
ရန်ကုန် ဖေဖော်ဝါရီ ၇
၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် အင်ဒိုနီးရှားနိုင်ငံ၌ လေ့ကျင့် နေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် ဖေဖော်ဝါရီ ၇ ရက်က အင်ဒိုနီးရှားလိဂ်ချန်ပီယံ Bintang Timur FC အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၁၁ ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အင်ဒိုနီးရှားခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲ သုံးပွဲကစားမည်ဖြစ်ပြီး ပထမဆုံးခြေစမ်းပွဲတွင် ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ပထမပိုင်းတွင် သုံးဂိုးပြတ်အရေးနိမ့်နေပြီး ဒုတိယ ပိုင်းတွင် ရှစ်ဂိုးပေးလိုက်ရကာ ပေးဂိုး ၁၁ ဂိုးအထိရှိခဲ့သည်။ မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ဒုတိယပိုင်းတွင် ကိုကိုလွင်က သွင်းယူခဲ့သည်။ Bintang Timur FC အသင်းသည် အင်ဒိုနီးရှားဖူဆယ် လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲထားသည့်အသင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဒုတိယခြေစမ်းပွဲအဖြစ် ဖေဖော်ဝါရီ ၉ ရက်တွင် Bintang Timur FC အသင်းနှင့် ထပ်မံကစားမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - MFF