် မကင်းသည့် နေရာများကို ဖော်ပြရလျှင်-
၁။ ဝေးလွန်းသည့်နေရာ ဖြစ်ပါ သည်။ လူကြီးနှင့် အဝေးကြီးတွင် ထိုင်သည့်အခါ လူကြီးပြော သည်ကို ကိုယ်မကြားနိုင်၊ ကိုယ် တစ်စုံတစ်ခု ပြောလိုလျှင်လည်း လူကြီးကြားရန် ခက်ပါသည်။
၂။ နီးလွန်းသည့်နေရာ ဖြစ်ပါသည်။ နီးလွန်းသည့်အတွက် မိမိ၏ လှုပ်ရှားမှုသည် ရိုင်းပျသည့် အမူ အရာဖြစ်ခဲ့လျှင် လူကြီးက အလွယ်တကူ မြင်နိုင်ခြင်း၊ လူကြီးပြောလိုက်သည့် စကား ကို မိမိက မကြိုက်သည့်အခါ မိမိ မျက်နှာအမူအရာကို လူကြီးက အလွယ်တကူ မြင်နိုင်၍ ဖြစ်ပါ သည်။
၃။ လူကြီး၏ ရှေ့တည့်တည့်နေရာ မှာ မနေသင့်ပါ။ ရှေ့တည့်တည့် မှာ နေသည့်အတွက် လူကြီးက မိမိမျက်နှာကို သေသေချာချာ အနီးကပ် မြင်ရသည့်အတွက် မိမိနေရထိုင်ရ ခက်ခဲပါမည်။ လူကြီးစကားပြောသည့်အခါ ဂရုတစိုက် နားထောင်သည့်ပုံစံ၊ နှင့် လူကြီး မျက်နှာကိုကြည့်သည့် အခါ မျက်လုံးကို တည့်တည့် ကြည့်မိနိုင်၍ ရိုင်းရာ ကျတတ် ပါသည်။
၄။ နောက်တည့်တည့် နေရာဖြစ်ပါ သည်။ မနေသင့်သည့်နေရာ ဖြစ် ပါသည်။ လူကြီး၏ နောက်မှာ နေခြင်းပါ။ ခေတ်စကားနှင့် ပြောလျှင်ကျည်ကွယ်မျက်ကွယ် ဟု ဆိုရပါမည်။ တချို့က လူကြီး နှင့် အစည်းအဝေးလုပ်သည့်အခါ ကျည်ကွယ်မျက်ကွယ်ကို ရွေး ထိုင်ကြပါသည်။ နောက်တည့် တည့်မှာ နေသည့်အတွက် မိမိကို လူကြီးက သတိမပြု ဖြစ်နိုင်သလို၊ မိမိပြောတာကို လည်းမကြားနိုင်ပါ။ ကျည်ကွယ် မျက်ကွယ်သည် မထိုင်သင့်သည့် နေရာဖြစ်ပါသည်။
၅။ လူကြီးထက်မြင့်သည် နေရာ သည် မထိုင်သင့်သော နေရာ ဖြစ်ပါသည်။ အထူးရှင်းပြရာ မလိုပါ။ အဂါရဝ ဖြစ်ပါ သည်။
၆။ လေညာမှာ မနေသင့်ပါ။ လေညာမှာနေသည့်အခါ မိမိ တွင် ဆိုးရွားသည့်အနံ့ အသက် များရှိပါက လူကြီးထံသို့ အလွယ် တကူ ရောက်သွားနိုင်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ အနံ့ပြင်းသော ရေမွှေးသုံးသည့် အခါ လူကြီးထံရောက်သွား နိုင်ပြီး မိမိရေမွှေးနံ့ကြောင့် လူကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေပါသည်။
မနေသင့်သော အရပ်ဒေသခြောက်ခု
အပြစ်မကင်းသည့် အရပ်များကို ရှင်းပြုပြီးနောက် ခေတ်နှင့်လျော်ညီသည့် မနေသင့်သော ခြောက်နေရာကို တင်ပြ ပါမည်။ မနေသင့်သော အရပ်ကို သိလျှင် နေသင့်သည့်အရပ်ကို သိပါမည်။
၁။ တရားဥပဒေစိုးမိုးမှု မရှိသည့် နေရာမှာ မနေသင့်ပါ။ တရား ဥပဒေစိုးမိုးမှု မရှိလျှင် မိမိ အတွက် အန္တရာယ်ရှိပါသည်။ စီးပွားလည်း မဖြစ်နိုင်ပါ။
၂။ ဗြဟ္မစိုရ်တရား လေးပါး ခေါင်းပါး သည့်နေရာတွင် မနေသင့်ပါ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုသည့် ဗြဟ္မစိုရ်တရား လေးပါး ခေါင်းပါးသည့်နေရာ တွင်နေလျှင် စိတ်ချမ်းသာမှုရရန်၊စီးပွားဖြစ်ရန် ခက်ခဲပါ သည်။
၃။ ဟီရိဩတ္တပ္ပလို့ ခေါ်သည့် အရှက် အကြောက်တရားနှစ်ပါး ကင်း သည့်နေရာတွင် မနေသင့်ပါ။ အရှက်တရားအကြောက်တရား မရှိလျှင် လူနှင့် တိရစ္ဆာန်အတူတူ ဖြစ်သွားပါသည်။ ရိုင်းပျမှုတွေ ကြီးစိုးပါမည်။ ရာဇဝတ်မှုများ ထူပြောပါမည်။
၄။ သဘာဝဘေးအန္တရာယ် ပေါများ သည့်နေရာတွင် မနေသင့်ပါ။ မြေတွေ ပြိုနိုင်သည့် နေရာ၊ ငလျင်တွေ ခဏခဏလှုပ်သည့် နေရာ၊ မုန်တိုင်းတွေ ခဏခဏ ဝင်သည့် နေရာ၊ ရေကြီးလေ့ရှိ သည့် နေရာများသည် စီးပွားဖြစ် ရန် ခက်ခဲ၍ မနေသင့်သည့် အရပ်ဖြစ်ပါသည်။
၅။ လေ့လာသင်ကြားခြင်း မရနိုင် သည့်နေရာသည် မနေသင့်သည့် အရပ်ဖြစ်ပါသည်။ ခေတ်စကား နှင့် ပြောရလျှင် အင်တာနက် မရသည့်နေရာတွင် မနေသင့်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ ခေတ်သည် အသိပညာခေတ် ဖြစ်ပါသည်။ ဆင်းရဲတာ ရှက် စရာ မဟုတ်ပါ။ အသိပညာ ဆင်းရဲလျှင် ရှက်စရာကောင်း သည့်ခေတ် ဖြစ်ပါသည်။ နေ့စဉ် စဉ်ဆက်မပြတ် အသိ ပညာ၊ အတတ်ပညာများ လေ့လာဆည်းပူးနေရန် လိုပါ သည်။
၆။ ဆရာသမားကောင်းများ မရှိ သည့်နေရာတွင် မနေသင့်ပါ။ ဆရာသမားများက ကျွန်တော် တို့ ပြောဆိုပြုမူဆောင်ရွက် ချက်များ၏ အမှန်၊ အမှားကို လမ်းညွှန်နိုင်ပါသည်။ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားပြနိုင်ပါ သည်။
နိဂုံးချုပ်အားဖြင့် ယခုတင်ပြခဲ့သည့် ခြောက်နေရာကို ရှောင်ရှားနိုင်လျှင် မင်္ဂလာတရားတော်နှင့်ညီသော အရပ် ဒေသတွင် နေခြင်းဖြစ်၍ စီးပွားဥစ္စာများ တိုးတက်ပြီး အောင်မြင်မှုကို ရယူပိုင်ဆိုင် နိုင်ပါမည်။
“မှတ်သားစရာ”
- သင့်တင့်လျောက်ပတ်သော အရပ် ဒေသများတွင် နေထိုင်၍ အသိပညာ အတတ်ပညာများ နေ့စဉ်လေ့လာ သင်ကြားခြင်းဖြင့် အောင်မြင်မှုကို ... ရနိုင်ပါသည်။ ။
ကျော်ကျော်လှိုင်
ဗုဒ္ဓအဆုံးအမဖြင့် အောင်မြင်ခြင်း စာအုပ်ပါ အကြောင်းအရာများသည် မင်္ဂလာတရားတော် ၃၈ ပါးအနက်မှ ၃၁ ပါးကို ခေတ်အမြင်ဖြင့် စာရေးသူက တစ်ပါးချင်းလေ့လာပြီး ဘဝအတွေ့အကြုံများပါ ပေါင်းစပ်ရေးသားထားခြင်း ဖြစ်ပါသည်။ စာဖတ်သူပရိသတ်များအနေဖြင့် မင်္ဂလာတရားတော်နှင့်အညီ လောကီအကျိုး၊ လောကုတ္တရာအကျိုးများ ရရှိဆင်ခြင်နိုင်စေရန် စေတနာမွန်ဖြင့် ထုတ်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ စာတည်းအဖွဲ့
- Log in to post comments