၁၉၉၀ ပြည့်နှစ်ဝန်းကျင် ကမ္ဘာ့ဝါဒကြီးနှစ်ရပ်တို့၏ ပြိုင်ဆိုင်မှု ဖြစ်သော စစ်အေးတိုက်ပွဲ ပြီးဆုံးသွားပြီးနောက်တွင် ကမ္ဘာ့နိုင်ငံအများအပြား စီးပွားရေးအားကောင်းမောင်းသန်ရေး ကြိုးပမ်းမှုများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုများလည်း မကြုံစဖူးရရှိ ခဲ့ကြသည်။ အာရှ၊ အာဖရိက၊ တောင်အမေရိကတို့မှ နိုင်ငံများစွာတို့မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားဖွံ့ဖြိုးမှုဖြစ်စဉ်ကြီးထဲတွင် ပါဝင်နိုင်ခဲ့ကြသည်။
တစ်ချိန်က အိပ်မောကျနေသည့် ကမ္ဘာ့လူမမာကြီးသဖွယ် ရှုမြင် ခံခဲ့ရသည့် အာရှတိုက်မှာ စီးပွားရေးအင်အားကြီး ဒေသကြီးအဖြစ် ထွက်ပေါ်လာခဲ့သည်။ ကမ္ဘာ့ပြည်ပပို့ကုန်ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံ ခန့်ကို ထုတ်ပေးသည့် ဒေသ၊ ကမ္ဘာ့နိုင်ငံခြားအရန်ငွေကြေး သုံးပုံနှစ်ပုံ ကို ပိုင်ဆိုင်သည့် ဒေသဖြစ်သော အာရှသည် ကမ္ဘာ့စီးပွားရေး၏ အဓိကကျသော အင်ဂျင်တစ်လုံးဖြစ်လာခဲ့သလို ကမ္ဘာ့ပါဝါ၏ လားရာ သည်လည်း အနောက်မှအရှေ့သို့ ရွေ့လျားလာခဲ့သည်။ အာရှဟုဆိုရာ တွင် အရှေ့အာရှက အဓိကဖြစ်ပြီး တရုတ်၊ ဂျပန်နှင့် ကိုရီးယားတို့က စီးပွားရေးအင်အားကြီးမားမြင့်မားလာမှုနှင့်အတူ အနောက်နိုင်ငံတို့၏ အစဉ်အလာအရ လွှမ်းမိုးထားမှုများကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။ အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာ့စီးပွားရေး အင်အားအကြီးမားဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံကိုပင် အမှီ လိုက်လာသလို သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင်လည်း အချို့ နည်းပညာများ၌ အမေရိကန်ကို ကျော်လွန်သွားခဲ့သည်ကို တွေ့ရ သည်။
ယင်းသို့သော အခြေအနေများက ကမ္ဘာ့နံပါတ်တစ်နိုင်ငံအဖို့ စစ်အေးခေတ်ပြီးကာလတွင် နောက်ထပ်ယှဉ်ပြိုင်လာမှုတစ်ခု ပေါ်ပေါက်လာသည့်သဖွယ်ဖြစ်ပြီး ဒေသတွင်း ဩဇာလွှမ်းမိုးထား နိုင်မှုအပေါ်တွင်ပါ ခြိမ်းခြောက်လာသည့်အခြေအနေမျိုးလည်း ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကမ္ဘာ့အာရုံစူးစိုက်ရာဒေသသည် အင်ဒိုပစိဖိတ်ရပ်ဝန်းပင်ဖြစ်ပြီး ကမ္ဘာ့အင်အားကြီးတို့၏ အားပြိုင် မှုများကိုလည်း အဆိုပါရပ်ဝန်း၌ပင် တွေ့မြင်ရမည်ဖြစ်သည်။ ရှည်လျားသည့် ကမ်းရိုးတန်းများကို ပိုင်ဆိုင်ပြီး အရှေ့တောင်အာရှ နှင့် တောင်အာရှဒေသတို့၏ ပေါင်းကူးနေရာတွင် တည်ရှိနေသည့် မြန်မာနိုင်ငံ၏ ပထဝီအနေအထားမှာ အင်ဒိုပစိဖိတ်မဟာဗျူဟာတွင် အချက်အချာကျသည့်နေရာ၌ တည်ရှိနေသည်။
မျက်မှောက်ကာလ နိုင်ငံတကာအခြေအနေများဖြစ်သည့် ဒေသတွင်းအုပ်စုဖွဲ့မှုများ၊ စစ်ရေးချဲ့ထွင်မှုများ၊ အင်အားကြီးနိုင်ငံများ၏ မဟာဗျူဟာနှင့် စီးပွား ရေးပြိုင်ဆိုင်မှုများ၊ အမျိုးသားအကျိုးစီးပွားအပြိုင်အဆိုင် ဖော်ဆောင် မှုများ၊ လက်နက်အပြိုင်တပ်ဆင်မှုများက ပဋိပက္ခများဆီသို့ ဦးတည် သွားနိုင်သည့်အခြေအနေမျိုးဖြစ်သည်။ ဒေသတွင်း တည်ငြိမ်အေးချမ်း ရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်မှာ ပဋိပက္ခများနှင့် ထိပ်တိုက်ရင်ဆိုင်မှု များ၊ အင်အားပြမှုများကို ရှောင်ရှားကာ ယုံကြည်မှုတည်ဆောက်ရေး တိုးမြှင့်ဆောင်ရွက်ခြင်း၊ စစ်ရေးမဟုတ်သော ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားရန် လိုအပ်သည်ဟု မြန်မာနိုင်ငံအနေဖြင့် ရှုမြင်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လွတ်လပ်သည့် အချုပ် အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ ကမ္ဘာ့နိုင်ငံအားလုံး နှင့် မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိပြီး နိုင်ငံတကာရေးရာများနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အပြည့် အဝ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် မိမိတို့၏ ပြည်တွင်းနိုင်ငံရေးကို တည်ငြိမ်အေးချမ်းမှု ရရှိစေရန် ကြိုးပမ်းလျက် ရှိပြီး ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ်ကို မှန်မှန်ကန်ကန်၊ ပီပီပြင်ပြင် ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။