ခေတ်သမိုင်း၏တာဝန် ကျေပွန်စွာထမ်းဆောင်

 

ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်နိုင်ငံကြားတွင် တည်ရှိ နေသည့် မိမိတို့နိုင်ငံမှာ ပထဝီနိုင်ငံရေးရှုထောင့်မှ ကြည့်မြင်ပါက လွန်စွာပင် ထူးခြားလှပြီး အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှု များပါ‌   ရောပြွမ်းတည်ရှိနေသည်ကို   တွေ့မြင်နိုင်သည်။   နိုင်ငံ တကာရေးရာတွင် နိုင်ငံတိုင်းက အမျိုးသားအကျိုးစီးပွားကိုသာ ရှေးရှုကြရစမြဲဖြစ်ရာ ဧရာမနိုင်ငံကြီးနှစ်ခုကြားတွင် ရှိနေသည့်   မိမိတို့နိုင်ငံအနေဖြင့် ကျစ်လျစ်သိပ်သည်းခိုင်မာသော အမျိုးသား စည်းလုံးညီညွတ်မှုကို     ထာဝရအကျိုးစီးပွားအဖြစ်     မဖြစ်မနေ တည်ဆောက်ထားရန်     လိုအပ်သည်ကို     နိုင်ငံသားတိုင်းက သိနားလည်ထားကြရန်လိုသည်။


သို့ရာတွင် မိမိတို့နိုင်ငံ၏ မျက်မှောက်ကာလ အခြေအနေမှာ အမျိုးသားစည်းလုံးညီညွတ်မှုတို့ စိုးရိမ်ဖွယ်ရာကောင်းအောင်ပင် လျော့ရဲချည့်နဲ့နေသည်။   အမြော်အမြင်   နည်းပါးလှစွာသော နိုင်ငံရေးသမားအချို့၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် အချို့နှင့်  ပြည်ဖျက်မီဒီယာများ  စသည်တို့က  ၎င်းတို့အကျိုး စီးပွားများအတွက် ရည်ရွယ်ချက်ရှိရှိဖြင့် တပ်မတော် မုန်းတီးရေး၊ ဗမာလူမျိုး မုန်းတီးရေး လုပ်ကြံဖန်တီးမှုများ၊ ဝါဒဖြန့်ချိမှုများကို နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်လျက်ရှိသည်။ အဆိုပါ ဆောင်ရွက် ချက်များသည်  ပြီးခဲ့သည့် အင်န်အယ်လ်ဒီအစိုးရ တာဝန်ယူစဉ် ကာလအတွင်း အရှိန်အဟုန်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ပြည်သူ လူထု၏ အချို့သော အစိတ်အပိုင်းများအတွင်း တပ်မတော်၏ တည်ရှိမှုနှင့်   ရပ်တည်ချက်အပေါ်   ဆန့်ကျင်သည့်အမြင်များ ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် ဗမာလူမျိုးကြီးဝါဒဟူ၍ မည်သည့် အခါကမျှမရှိခဲ့သောဝါဒကို အခြေအမြစ်မဲ့ စွပ်စွဲမှုများ၊ တိုင်းရင်း သားလူမျိုးအားလုံးက  ဗမာလူမျိုးအပေါ် အထင်အမြင်လွဲမှား မုန်းတီးမှုများ ဖြစ်ပေါ်လာအောင် ဝါဒဖြန့်ချိမှုများ၊ ဗမာအများစု ယုံကြည်ကိုးကွယ်ကြသည့်ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ လည်း နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြရာ ထွက်ပေါ်လာသည့်ရလဒ်မှာ ၁၃၅ မျိုးသော မြန်မာတိုင်းရင်းသား များအတွင်း စည်းလုံးညီညွတ်မှုလျော့နည်းလာခြင်း၊ တစ်နည်း အားဖြင့်    အမျိုးသားအကျိုးစီးပွား   ယုတ်လျော့လာခြင်းပင် ဖြစ်သည်။


မြန်မာနိုင်ငံ   လွတ်လပ်ရေးရရှိသည့်   ၁၉၄၈   ခုနှစ်မှာပင် နိုင်ငံသစ်တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့သည့် အစ္စရေးနိုင်ငံ ကိုကြည့်လျှင် မိမိတို့အတွက် သင်ခန်းစာရယူနိုင်သည်။ မိမိတို့ နိုင်ငံတွင်  တိုင်းရင်းသား  ၁၃၀  ကျော် ရှိသကဲ့သို့ပင်  အစ္စရေး နိုင်ငံတွင်လည်း   ကမ္ဘာ့နိုင်ငံပေါင်း   ၁၁၀  ကျော်မှ   ပြန်လည် ပြောင်းရွှေ့လာကြသည့်    မတူညီသော    ဒေသနောက်ခံများမှ ဂျူးလူမျိုးများ စုပေါင်းနေထိုင်ကြခြင်းဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိ အာရပ်နိုင်ငံ   အားလုံးက  အစ္စရေးနိုင်ငံ     ဖြစ်တည်လာမှုကို  လက်မခံသော၊ ဆန့်ကျင်သော နိုင်ငံများသာဖြစ်သည်။ နိုင်ငံအချို့ ကဆိုလျှင် အစ္စရေးကို မြေလှန်၍ ဂျူးလူမျိုးအားလုံးကို ပင်လယ် ထဲသို့ မောင်းချရန်အထိပင် ရန်လိုခက်ထန်ကြသည်။ သို့ဖြစ်ရာ အစ္စရေးနိုင်ငံကို  တည်ထောင်ခါစ  ပထမမျိုးဆက်  ဂျူးတို့မှာ နိုင်ငံတည်ရှိမှုနှင့် ၎င်းတို့၏ အသက်ရှင်သန်မှုတို့မှာ တစ်ထပ် တည်းပင်ဖြစ်နေသည့်အလျောက် နိုင်ငံတည်တံ့ရေးအတွက် နိုင်ငံသားတိုင်း ရုန်းကန်ကြိုးပမ်းကြရသည်။ ရန်လိုမုန်းတီးနေသူ ထံမှ ငြိမ်းချမ်းရေးနှင့် သက်ညှာမှုကို မျှော်လင့်နေ၍မရသည့် အလျောက် အရွယ်ရောက်သူတိုင်း သေနတ်ကိုင်၊ စစ်ပညာသင် ကြရသည်။ မိမိပိုင်နက်၊ မိမိပြည်သူ၊ မိမိအကျိုးစီးပွားကို ထိပါး သည်နှင့်  အဆိပ်ပြင်းသည့်  မြွေတစ်ကောင်သဖွယ်  ချက်ချင်း တုံ့ပြန်သည်။ ယဉ်ကျေးမှု မြင့်မားပါသည်ဟူသော လူသားကမ္ဘာ နှင့် လူ့အသိုင်းအဝိုင်းသည် ယနေ့ထက်တိုင် Might Is Right ဟူသော   တောနက်ကြီးဥပဒေကိုသာ     ကျင့်သုံးနေဆဲဖြစ်ရာ တစ်ခဲနက် ခိုင်မာသော စည်းလုံးညီညွတ်မှုနှင့် စစ်ရေးအသင့်ရှိမှု တို့ကြောင့်သာ အစ္စရေးနိုင်ငံ ယ‌နေ့တိုင်တည်တံ့နေခြင်းဖြစ်သည်။


နိဂုံးချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်တို့က ပြည်တွင်းစည်းလုံးညီညွတ်မှုနှင့် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိမှုတို့ကို ‌တောင်းဆိုနေပြီဖြစ်သည်။ သို့ဖြစ်ရာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ပြဋ္ဌာန်းခဲ့ပြီး သက်ဝင် ကျင့်သုံးခြင်းမရှိခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင် စေကာ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူအားလုံး နိုင်ငံတာဝန် ထမ်း‌ဆောင်ရန် လိုအပ်လာပြီဖြစ်သည့်အလျောက် မိမိတို့ခေတ် တွင် မိမိတို့ ပခုံးပေါ်ကျရောက်လာသည့်‌ ခေတ်သမိုင်း၏ တာဝန် များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့သားကောင်းများ အဖြစ် ဂုဏ်ယူနိုင်ကြပါစေကြောင်း။          ။