
နေပြည်တော် ဇွန် ၂၈
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက် သိမ်းဆည်းထားရှိသူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မွန်ပြည်နယ် သထုံခရိုင် စစ်တောင်းတံတား အသစ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား စစ်ဆေး နေစဉ် မြဝတီမြို့ဘက်မှ ရန်ကုန် မြို့ဘက်သို့ အင်းစိန်မြို့နယ် ဖော့ကန်ကျေးရွာနေ ဇော်ဇော် အောင် (၃၅) နှစ် (ဘ) ဦးသန်းဌေး မောင်းနှင်ပြီး ဦးကျော်လွင် (၄၅) နှစ် လိုက်ပါလာသော YGN 6C/ 3110 Hyundia ခရီးသည်တင် မှန်လုံယာဉ်ကို စစ်ဆေးခဲ့ရာ ယာဉ်၏ ဝမ်းဗိုက်အတွင်း တင်ဆောင်လာသော “စည်သူ” အမည်ပါ ကတ်ထူပုံးအတွင်းမှ ပစ္စတိုသေနတ် တစ်လက်၊ လေသေနတ် လေးလက်၊ ပွိုင့် ၃၈ ကျည်အတောင့် ၁၀၀ နှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရှိရ သည်။
အလားတူ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် မကွေးတိုင်းဒေသ ကြီး ရေစကြိုမြို့နယ် ခွေးမြှုပ် ကျေးရွာရှိ ရွှေဘုံသာဘုန်းကြီး ကျောင်း၌ ဆူပူအကြမ်းဖက်ရာ တွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းထားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ဘုန်းကြီးကျောင်းဝင်း အနောက် ဘက်ရှိ သီလရှင်အဆောင်ဟောင်း အတွင်းမှ အဆိုပါကျေးရွာနေ မင်းကိုနိုင် (၃၄) နှစ် (ဘ) ဦးဝမ်း ကို တောစီးလည်တိုဖိနပ် ကိုးရံ၊ မီးသတ်ဆေးဘူးအခွံ နှစ်ဘူး၊ လက်ကိုင်စကားပြောစက် သုံးလုံး၊ အားသွင်းခုံ လေးခု၊ ပြုလုပ်ဆဲ သေနတ် သစ်သားကိုယ်ထည် တစ်ခု၊ အပစ်ခလုတ် သုံးခု၊ စတီး ဘောစေ့ ၂၅ စေ့နှင့် အခြား ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက် သိမ်းဆည်းထားရှိသူ များနှင့် လက်ဝယ်ထားရှိသူကို ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
သတင်းစဉ်