၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁)

Type
ဆောင်းပါး
======
 
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁)
 
=======================================
 
မောင်စာဂ
 
၂၀၁၉ ခုနှစ် ကုန်ဆုံး၍ ၂၀၂၀ ပြည့်သို့ ကူးပြောင်းလာခဲ့ပေ ပြီ။ ၂၀၂၀ ပြည့်နှစ် နှစ်သစ်တွင် ကမ္ဘာကြီးထာဝရငြိမ်းချမ်း ပါစေ၊ ကမ္ဘာကြီးသာယာဝပြောပါစေ၊ ကမ္ဘာသူကမ္ဘာသား တွေ ကျန်းမာချမ်းသာကြပါစေ၊ အားလုံးသော ကမ္ဘာသူ ကမ္ဘာသားများက ဆုတောင်းမေတ္တာခြွေခဲ့ကြသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများကလည်း မိမိတို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်း ပါစေ၊ သာယာဝပြောသော နိုင်ငံတော်ကြီးဖြစ်ထွန်းပါစေ၊ နိုင်ငံသူနိုင်ငံသားတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ၊ နှစ်သစ်ကူးအခါသမယတွင် ဆုတောင်းမေတ္တာ ခြွေခဲ့ကြသည်။
 
ထူးသောနှစ်
၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ၏တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပရန်ရှိပါမည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများ က ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ကြရမည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ရလဒ်က မြန်မာနိုင်ငံ၏ ရှေ့ခရီးအတွက် လမ်းညွှန်ပြသ အဆုံး အဖြတ်ပေးနိုင်သည့် အကျိုးသက်ရောက်မှုဖြစ်စေနိုင် မည်ဟု တွေးထင်မိသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ထူးသောနှစ် တစ်နှစ်ဖြစ်ပါမည်။ အရေးကြီးသောနှစ်ဟုလည်း ဆိုနိုင် ပါမည်။ ဤသို့ဆိုလျှင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ပြည်သူအများပါဝင်ဆင်နွှဲနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများ ကို သိရှိထားရန် လိုပါမည်။ နှစ်သစ်မင်္ဂလာအခါတွင် ကြိုတင်မျှဝေပါရစေ။
 
လွှတ်တော်များ၏သက်တမ်း
ပြည်သူ့လွှတ်တော်၏သက်တမ်းသည် ယင်း လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေးကျင်းပသည့် နေ့ရက်မှစတင်၍ ငါးနှစ်ဖြစ်သည်။ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်တို့၏ သက်တမ်းသည်လည်း ပြည်သူ့ လွှတ်တော်၏သက်တမ်းနှင့်အညီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်သက်တမ်းကုန်ဆုံးသောနေ့တွင် အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။
 
ပြည်သူ့လွှတ်တော်သက်တမ်းရေတွက်ပုံ
ပြည်သူ့လွှတ်တော်သက်တမ်း ငါးနှစ်အတွက်ရေ တွက်ခြင်းကို ပြည်သူ့လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေးစတင်ကျင်းပသည့်နေ့ရက်မှစ၍ ရေတွက် ရသည်။ ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပခြင်း နှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၂၃ တွင် ပြည်သူ့လွှတ်တော်၏သက်တမ်းတစ်ရပ် စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်ဟူ၍ ပြဋ္ဌာန်းထား သည်။
ပထမအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၇ - ၁၁ - ၂၀၁၀ ပြည့်နှစ် တွင် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ပထမအကြိမ်ပုံမှန် အစည်းအဝေးကို ၃၁-၁-၂၀၁၁ ရက်နေ့တွင် စတင် ကျင်းပခဲ့သည်။ သတ်မှတ်သည့် ရက်ပေါင်း ၉၀ အတွင်း ကျင်းပခဲ့သည်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အတွက် အထွေထွေရွေးကောက်ပွဲကို ၈ - ၁၁ - ၂၀၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော် ပထမ အကြိမ်ပုံမှန်အစည်းအဝေးကို ၁-၂-၂၀၁၆ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ သတ်မှတ်သည့်ရက်ပေါင်း ၉၀ အတွင်း ကျင်းပခဲ့သည်။
 
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်
တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် မည်သည့်လ၊ မည်သည့်နေ့ရက်တွင် ကျင်းပပြုလုပ်မည်ကို အများ ပြည်သူတို့ သိချင်နေကြသည်။ ၂၀၁၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် လည်းကောင်း ကျင်းပခဲ့သောကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကိုလည်း ထိုလထဲတွင် ကျင်းပလိမ့်မည်ဟု ခန့်မှန်းကြသည်။
 
လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ရွေးကောက်ပွဲများ
၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် တိုင်း ပြည်ပြုလွှတ်တော်က ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ယင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်အညီ ၄ - ၁ - ၁၉၄၈ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော နိုင်ငံတော် အဖြစ် ကမ္ဘာ့မိသားစုနိုင်ငံများအလယ် တင့်တယ်စွာ ပေါ်ထွန်းလာခဲ့သည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် နှစ်ရပ် အတွက် ရွေးကောက်ပွဲများကျင်းပ၍ မဲဆန္ဒရှင်များက ဆန္ဒမဲပေးကာ အမတ်များကို ရွေးချယ်တင်မြှောက်ကြရ သည်။ ပါတီပေါင်းစုံတို့မှ အမတ်လောင်းများနှင့် တစ်သီး ပုဂ္ဂလအမတ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြ သည်။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲစနစ်ဖြစ်သည်။
ပါလီမန်ဒီမိုကရေစီခေတ်တွင် ပထမအကြိမ် အထွေ ထွေရွေးကောက်ပွဲကို ၁၂ - ၁ - ၁၉၅၁ ရက်နေ့မှ ၃ - ၁ - ၁၉၅၂ ရက်နေ့ထိ သုံးကြိမ်ခွဲ၍ လည်းကောင်း၊ ဒုတိယ အကြိမ်ကို ၂၇ - ၄ - ၁၉၅၆ ရက်နေ့တွင် လည်းကောင်း၊ တတိယအကြိမ်ကို ၆-၂-၁၉၆၀ ပြည့်နှစ်တွင် လည်းကောင်း ကျင်းပခဲ့သည်။ ယင်းနောက် ၁၉၇၄ ခုနှစ်အထိ မြန်မာနိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲ များ ကျင်းပခြင်းမရှိခဲ့ပါ။
၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ကာလများသည် တော်လှန်ရေးကောင်စီအစိုးရအုပ်ချုပ်သော ကာလဖြစ် သည်။ တော်လှန်ရေးကောင်စီအစိုးရသည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၃ - ၁ - ၁၉၇၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တစ်ရပ်တည်းထားရှိသည်။
ရွေးကောက်တင်မြှောက်ပုံစနစ်မှာ တစ်ပါတီ ဦးဆောင်မှုစနစ်ဖြစ်၍ မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီတစ်ခုတည်းက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် သည်။ မဲဆန္ဒနယ်တစ်နယ်တွင် ပါတီက ရွေးချယ်သော ကိုယ်စားလှယ်တစ်ဦးတည်းကိုသာ ဆန္ဒမဲပေး ရွေးချယ်ရ သဖြင့် ဆန္ဒမဲပေးသူများ၏ ဆန္ဒမဲထက်ဝက်ကျော် ရရှိသူသည် ရွေးကောက်တင်မြှောက်ခံရသူဖြစ်သည်။
ပြည်သူ့ကောင်စီခေတ် ရွေးကောက်ပွဲများကို လေးနှစ် တစ်ကြိမ်ကျင်းပခဲ့ရာ လွှတ်တော်သက်တမ်း ပထမ အကြိမ်အတွက် ၇ - ၁၂ - ၁၉၇၃ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ်အတွက် ၁၉ - ၈ - ၁၉၇၇ ရက်နေ့တွင် လည်းကောင်း၊ တတိယအကြိမ်အတွက် ၂၁ - ၃ - ၁၉၈၁ ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထအကြိမ်အတွက် ၂၂ - ၃ - ၁၉၈၅ ရက်နေ့တွင်လည်းကောင်း လေးကြိမ် ကျင်းပခဲ့သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရက နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၂၁ - ၉ - ၁၉၈၈ ရက် နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ ၂၇ - ၉- ၁၉၈၈ ရက်နေ့တွင် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ၃၁ - ၅ -၁၉၈၉ ရက် နေ့တွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတို့ကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၉၀ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ သည်။ ပြည်သူ့လွှတ်တော် တစ်ရပ်တည်းအတွက်ဖြစ် သည်။ နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲရလဒ်ကို အကောင် အထည်ဖော်နိုင်မှုမရှိခဲ့ပါ။
 
ပြည်သူနှင့် ရွေးကောက်ပွဲအတွေ့အကြုံ
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲများကို ခြုံ၍သုံးသပ်ရလျှင် ယနေ့အချိန် တွင် ပါလီမန်ဒီမိုကရေစီခေတ်ကာလ ရွေးကောက်ပွဲ အတွေ့အကြုံများကို ကိုယ်တိုင်သိရှိခဲ့သူများ လွန်စွာမှ နည်းပါးလျက်ရှိနေပါမည်။ မြန်မာဆိုရှယ်လစ်ပါတီခေတ် က ရွေးကောက်ပွဲများကို ကြုံတွေ့ခဲ့ရသူ များပြားသော် လည်း တစ်ပါတီစနစ်တွင် တစ်ပါတီတည်း ဝင်ရောက် ယှဉ်ပြိုင်အရွေးခံရခြင်းဖြစ်၍ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွေ့အကြုံများ မရှိခဲ့ကြပါ။ ၁၉၉၀ ပြည့် နှစ် ရွေးကောက်ပွဲက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အတွေ့အကြုံများ ပေးနိုင်ခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ တစ်ကြိမ်နှင့် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ တစ်ကြိမ်၊ နှစ်ကြိမ်သာကြုံဖူးခဲ့ကြရသည်။ ယင်းတွင် ၂၀၁၂ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ များတွင် သက်ဆိုင်သည့် မဲဆန္ဒနယ်များမှ မဲဆန္ဒရှင် ပြည်သူများလည်း အပါအဝင်ဖြစ်သည်။ ထူးခြားသည်မှာ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ တွင် အသက် ၁၈နှစ်မပြည့်သေး၍ မဲမပေးလိုက်ရသည့် လူငယ်လေးသန်းနီးပါးခန့်သည်လည်း ဆန္ဒမဲပေးရာတွင် ပါဝင်ပါလိမ့်မည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများသည် ပါတီစုံအထွေထွေရွေးကောက် ပွဲ မဲပေးခြင်းအတွေ့အကြုံ လုံးဝမရှိသေးသူများနှင့် အများဆုံး ၃ကြိမ်မှ ၄ကြိမ်သာရှိသူများ ဖြစ်သဖြင့် အတွေ့အကြုံနည်းနေသေးသည်ဟု ဆိုနိုင်သည်။
 
ရွေးကောက်ပွဲဖြင့်သာ
မြန်မာနိုင်ငံပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံးတို့သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်ရေး လိုလားတောင့်တနေကြသည်။ ကြိုးပမ်းအားထုတ်နေကြ သည်။ မိမိတို့လိုလားတောင့်တ ချက်များ အောင်မြင်ဖို့ ရွေးကောက်ပွဲများကို ဖြတ်သန်း သွားရပါမည်။ ရွေးကောက်ပွဲဖြင့်သာ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်ပါမည်။ ဒီမိုကရေစီ၏ အခြေခံသည် ရွေးကောက်ပွဲများသာဖြစ်သည်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတည်း ဟူသော နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသား ပြည်သူများထံတွင်ရှိသည်။ နိုင်ငံသားပြည်သူများသည် မိမိတို့ပိုင်ဆိုင်သော မိမိတို့လက်ဝယ်တွင်ရှိသော နိုင်ငံတော်၏အချုပ်အခြာအာဏာကို ရွေးကောက်ပွဲ ကျင်းပပြီး မဲဆန္ဒရှင်များမှတစ်ဆင့် ဆန္ဒမဲများပေးကာ ရွေးကောက်တင်မြှောက်၍ မိမိတို့၏ လွှတ်တော်ကိုယ်စား လှယ်များသို့ လွှဲအပ်ကြရသည်။ ဒီမိုကရေစီစနစ်၊ ဒီမို ကရေစီခေတ်တွင် ရွေးကောက်ပွဲနှင့်ပြည်သူ၊ ပြည်သူနှင့် ရွေးကောက်ပွဲ အစဉ်အမြဲ ဒွန်တွဲလျက်ရှိနေပါမည်။
 
နှစ်သစ်ဦးဆုမွန်
 
ဤအချိန်သည်ကား ၂၀၁၉ ခုနှစ် နှစ်ဟောင်းကုန်၍ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ဦး အချိန်အခါသမယဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးနှင့် ကြုံတွေ့ကြရပါမည်။ နိုင်ငံတော်၏ ရှေ့ခရီး တွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ကောင်းကျိုးချမ်းသာများကို ဆောင်ရွက်ပေးနိုင်မည့် ခေါင်းဆောင်ကောင်း၊ လူတော်လူကောင်းများကို ဆန္ဒမဲ ပေးကာ ရွေးကောက်တင်မြှောက်ကြဖို့ ပြင်ဆင်ဆောင် ရွက်မှုများ ပြုကြရပါမည်။
ရွေးကောက်ပွဲအတွေ့အကြုံ များ လေ့လာရပါမည်။ လက်ဆင့်ကမ်း၍ ဖြန့်ဝေပေးကြရ ပါမည်။ ကိုယ်စီကိုယ်စီ တာဝန်တွေယူကြရပါမည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံသူ၊ နိုင်ငံသားအားလုံး မိမိတို့နိုင်ငံ၊ မိမိတို့အကျိုးစီးပွား အတွက် မိမိတို့ကိုယ်တိုင် အားအင်အပြည့်ဖြင့် ပါဝင် ဆင်နွှဲကြရပါမည်။
 
၂၀၂၀ ပြည့်နှစ်သည်ကား ပြည်ထောင်စုကြီးထာဝရငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်ထွန်းပေါ်ပေါက်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး သာယာဝပြောချမ်းမြေ့ပျော်ရွှင်ရေးတို့ကို ဆောင်ကြဉ်း ပေးနိုင်သည့် နှစ်ထူးနှစ်မြတ်ဖြစ်ပါစေကြောင်း တိုင်းရင်း သား ပြည်သူအားလုံးနှင့်အတူ ဆုတောင်းမေတ္တာပို့သ လိုက်ရပါသည်။
ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းပါစေ၊
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်း ပေါ်ပေါက်ပါစေ၊
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး သာယာဝပြော ချမ်းမြေ့ပျော်ရွှင်ကြပါစေ။