အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး

 

ကမ္ဘာ့လူဦးရေ၏   ထက်ဝက်ကျော်ခန့်ရှိပြီး      ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အဓိကကျသည့် အင်အားစုကြီးဖြစ်သည့် အမျိုး သမီးများ၏ အခွင့်အရေးနှင့်စွမ်းဆောင်နိုင်မှုများကို ပိုမိုအာရုံ စိုက်မိလာစေရန်နှင့်  အမျိုးသမီးများ၏   အခွင့်အရေးများကို အလေးထားအကောင်အထည်ဖော်နိုင်စေရန်ဟူသော ရည်ရွယ် ချက်များဖြင့် နှစ်စဉ်မတ်လ ၈ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အဖြစ်  ကုလသမဂ္ဂအဖွဲ့ကြီးက  ၁၉၇၅ ခုနှစ်တွင် တရားဝင်အသိအမှတ်ပြုခဲ့ပြီး အထိမ်းအမှတ်အခမ်း အနားများကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပကြသည်။


၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၅၂ ရာခိုင်နှုန်းမှာ အမျိုးသမီး များဖြစ်ကြသည်။ နိုင်ငံ့လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြု ထားသည့်အမျိုးသမီးများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသည့် အင်အားစုဖြစ်သကဲ့သို့   နိုင်ငံအတွက်    လွန်စွာအဖိုးတန်ပြီး  အားကောင်းသည့်လူသားအရင်းအမြစ်များလည်း ဖြစ်ကြသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ “Invest in Women: Accelerate Progress” “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဟူ၍ ဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် ပထဝီနိုင်ငံရေး ပဋိပက္ခများမှသည် ဆင်းရဲ မွဲတေမှုရေချိန်များ တစ်ရှိန်ထိုး မြင့်တက်လာမှု၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ  တစ်စ တစ်စ မြင့်မားလာမှု စသည့်အခက်အခဲ၊ အကျပ်အတည်းများစွာအထိ ရင်ဆိုင်နေရသည်။ အဆိုပါစိန်ခေါ်မှုများကို  ကိုင်တွယ်ဖြေရှင်းရာ တွင် အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်ရေး၊ စီးပွားရေးအခွင့်အလမ်းဆိုင်ရာ    လုပ်ပိုင်ခွင့်များရရှိရေးတို့ အပါအဝင် ကျား-မ တန်းတူအခွင့်အရေးရရှိရေးကို ဦးတည်သည့် ကဏ္ဍများတွင်    ပိုမိုရင်းနှီးမြှုပ်နှံခြင်းဖြင့်   ပြဿနာများစွာကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်သည်။


 ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ရှိပြီး နိုင်ငံအသီးသီးတွင် လည်း အဓိကအင်အားစုကြီးဖြစ်သည့် အမျိုးသမီးအင်အားစု ကြီး၏  စွမ်းရည်ကို အသိအမှတ်ပြုကာ ကျား - မ တန်းတူ အတူတကွဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိအောင် ထိထိ ရောက်ရောက်အကောင်အထည်ဖော်နိုင်သည်။ လုပ်ငန်းနယ်ပယ် အသီးသီးတို့၏  ဦးဆောင်မှုနှင့်ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်မှု တို့တွင်  အမျိုးသမီးများ   ပိုမိုပါဝင်ဆောင်ရွက်လာနိုင်စေရန်  လမ်းဖွင့်ပေးခြင်း၊   အခွင့်အလမ်းများ  ဖော်ဆောင်ပေးခြင်းနှင့် ကျွမ်းကျင်မှုမြှင့်တင်ပေးခြင်းတို့    ဆောင်ရွက်ရန်လိုအပ်ပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍအပေါ် လူမှုအသိုက်အဝန်းတို့၏ သဘောထားအမြင်များ၊ အပြုအမူများကိုလည်း ပြုပြင်ပြောင်းလဲ ကျင့်သုံးသွားကြရန်လိုသည်။ မြန်မာနိုင်ငံတွင် “အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  အမျိုးသားအဆင့်မဟာဗျူဟာစီမံ ကိန်း”   (၂၀၁၃-၂၀၂၂)ကို ရေးဆွဲအကောင်အထည်ဖော်ဆောင် ရွက်ပေးနိုင်ခဲ့ပြီး (၂၀၂၃-၂၀၃၂) မဟာဗျူဟာစီမံကိန်းအသစ် ရေးဆွဲဆောင်ရွက်လျက်ရှိရာတွင် ပြောင်းလဲတိုးတက်လာသည့် ခေတ်မီနည်းပညာများကိုအခြေခံပြီး ကဏ္ဍစုံ၊ နယ်ပယ်စုံတွင် ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီးများ  စွမ်းပကားမြင့်မားစေ ရေး၊ ကျေးလက်မြို့ပြကွာဟမှုမရှိစေရေးတို့ကို အလေးထား ဦးတည်ပြီး ကောင်းမွန်ပြည့်စုံသည့် မဟာဗျူဟာစီမံကိန်းတစ်ခု အဖြစ် ဆောင်ရွက်လျက်ရှိသည်။


မြန်မာအမျိုးသမီးများသည် သမိုင်းစဉ်တစ်လျှောက် မိသားစု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနှင့်လူမျိုးအကျိုးစီးပွား ကာကွယ်စောင့် ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အမျိုး သားများနှင့်  တန်းတူရင်ပေါင်တန်း  ပါဝင်ခဲ့သည်ကို    မြန်မာ့ သမိုင်းစဉ်တစ်လျှောက်တွင်   တွေ့မြင်နိုင်သည်။   နိုင်ငံတွင် အများစုဖြစ်သော အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍပေါင်းစုံ၌ အင်တိုက်အားတိုက် ပိုမိုပါဝင်လာနိုင်ရေး၊ စွမ်းရည်မြင့်မားသည့်အင်အားစုများအဖြစ် နိုင်ငံနှင့်ပြည်သူကို အလုပ်အကျွေးပြုနိုင်ရေးအတွက် အမျိုးသမီး ကဏ္ဍပေါင်းစုံတို့တွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်နိုင်ကြရပါမည့် အကြောင်း။       ။