
ချစ်နိုင်(စိတ်ပညာ)
ချစ်စွာသောတူမောင်
ရွှင်လန်းချမ်းမြေ့ပါစေ . . .
ပဏာမ
ဆရာအောင်သင်းရေးတဲ့ စဉ်းစားစရာလေးတွေဆိုတဲ့ စာအုပ် (၂ဝဝ၂ ခုနှစ် ဇွန်လထုတ်)မှာ အောက်ပါအတိုင်း ရေးသားထားတာကို ဖတ်ရှုရပါတယ်-
“ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ကြုံလာတဲ့အခါ သက်ဆိုင်ရာ အခြေခံအချက်အလက်တွေကို ပြည့်ပြည့်စုံစုံမသိသေးဘဲ အရမ်းလုပ်လို့ မဖြစ်နိုင်ဘူးမဟုတ်လား။ ဒီအချိန်မှာ ချင့်ချိန်ရမှာပဲပေါ့။ အကုန်လုံးကို တစ်စမကျန် သိနေပြီဆိုရင် ဘာမှ ချင့်ချိန်နေစရာ မလိုတော့ဘူး။ လုပ်ချင် လုပ်၊ ဆုတ်ချင် ဆုတ်၊ အလွယ်တကူ ဆုံးဖြတ်လို့ရတယ်။ ဆိုကြပါစို့၊ စစ်ဗိုလ်တစ်ယောက်က ရန်သူတပ်နဲ့ရင်ဆိုင်ဖို့ ပြဿနာ ပေါ်လာပြီဆိုရင် အခြေခံ အချက်အလက်တွေကို စုဆောင်းရတော့ မယ်။ ရန်သူအင်အား ဘယ်လောက်ရှိသလဲ။ ဘယ်လိုလက်နက်မျိုးတွေ ကိုင်ထားတာရှိသလဲ။ ရန်သူတွေရဲ့ ကျည်ကွယ်မျက်ကွယ် မြေပြင် အနေအထား၊ ရန်သူရဲ့စိတ်ဓာတ် စတာတွေကို အားလုံးသိနေအောင် စုံစမ်းထားပြီး ကိုယ့်အင်အားနဲ့ ချိန်ဆကြည့်ရမှာပေါ့။ အဘက်ဘက်မှာ ကိုယ့်ဘက်က သာလွန်နေရင် တိုက်ပစ်လိုက်ရုံပေါ့။ ဒီလိုမဟုတ်ဘဲ ရန်သူက လက်နက်အင်အား သာနေတယ်။ သို့သော်လည်း ကိုယ့် ဘက်က မြေပြင်အနေအထား ကောင်းနေတယ်။ အလစ်ဝင်တိုက်လို့ ရနိုင်တယ်ဆိုရင်လည်း တိုက်နိုင်တာပဲ။ ဒီလိုမှမဟုတ်ဘဲ ကိုယ့် ဘက်က အဘက်ဘက်မှာ အားနည်းနေတယ်၊ တိုက်ရင် ရှုံးမှာပဲလို့ သိနေရင် ဆုတ်ခွာဖို့ ဆုံးဖြတ်ရတော့မှာပေါ့။ ပြောချင်တာက လိုအပ်တဲ့ အချက်အလက်တွေကို အပြည့်အစုံသိနေရင် ဆုံးဖြတ်ရတာ လွယ်သွား တာပါပဲ”။
နိဒါန်း
ဆရာအောင်သင်းဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ လက်ထောက်ကထိက လုပ်ခဲ့ဖူးတယ်။ မေမြို့(ယခုပြင်ဦးလွင်) စစ် တက္ကသိုလ်မှာလည်း ဆရာလုပ်သွားခဲ့ဖူးတယ်။ ဆရာပေးတဲ့ ဥပမေယျ နဲ့ ဆရာရေးတဲ့(အမေးကို ဖြေတဲ့) အထက်ပါ “ပြဿနာဖြေရှင်းနည်း” ဟာ အနှစ်ချုပ်အဖြစ် အတော်ကောင်းပါတယ်။ ယခု ဦးဦးက ပုံစံကျ ပြဿနာဖြေရှင်းနည်းတစ်ခုကို တူမောင်အတွက် ပေးမှာဖြစ်ပါတယ်။ ဆရာဦးအောင်သင်း မိန့်ကြားတဲ့စကားကို ရှင်းလင်းပေါ်လွင်အောင် တစ်ဆစ်စီ ခွဲခြားဖော်ပြတာလို့လည်း ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။
ရည်ရွယ်ချက်
ပြဿနာတစ်ရပ်ကို ကြုံတွေ့ရင်ဆိုင်ရလို့ ဖြေရှင်းတော့မယ်ဆိုရင် ဦးစွာပထမ ရွေးချယ်ချမှတ်ရမှာက ရည်ရွယ်ချက်ဖြစ်ပါတယ်။ မိမိက ဘာဖြစ်ချင်သလဲ။ ရည်ရွယ်ချက်ကို တိတိကျကျ သတ်မှတ်ရမယ်။ ဝေဝေဝါးဝါး မဖြစ်စေရဘူး။ ရှင်းရှင်းလင်းလင်းဖြစ်ရမယ်။ တတ်နိုင်ရင် စာနဲ့ ရေးချပြီး အခါခါ စစ်ဆေးဖတ်ရှုသင့်တယ်။ ရည်ရွယ်ချက်က တစ်ခုပဲဖြစ်ရမယ်။ နှစ်ခွ မဖြစ်ရဘူး။ သုံးခု လေးခု ထားလို့လည်း မရဘူး။ တစ်ခုဖြေရှင်းပြီး နောက်တစ်ခု ဆက်စဉ်းစားချင်ရင်ရတယ်။ ပြဿနာကို ကိုင်တွယ်ရာမှာတော့ အညှာဖြစ်တဲ့ အဓိက ရည်ရွယ်ချက် မထွေပြားရဘူး။ ပြတ်ပြတ်သားသား တစ်ခုပဲထား။
အကျုံးဝင်တဲ့အချက်
ရည်ရွယ်ချက် တိတိကျကျ သိရပြီဆိုရင် ဒါနဲ့အကျုံးဝင်တဲ့ အချက် အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေစုဆောင်းရမယ်။ မေးမြန်း စုံစမ်းရမယ်။ ထောက်လှမ်းရယူရမယ်။ လေ့လာစူးစမ်းရမယ်။ သတင်း အချက်အလက်တွေမကျန်အောင်၊ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ယူရ မယ်။ ဥပမာ ဆိုပါစို့-
(၁) လူအင်အား
(၂) လက်နက်အင်အား
(၃) စိတ်ဓာတ်အခြေအနေ
(၄) တည်နေရာ
(၅) သူတို့ရဲ့ ရည်ရွယ်ချက်
(၆) ပြည်သူလူထုရဲ့ သူတို့အပေါ် သဘောထား
(၇) ခေါင်းဆောင်ရဲ့ အရည်အချင်း၊ အလေ့အထ
(၈) သူတို့ရဲ့ လေ့ကျင့်မှု၊ ကျွမ်းကျင်မှု
(၉) မြေပြင်အခြေအနေ
(၁၀) ချဉ်းလမ်းနဲ့ ရာသီဥတုရဲ့ သဘာဝဖော်ထုတ်ချက်
ပိုမိုတိကျစေ့စပ်အောင်ပြောရင် စစ်ရေးစစ်ရာ သေနင်္ဂဗျူဟာကို သုံးသပ်ဆင်ခြင်တဲ့နေရာမှာ အောက်ပါ အချက်အလက်များနဲ့ အခြေခံ စဉ်းစားရလေ့ရှိပါတယ် -
(က) အင်အားနှိုင်းယှဉ်ချက်
(ခ) မြေအနေအထား
(ဂ) ချဉ်းလမ်း
(ဃ) အချိန်နဲ့ အကွာအဝေး
(င) ရာသီဥတု
(စ) ဆက်သွယ်ရေး
(ဆ) ရွှေ့ပြောင်းလွယ်ကူမှု
ကွဲကွဲပြားပြား မှတ်သားမိအောင် သတိပေးလိုက်ချင်ပါသေးရဲ့။ စုဆောင်းရရှိတဲ့ အချက်အလက် FACTS အပေါ်မှာတင် စဉ်းစားရမှာ မဟုတ်ဘူးနော်။ ရည်ရွယ်ချက်ကို လွှမ်းမိုးထိပါးစေမယ့် အခြင်းအရာ FACTORS ကို ရနိုင်သမျှ ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်။ မကျန် စေရဘူး။ ပြည့်စုံအောင်သိလေ ဆုံးဖြတ်ရတာ မှန်ကန်လေပဲ။
ဖော်ထုတ်ချက်ဆိုတာ ခေါင်းထဲမှာတင် အသေးစိတ် တွေးတော ဆင်ခြင်သုံးသပ်တာပဲ။ စစ်သင်တန်းနဲ့ စစ်ကျောင်းကြီးများမှာတော့ စစ်ရေးသုံးသပ်ချက်ကို အသေးစိတ်ရေးချပြီး လေ့ကျင့်ရတတ်တယ်။ အဲဒီလို ရေးရေးပြီး လေ့ကျင့်ရတော့ အချိန်ကြာတာပေါ့။ ဒါကြောင့် တချို့က သရော်သလိုလို လှောင်သလိုလိုနဲ့ နှိမ်တတ်တယ်။
ရွေးချယ်
ဖော်ထုတ်ချက်တွေ စုံလင်ပြီဆိုရင်တော့ မိမိလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ စဉ်းစားလို့ ရပြီ။
(၁) တိုက်ချင် တိုက်နိုင်တယ်
(၂) ဆုတ်လျှင် ဆုတ်နိုင်တယ်
(၃) တိုက်ပြီး သိမ်းပိုက်ထားရင်လည်း ရတယ်
(၄) တိုက်ပြီး အမြန်ဆုတ်ခွာရင်လည်း ရတယ် စတဲ့ နည်းလမ်း တွေ ရွေးချယ်ခွင့်ရှိလာမယ်။ ကဲ - ကိုယ့်အတွက် အကျိုးအရှိဆုံး၊ အကောင်းဆုံး နည်းလမ်းတစ်ခုကို ရွေးချယ်ရုံပဲပေါ့။ ပြီးပြီလား။ မပြီး သေးဘူး။
စီမံချက်
အဲဒီနည်းလမ်းကို စီမံချက် ရေးဆွဲချမှတ်ရဦးမယ်။ ဘာတွေ ပါရ မလဲ -
(၁) ရန်သူနဲ့ မိမိအခြေအနေ
(၂) ရည်ရွယ်ချက်
(၃) နည်းလမ်း
(၄) အုပ်ချုပ်ထောက်ပံ့မှု အစီအစဉ်
(၅) ကွပ်ကဲမှုနှင့် ဆက်သွယ်ရေး
လူငယ်တွေကိုပြောတာမို့ လူငယ်တွေ စိတ်ဝင်စားလောက်တဲ့ စုံထောက်သဘော စစ်တိုက်တဲ့သဘော နမူနာတွေကို ပြောဆိုရတာ ဖြစ်ပေမယ့် ဘဝသမုဒ်ပြင်ကျယ်ကြီးမှာ ဘယ်လိုပြဿနာမျိုးပဲ ကြုံ တွေ့ရသည်ဖြစ်စေ၊ ဒီဖြေရှင်းပုံ၊ ဒီပုံစံ နည်းစနစ်ကတော့ ယေဘုယျ သဘော ဒါပါပဲ။
ပုံစံသဘော
၃ x ၃ = ၉ တဲ့။ အမြှောက်အလီဥပမာ။
နွားသုံးကောင်စီပါတဲ့ အုပ်စုသုံးစု ထွက်သွားရင် ကိုးကောင်ဖြစ်ပါ တယ်။ လူသုံးယောက်စီပါတဲ့ အဖွဲ့သုံးဖွဲ့ ဝင်လာရင် စုစုပေါင်း လူ ကိုးယောက် ဖြစ်ပါတယ်။ ရဟန်းသုံးပါးပါတဲ့ အစုအဝေး သုံးစု ကြွချီ တော်မူလာရင် စုစုပေါင်း ရဟန်းကိုးပါးဖြစ်ပါတယ်။
ကိန်းဂဏန်းသင်္ချာရဲ့ သဘောကတော့ အခြေခံအနေနဲ့ ၃ x ၃ = ၉ ဆိုတာ ဖော်ပြချက်ပဲပေါ့။ ပစ္စည်းသုံးခုပဲ သုံးပုံ ပုံပုံ။ ကြောင်သုံးကောင်စီ သုံးနေရာရှိရှိ။ အဖြေကတော့ (၉)ချည်းပဲနော်။
နိဂုံး
အခု တူမောင်ကို ဦးဦးပေးတဲ့ ပြဿနာကိုဖြေရှင်းနည်းဆိုတာ ဟာလည်း အလွယ်ဆုံး အရှင်းဆုံးနဲ့ အဆင့်ဆင့်စဉ်းစားနည်း ဖြစ်ပါ တယ်။ ကြိုက်ရင်သုံးကြည့်၊ အကျိုးရှိလိမ့်မယ်။ မကြိုက်ရင် မသုံးနဲ့။ ဦးဦးအကြံပေးတာ လက်မခံလို့ စိတ်မဆိုးဘူး။ မောင့်သဘော။ တစ်ခု ပြောချင်တာက (ဦးဦးတစ်ယောက်ရဲ့ ကိုယ်တွေ့ကို ပွင့်ပွင့်လင်းလင်း တင်ပြရရင်) အဲဒီစဉ်းစားပုံကို အသုံးပြုပြီး အခက်အခဲအမျိုးမျိုးကို ကျော်လွှားအောင်မြင်ခဲ့တယ်ဆိုတဲ့ အချက်ပါပဲကွယ်။
ချစ်စွာသော
ချစ်နိုင်(စိတ်ပညာ)
ရွှေနိုင်ငံဂျာနယ်
အတွဲ(၁)၊ အမှတ်(၁၁)၊ ၁၆-၈-၂၀၀၂
- Log in to post comments