ရှေ့နေနှင့် နိုင်ငံခြားဆက်ဆံရေး

Type
Image not available
 
 
 
ဦးဟန်ညွန့် ( ဥပဒေ )
 
နိဒါန်း
"ဆရာ"
"ဗျာ"
"ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ"
"ရှေ့နေနှင့် နိုင်ငံခြားဆက်ဆံရေးပါတဲ့"
" ဘယ်လိုအဓိပ္ပာယ်ပါလဲဆရာ"
" ဖတ်ကြည့်ကြပါစို့"
 
နိုင်ငံခြားဆက်ဆံရေးဟူသည်
 
ကျွန်တော်က တောသား။ အညာသား။ ပခုက္ကူသား။ အညာမှာမွေးပြီး ပခုက္ကူ၊ မြင်းခြံထက်ကျော်ပြီး ဘယ်ကိုမှ မရောက်ဖူး။ မီးရထားကိုပင် မမြင်ဖူး။ မစီးဖူးခဲ့သူ။ ငယ်စဉ် ဘဝနုံချာလှသူ။ ကိုယ့်ဘဝကိုယ် အားမရ၊ မကျေနပ်သူ။ သို့သော် ကျွန်တော်စာဖတ်သည်။ တွေ့သမျှ ဖတ်သည်။ အငမ်းမရဖတ်သည်။
 
ကျွန်တော်တို့ရွာသို့ အရောက်ပို့သော မန္တလေးက လူထု သတင်းစာကို ရွာဦးဘုန်းကြီးကျောင်းမှာ ဖတ်ရသည်။ သတင်းစာဆရာ လူထုဦးလှ၊ လူထုဒေါ်အမာတို့၏ နိုင်ငံရေး ဆောင်းပါးတွေ ဖတ်ရသည်။ ပြည်တွင်းရေးသာမက နိုင်ငံခြားရေး . . . ။ လူထုသတင်းစာက မိတ်ဆက်ပေးခဲ့ သော နိုင်ငံခြားဆက်ဆံရေး . . . ။ ထိုစဉ် ငယ်စဉ်ဘဝ ကတည်းကသိခဲ့ရသော နိုင်ငံခြားဆက်ဆံရေး . . . ။
 
ယခုတော့ Quality Publishing House က ၂၀၁၉ နိုဝင်ဘာတွင် ထုတ်ဝေသည့် ဆင်ဖြူကျွန်းသန်းထွန်းရေး သော မြန်မာ့နိုင်ငံခြားဆက်ဆံရေးများစာအုပ်မှ နိုင်ငံခြားဆက်ဆံရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရပြီ။
 
၁၉၄၇၊ အခြေခံဥပဒေပြဋ္ဌာန်းချက်
 
နိုင်ငံခြားဆက်ဆံရေးနှင့် ပတ်သက်ပြီး ပြဋ္ဌာန်းချက် ၂ ခု ပါရှိသည်။
၂၁၁။ ပြည်ထောင်စုမြန်မာနိုင်ငံသည် စစ်မက်ကို နိုင်ငံတော်၏ လက်နက်သဖွယ် အသုံးမပြု၊ စွန့်ပယ်သည်။ ထို့ပြင် နိုင်ငံခြားနှင့် ဆက်ဆံရာ၌ ပြည်ထောင်အချင်းချင်း ဥပဒေ၏ သဘောတရားများကို ကျင့်စဉ်အဖြစ်ဖြင့် လိုက်နာလက်ခံသည်။
 
211. The Union of Burma renounces war as an instrument of national policy, and accepts the generally reconized principles of international law as its rule of conduct in its relation with foreign States.
 
၂၁၂။ ပြည်ထောင်စုမြန်မာနိုင်ငံသည် ပြည်ထောင် ချင်းချင်း တရားမျှတမှုနှင့် နိုင်ငံတကာတို့ စောင့်ရှောက် အပ်သော ကျင့်ဝတ်သိက္ခာတို့ကို အခြေခံ၍ ကမ္ဘာ့ငြိမ်းချမ်း ရေးကိုလည်းကောင်း၊ နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် ပေါင်းဖက်ဆောင်ရွက်ရေးကို လည်းကောင်း ရှေးရှုမည် ဟူ၍ ခိုင်မြဲသော အဓိဋ္ဌာန်ကိုပြုသည်။
 
212. The Union of Burma affirms its devotion to the ideal of peace and friendly co-operation amongst nations founded on international justice and morality.(စာ-၅၂)
 
ကြားနေဝါဒ
 
ကြားနေဝါဒဆိုတာဘာလဲ။ ဘက်မလိုက်ဝါဒဆိုတာဘာ လဲ။ သတင်းစာထဲမှာ ကြားဖူးနားဝ ဖတ်ဖူးနားဝတော့ အရှိသား။ တိတိကျကျ သိရသည်မှာ -
 
မြန်မာနိုင်ငံခြားဆက်ဆံရေးမူဝါဒသည် ကြားနေဝါဒ၊ တက်ကြွသော ကြားနေဝါဒ၊ ဘက်မလိုက်ဝါဒ စသည်ဖြင့် ထင်ရှားလာပြီး အောက်ဖော်ပြပါလက္ခဏာများကို အထင်အရှားတွေ့မြင်ရသည်-
 
၁။ နိုင်ငံ၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့မှုကို လေးစားရေး။
 
၂။ အခြားနိုင်ငံအား မကျူးကျော်ရေး၊
 
၃။ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး၊ ဝင်ရောက်စွက်ဖက်မှုကို လက်မခံရေး၊
 
၄။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊
 
၅။ မိမိတို့ ကြိုက်နှစ်သက်သော နိုင်ငံရေး၊ စီးပွားရေး စနစ်ကို ရွေးချယ်ကျင့်သုံးနိုင်ရေး၊
 
၆။ အရှေ့အုပ်စု၊ အနောက်အုပ်စုတွင် မည်သည့်အုပ်စု တွင်မျှ မပါဝင်ရေး၊
 
၇။ နှောင်ကြိုးမဲ့ စီးပွားရေးအကူအညီများကိုသာ လက်ခံရေး၊
၈။ နိုင်ငံခြားစစ်စခန်းများ မထားရှိရေး၊
 
၉။ ကိုလိုနီခေတ်၊ ခေတ်သစ်ကိုလိုနီစနစ်ကို ဆန့်ကျင့်ရေး၊
 
၁၀။ အမျိုးသားလွတ်မြောက်ရေးကို ထောက်ခံရေး၊
 
၁၁။ အသားရောင်ခွဲခြားမှုကို ဆန့်ကျင့်ရေး၊
 
၁၂။ အရေးကိစ္စတစ်ခုချင်းအလိုက် မြန်မာရပ်တည် ချက်ကို ဖော်ထုတ်ကျင့်သုံးရေး၊
 
၁၃။ လက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးကို ထောက်ခံရေး၊
 
၁၄။ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ကြသည်။
(စာ-၇၉)
 
အဘယ်ကြောင့် ဘက်မလိုက်လှုပ်ရှားမှုမှ နုတ်ထွက်လိုက်သနည်း
ဤအဖြေကို ကျွန်တော်သိချင်သည်။ -
 
သို့ဖြစ်ပါ၍ လေ့လာသည်။ ဆရာဆင်ဖြူကျွန်း သန်းထွန်းက ဤသို့ရှင်းပြ၊ ရေးပြသည်။
 
၁၉၇၉ ခုနှစ် စက်တင်ဘာလတွင် ကျူးဘားနိုင်ငံ ဟာဗနားမြို့တွင် ဘက်မလိုက် ထိပ်သီးအစည်းအဝေး ကျင်းပရာ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးမြင့်မောင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက် သည်။
 
ဘက်မလိုက် ထိပ်သီးအစည်းအဝေးတွင် ပိုပေါ့အစိုးရ အား ဆက်လက်အသိအမှတ်ပြု လက်ခံရေး(သို့မဟုတ်) ဗီယက်နမ်က တင်မြှောက်ထားသော ဟမ်ဆာရင်အစိုးရ သစ်အား အသိအမှတ်ပြုလျက် အစည်းအဝေးသို့ တက်ခွင့် ပေးရေးကိစ္စကို ငြင်းခုံဆွေးနွေးကြသည်။ ဘက်မလိုက် လှုပ်ရှားမှုတွင် တရုတ်နိုင်ငံ မပါဝင်သော်လည်း ၎င်းအား ထောက်ခံသော နိုင်ငံများမှတစ်ဆင့် ကမ္ဘောဒီးယား အစိုးရဟောင်းအား ထောက်ခံမှုရအောင် ဆောင်ရွက်နေ သည်။ ဤသို့ဖြင့် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ် နိုင်ငံတို့၏ စစ်ရေးအားပြိုင်မှုသည် ဘက်မလိုက်လှုပ်ရှား မှု ထိပ်သီးအစည်းအဝေးတွင် မြင်သာထင်သာ ဖြစ်လာခဲ့သည်။ထိပ်သီးအစည်းအဝေးအိမ်ရှင်ဖြစ်သော ကျူးဘား နိုင်ငံနှင့် အပေါင်းပါနိုင်ငံများ (အိန္ဒိယ၊ ဗီယက်နမ် )က စိတ်တိုင်းကျ ချယ်လှယ်နေသောအဖြစ်ကို မြန်မာ ကိုယ်စားလှယ်အဖွဲ့က မျက်မြင်တွေ့ရသည်။
 
၂၀၀၂ ခုနှစ်ထုတ် နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်ပတ် လည် သားကောင်းတမန် နှစ်ပတ်လည်မဂ္ဂဇင်းတွင် ထိုစဉ် က မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေး ဝန်ကြီး ဦးမြင့်မောင်က မကွေးမြင့်မောင်ကလောင်အမည်ခံ ယူပြီး မေတ္တာနှင့် စေတနာ ရောင်ပြန်ဟပ်ခြင်း ခေါင်းစီးပါ ဆောင်းပါးဖြင့် ၎င်း၏ ဟားဗနားအစည်းအဝေး အတွေ့ အကြုံများကို ပြန်လည်ရေးသားထားသည်။ ယင်း ဆောင်းပါးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြောကြားရန် မိန့်ခွန်းကိုရေးသားပြီး ယူဆောင်ခဲ့ကြောင်း နေ့စဉ်ဖြစ် ပျက်သမျှကို ရန်ကုန်သို့ နေ့စဉ်အစီရင်ခံကြောင်း ၊ တစ်နေ့ တွင် မိန့်ခွန်းအဟောင်းအစား မိန့်ခွန်းအသစ်ကို ရန်ကုန် မှ ပေးပို့လာကြောင်း၊ မိန့်ခွန်းအသစ်ကို ပြောဆိုပြီးပြီးချင်း မြန်မာကိုယ်စားလှယ်အဖွဲ့အား ဟာဗနားမှ အမြန်ဆုံး ထွက်ခွာရန်လည်း ညွှန်ကြားကြောင်း ရေးသားထားပုံကို ဖော်ပြသည်။
 
မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်သည် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့သည်။ မိန့်ခွန်းအသစ် ကို ဖတ်ကြားရာတွင် ဘက်မလိုက်လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်နေသော နိုင်ငံအချို့၏ လုပ်ရပ်များကြောင့် ဘက်မလိုက်အနေအထားမရှိတော့ကြောင်း၊ ဘက်မလိုက် လှုပ်ရှားမှုလက္ခဏာများသည် မမှတ်မိနိုင်အောင် ပြောင်း လဲသွားကြောင်း၊ ပြုပြင်ပြောင်းလဲရန် မြန်မာနိုင်ငံက တင်ပြခဲ့သော်လည်း အလေးအနက်ထား စဉ်းစားမှုများ မပြုလုပ်ကြကြောင်း ။ ထို့ကြောင့် ဘက်မလိုက်လှုပ်ရှားမှု မှ နုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။(စာ-၁၆၅)
 
ခေတ်အဆက်ဆက် နိုင်ငံခြားဆက်ဆံရေး
ဆင်ဖြူကျွန်း သန်းထွန်းက အောက်ပါခေါင်းစဉ်များ အလိုက် သုတေသနပြုရေးသားသည်-
 
၁။ ပါလီမန်ဒီမိုကရေစီခေတ်ကာလ (ရည်ညွှန်း စာစောင်-၄၄စောင်)
 
၂။ ဆိုရှယ်လစ်ခေတ်ပြောင်းကာလ တိကျသော ကြားနေဝါဒ ဆက်ဆံရေးများ
 
( ရည်ညွှန်း-၃၁ စောင်)
 
၃။ ဆိုရှယ်လစ်ခေတ်ကာလ လွတ်လပ်သော နိုင်ငံခြားရေးဝါဒ ဆက်ဆံရေးများ
 
(ရည်ညွှန်း-၃၉စောင်)
 
၄။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကာလ မြန်မာနိုင်ငံခြားဆက်ဆံရေးများ၊
 
(ရည်ညွှန်း - ၃၄ စောင်)
 
၅။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီခေတ်ကာလ မြန်မာ့နိုင်ငံခြားဆက်ဆံ ရေးများ (ရည်ညွှန်း -၄၉ စောင်)
 
၆။ ဒီမိုကရေစီခေတ်ကာလ မြန်မာနိုင်ငံခြားဆက်ဆံရေးများအကြောင်း (ရည်ညွှန်း-၄၀စောင်)
 
 
ဆင်ဖြူကျွန်းသန်းထွန်း၏ ပုံစံရေးဆွဲဖော်ပြချက်
မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးကို ပေါ်လွင်စေရန် ဆင်ဖြူကျွန်းသန်းထွန်းက Variations of HEDGING ကို စာမျက်နှာ ၄၇၉ တွင် ရေးဆွဲဖော်ပြထားပါသည်။ အဆိုပါ ဖော်ပြချက်နှင့်စပ်လျဉ်း၍ သူ့အယူအဆကို သဘောတူ၊ မတူ သူ့စာအုပ်ကို ရှာဖွေဖတ်ရှုလေ့လာနိုင်ပါမည်။
 
အကျဉ်းချုပ်စာရင်း
 
နိုင်ငံများအကြားနှင့် ကဏ္ဍပေါင်းစုံ ဆက်ဆံရေး ဆောင်ရွက်မှုများကို Myanmar - China; Myanmar -USA ; Myanmar –Others ဇယားကွက် (အကျဉ်းချုပ် စာရင်း) (စာ-၄၈၇)တွင် ဖော်ပြထား၍ စိတ်ဝင်စား မှတ်သားဖွယ်ဖြစ်ပါသည်။ ကျမ်းကိုး (၁၁)စောင်ဖြစ်ပြီး Dr.Jurgen Haacke ကမူ မပါမဖြစ် သုတေသီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ Burma and India: Some Aspects of Intellectual Life Under Colonialism စာတမ်းကို ကိုးကားဖော်ပြထားပြီး မြန်မာ့ခေတ်ပညာ တတ် လူငယ်များအနေနှင့် လက်ဝဲစာပေအယူအဆများကို လွတ်လပ်ရေးအတွက် အများအပြားလေ့လာခဲ့ကြောင်း ရေးသားထားသည်ကို မှတ်သားဖွယ်ဖတ်ရသည်။
 
နိဂုံး
 
ပြည်သူဗဟိုပြု ဝန်ဆောင်မှုများဆီသို့ စာအုပ်ဖြင့် ၂၀၁၇၊ အမျိုးသားစာပေဆုရရှိခဲ့သူ ဆင်ဖြူကျွန်း သန်းထွန်း ၏ မြန်မာနိုင်ငံခြားဆက်ဆံရေးများ စာအုပ်သည် ယနေ့ချိန်ခါတွင် အချိန်ကိုက်ထွက်ပေါ်လာသော သုတ စာအုပ်တစ်အုပ်ဖြစ်ကြောင်း ကျွန်တော်သတိပြုမိပါ ကြောင်း . . . ။