အဆင်ခြင်မဲ့ယုံကြည်မိခြင်းကြောင့် လမ်းမှားကို မလျှောက်မိကြစေလို

 

ယနေ့မြန်မာနိုင်ငံတွင်  ပြည်သူအများစု  သတင်းရယူကြသည့် မီဒီယာဟုဆိုလျှင်   လူမှုကွန်ရက်များက   အဓိကဖြစ်နေသည်။ တရားဝင်ထုတ်ဝေထုတ်လွှင့် ဖြန့်ချိနေကြသည့် နိုင်ငံပိုင်မီဒီယာ များ၊ ပုဂ္ဂလိကပိုင်မီဒီယာများထက် အခြေအမြစ်မဲ့၊ အထောက် အထားမဲ့၊ ကျင့်ဝတ်မဲ့ ရေးသားဖော်ပြနေကြသည့် သတင်းတု၊ သတင်းမှားများက ပိုမို၍ လျင်လျင်မြန်မြန်၊ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေကြသည်ကို တွေ့ရသည်။ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလိုက် သည့် သတင်းတု၊ သတင်းမှားများကို အဆင်ခြင်မဲ့ ယုံကြည်မိခြင်း ကြောင့် မှားယွင်းသည့် အတွေးအခေါ်၊ အယူအဆများ ဖြစ်ပေါ် စေနိုင်ပြီး ဆုံးဖြတ်ချက်များ၊ အပြုအမူများ လွဲမှားနိုင်သည်ကို သတိရှိကြရန်လိုသည်။


လတ်တလောကာလ ပြည်သူများအတွင်း ရိုက်ခတ်နေသည့် အကြောင်းအရာများမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ ဥပဒေတို့ကို အာဏာတည်စေမည့်ရက်များ အတည်ပြုသတ်မှတ် ခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းသို့ဖြစ်စေရန်အတွက် လည်း  ပြည်ဖျက်မီဒီယာများ၊  သောင်းကျန်းသူ၊  အကြမ်းဖက် အဖွဲ့အစည်းများက    ဖန်တီးခဲ့၊    လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့၏ ဖန်တီးမှု၊ လှုံ့ဆော်မှုများကိုသာ သတင်းအချက်အလက် မှန်များအဖြစ် ယုံကြည်ခဲ့ကြသူများအဖို့ စိုးရိမ်သောကများ ဖိစီး၍ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့်သာ နေ့စဉ်ရှင်သန်နေကြရမည် ဖြစ်သည်။ မည်သည့်နေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူများ ကို   ဖမ်းဆီးခဲ့သည်။   မည်သည့်နေရာတွင်   ပေါ်တာဆွဲသည်။ တပ်မတော်က လူငယ်များကို ဖမ်းဆီးခြင်းကြောင့် မြို့ပေါ်တွင် အသွားအလာမရှိတော့ဘဲ   ခြောက်ကပ်သွားပြီ။   ကလေးများ အပါအဝင်  လူငယ်များကို  စစ်တပ်ထဲတွင်  စုဆောင်းထားသည် အစရှိသဖြင့် သတင်းတု၊  သတင်းမှားများကို ပြည်ဖျက်မီဒီယာ များက လူမှုကွန်ရက်များမှတစ်ဆင့် ဖြန့်ဝေနေကြသလို တစ်ဦး နှင့်တစ်ဦး  လက်တို့၍လည်း   ကောလာဟလတို့ကို   ထပ်ဆင့် ပြန့်ပွားစေသည်တို့ကိုလည်း တွေ့ရသည်။


စင်စစ်အားဖြင့် သတင်းအမှန်ဆိုသည်မှာ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သူများပြောသည်တို့ကို ကြားသိရုံ၊ ဤသို့ဖြစ်ပါ သည်ဟူ၍ လူအများစုက ပြောကြားသည်ဆိုရုံမျှဖြင့် မှန်ပါသည်ဟု အခိုင်အမာဆို၍မရ။ တစ်ခါတစ်ရံ မိမိရှေ့မှောက်တွင် မြင်တွေ့ လိုက်ရသည့် အဖြစ်အပျက်တစ်ခုသည်ပင် မိမိက သိနားလည် လိုက်သည့် အဓိပ္ပာယ်နှင့် တက်တက်စင်အောင် လွဲနေနိုင်သည် ဖြစ်ရာ  မှန်ကန်ခိုင်မာသည့်  သတင်းတစ်ပုဒ်ရရှိနိုင်ရန်  မှန်ကန် စိတ်ချရသည့် သတင်းအရင်းအမြစ်များ အပါအဝင် အခြား ရှုထောင့်များမှပါ သတင်းရယူရန်နှင့် စဉ်းစားချင့်ချိန်ရန်တို့လည်း လိုအပ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍မူ မဟုတ် မမှန်ဝါဒဖြန့်ချိမှုများနှင့် ကောလာဟလများကြောင့် ပြည်သူများ ထင်ယောင်ထင်မှားမဖြစ်စေရန် တရားဝင်မီဒီယာများမှ သတင်း များ၊  ထုတ်လွှင့်ဖော်ပြမှုများကို  ကြည့်ရှုကြရန်  လိုအပ်သည်။ ထို့အပြင် မိမိတို့ ရိုးသားစွာ သိရှိလိုသည်တို့ကိုလည်း ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ဖုန်းနံပါတ် (၅) ခုဆီသို့ ရုံးချိန် အတွင်း စုံစမ်းမေးမြန်းကြခြင်းဖြင့် ရှင်းလင်းစွာ သိမြင်နိုင်ကြ မည်ဖြစ်သည်။


ပြည်သူ့စစ်မှုထမ်းဥပဒေသည် ဥပဒေဆိုသည့်အတိုင်း တိကျ သည့်  ရည်ရွယ်ချက်၊  အဓိပ္ပာယ်ဖွင့်ဆိုချက်၊  သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းများ၊   ကန့်သတ်ချက်များ  စသည်ဖြင့်  တိတိ  ကျကျ ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်ပြီး သင့်သလို၊ လျော်သလို လက်တန်းဆောင်ရွက်မည့်ကိစ္စ  မဟုတ်သည်ကို  သိနားလည် ထားကြရန်လိုသည်။ ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့ အစည်းများက ဖန်တီးလှုံ့ဆော်မှုများ ပြုလုပ်နေရခြင်း၏ ရည်ရွယ် ချက်များတွင်  မိဘပြည်သူများအတွင်း  စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အပြင်    လူငယ်လူရွယ်များကို    ဥပဒေပြင်ပသို့ ရောက်ရှိအောင်၊ ၎င်းတို့ကဲ့သို့ အကြမ်းဖက်သမားဘဝမျိုး ရောက်ရှိ အောင် ပစ်မှတ်ထားဆောင်ရွက်နေခြင်းဖြစ်ရာ ကောလာဟလ များနှင့် သတင်းတု၊ သတင်းမှားများကြောင့် အသိအမြင်မှောက်မှား ကာ   လမ်းလွဲသို့   မရောက်ရှိစေရေး၊   လမ်းမှားကို   မလျှောက် မိကြစေရေး သတိပေးနှိုးဆော်လိုက်ရပါကြောင်း။         ။