ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အသင်း ဆော်ဒီသို့ ထွက်ခွာ

 

ရန်ကုန်  မတ်  ၂၂


မြန်မာ့လက်ရွေးစင်အသင်းသည်   ၂၀၂၆  ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယ အဆင့်ခြေစစ်ပွဲအုပ်စု   စတုတ္ထပွဲအဖြစ်  ဆီးရီးယားအသင်းနှင့်  အဝေး ကွင်းပွဲယှဉ်ပြိုင်ရန်  မတ် ၂၂ ရက်က  ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာ သွားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည်   ယခုလအတွင်း   ကမ္ဘာ့ဖလား ခြေစစ်ပွဲ နှစ်ပွဲကစားရမည်ဖြစ်ပြီး ဆီးရီးယားအသင်းနှင့် အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ဆီးရီးယား အသင်းတို့၏ ပထမအကျော့ပွဲကို မတ် ၂၁ ရက်က ရန်ကုန်မြို့၌ ကျင်းပ ခဲ့ပြီး တစ်ဂိုးစီသရေကျခဲ့သည်။ မြန်မာအသင်းသည် ယင်းပွဲတွင် တစ်ဂိုး အသာဖြင့်  ဦးဆောင်နိုင်သော်လည်း  ဒုတိယပိုင်းတွင်   ချေပဂိုး ပြန်ပေးလိုက်ရသဖြင့်     သရေကျခဲ့ခြင်းဖြစ်သည်။


မြန်မာ့လက်ရွေးစင်အသင်းသည် ဆီးရီးယား အသင်းနှင့် ပထမအကျော့ပွဲအတွက် ကစားသမား  ၂၃  ဦး  ရွေးချယ်ခဲ့သော်လည်း ယင်းကစားသမား များအနက်   ကျော်ကိုကို၊   သီဟထက်အောင်နှင့်     ဝေလင်းအောင်တို့ ကျန်ရစ်ခဲ့ပြီး   ယင်းနှစ်ဦးနေရာတွင်   နောက်ခံလူ ဇွဲခန့်မင်းနှင့် ဟိန်းဇေယျာလင်း နှစ်ဦး ကိုသာပြန်လည်အစားထိုးပြီး ကစားသမား ၂၂ ဦးဖြင့် သွားရောက်ခြင်းဖြစ်သည်။   


ဆီးရီးယားအသင်းနှင့် အဝေးကွင်းသွားရောက် ကစားမည့်      မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုးသမား -  ကျော်ဇင်ဖြိုး   (ရှမ်းယူနိုက်တက်)၊ ပြည့်ဖြိုးအောင်၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ နောက်တန်း - ဟိန်းဇေယျာလင်း၊   ဒေးဗစ်ထန် (ရှမ်းယူနိုက်တက်)၊   ကောင်းထက်ပိုင်၊   ငြိမ်းချမ်း  (Dagon Port)၊  ဟိန်းဖြိုးဝင်း၊   (ရတ်ချာဘူရီ-ထိုင်း)၊ စိုးမိုးကျော်  (ဖနွမ်းပင်ခရောင်း - ကမ္ဘောဒီးယား)၊ သက်ဟိန်းစိုး၊     ဇွဲခန့်မင်း၊    ခွန်ကျော်ဇင်ဟိန်း (ရှမ်းယူနိုက်တက်)၊     အလယ်တန်း   -  ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း(ရန်ကုန်ယူနိုက်တက်)၊  ကျော်မင်းဦး (PDRM-မလေးရှား)၊ နေမိုးနိုင်(ဟံသာဝတီ)၊ လွင်မိုး အောင် (Rayong-ထိုင်း)၊ ဟိန်းထက်အောင်(နီဂျီရီဆီ ဘီလန်-မလေးရှား)၊ ရှေ့တန်း-အောင်သူ (အူထိုင်း ထာနီ-ထိုင်း)၊  မောင်မောင်လွင်  (လမ်ဖွန်ဝါရီယာ-ထိုင်း)၊  အောင်ကောင်းမာန်  (နာခွန်ရတ်ချာစီမာ-ထိုင်း)၊ ဥက္ကာနိုင် (ရန်ကုန်ယူနိုက်တက်) တို့  ပါဝင် သည်။


ဆီးရီးယားအသင်းသည်    အိမ်ကွင်းပွဲများကို ဆော်ဒီအာရေဗျနိုင်ငံ၌ လက်ခံကစားလျက်ရှိသော ကြောင့် မြန်မာအသင်းနှင့်ပွဲကိုလည်း မြန်မာစံတော် ချိန် မတ် ၂၇ ရက် နံနက် ၁ နာရီခွဲ (ဒေသစံတော်ချိန် မတ် ၂၆ ရက် ည ၁၀ နာရီ) တွင် ကျင်းပမည်ဖြစ်သည်။


ရဲရင့်လွင်
ဓာတ်ပုံ-သော်လေး