
နေပြည်တော် ဇွန် ၂၇
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများကို ဆက်လက်ဖော် ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ ဇွန် ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ငဖဲမြို့နယ် မြို့မရပ်ကွက်ရှိ ဦးမောင်မောင်လွင်(ခ)ကိုပေါက် (စိစစ်ဆဲ)ပိုင်ဆိုင်ပြီး လူနေထိုင်ခြင်းမရှိသည့် နေအိမ် ၌ လက်လုပ်ဗုံးများပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါနေအိမ်အတွင်းမှ လက်လုပ်မိုင်း ၂၁ လုံး၊ လက်လုပ်ကျည်ဆန် ၁၃ တောင့်၊ အရှည် ပေ ၁၅၀ ခန့် ရှိ ယမ်းကြိုးခွေ တစ်ခွေ၊ အကြမ်းဖက်တိုက်ခိုက်ရာ တွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကရင် ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဇော်ဂျီ(၁)လမ်းရှိ ပိုင်ရှင်(စိစစ်ဆဲ)၏ ငါးထပ်တိုက်အပေါ်ဆုံး ထပ်၌ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်သူများ ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအခန်းအတွင်းမှ မြဝတီမြို့နယ် ထိဝါပလောကျေးရွာနေ ကောင်းမြတ် သူ(၃၅)နှစ် (ဘ)ဦးခွေးကြီး၊ ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက်နေ ရွှေစိုး(၃၂)နှစ် (ဘ) ဦးသိန်းထွန်း၊ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ကံ့ကော်ရပ်ကွက်နေ ရန်လင်းအောင် (၂၄)နှစ် (ဘ) ဦးစန်ခမ်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ဟိုနားရပ်ကွက်နေ နန္ဒစိုး(၃၁)နှစ် (ဘ)ဦးညိုမောင်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် (၈)မိုင်နေ မနှင်းရီရီလွင် (၂၄) နှစ် (ဘ)ဦးကျော်မြင့်နှင့် ကမာရွတ်မြို့နယ် မဟာဘောဂ(၂)လမ်းနေ မနှင်းနုထား(၃၂)နှစ်တို့ ခြောက်ဦးအား LUGER ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၁၉ တောင့်၊ ဖုန်းဖြင့်တွဲလျက် လက်လုပ်မိုင်းနှစ်လုံး၊ ဒရုန်းသုံးခု၊ လက်ကိုင်ဖုန်းခြောက်လုံး၊ အခြား ဆက်စပ်ပစ္စည်းများတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ထို့အတူ ည ၈ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသ ကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်၊ ၇၁ လမ်းနှင့် ၃၉ လမ်းကြားရှိ အိမ်အမှတ်(က/၇၂)နေ မျိုးဇာနည်(၃၈)နှစ် (ဘ) ဦးမောင်မောင်၏ နေအိမ်၌ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နေအိမ်အတွင်းမှ မျိုးဇာနည်နှင့်အတူ မဟာ အောင်မြေမြို့နယ် မြောက်ပြင်ထားဝယ်ရပ်နေ အောင်စိုးထိုက်(၂၆)နှစ် (ဘ) ဦးစိုးမြင့်၊ မိုးမင်းသူ (ခ) မိုးကြီး၊ မိုးစက်(ခ) ပြည့်ဖြိုးအောင်နှင့် မအင်ကြင်း ခိုင်တို့ လေးဦးတို့ကို တွေ့ရှိရပြီး ဆက်လက် ရှာဖွေခဲ့ ရာ နေအိမ်အတွင်းမှ ကျည်ကာအင်္ကျီ ၁၀ ထည်၊ လက်လုပ်သေနတ်နှစ်လက်၊ ၎င်းကျည်လေးတောင့်၊ လက်လုပ် Gas သေနတ်တစ်လက်၊ လက်လုပ်မိုင်း မျိုးစုံ ၅၉ လုံး၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ဇွန် ၂၇ ရက် နံနက် ၁၀ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အမှတ်(၃)ရပ်ကွက်နေ ကျော်ဝင်း (၆၇) နှစ် (ဘ) ဦးရွှေ၏နေအိမ်ကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအားနေအိမ်အတွင်း မှ လက်လုပ်လေသေနတ်တစ်လက်၊ ဆိုင်ကယ် စပုတ်တံထည့်၍ ပစ်ခတ်ရသော ဒူးလေးတစ်လက်၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထား ရှိသူအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်