တီဘီရောဂါသည် လေမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည့်ရောဂါ တစ်မျိုးဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာ တီဘီရောဂါ ကူးစက်ခံထားရပြီဖြစ်သည်။ တီဘီသည် ကြိုတင်ကာကွယ်ကုသ ၍ရသည့် ရောဂါဖြစ်သည့်တိုင် ကမ္ဘာတစ်ဝန်းတွင် တီဘီနှင့် ဆက်စပ်ရောဂါတို့ကြောင့် တစ်နှစ်လျှင် ပျမ်းမျှလူတစ်သန်းခွဲခန့် အသက်ဆုံးရှုံးနေကြရသည်ဟုဆိုသည်။ ကမ္ဘာတစ်ဝန်း တီဘီ ရောဂါဖြစ်ပွားမှု၏ ၄၃ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှဒေသ တွင် ဖြစ်သည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံသည် တီဘီ၊ တီဘီ-အိတ်ချ်အိုင်ဗွီနှင့် ဆေးယဉ်ပါး တီဘီရောဂါအဖြစ် အများဆုံးနိုင်ငံ ၃၀ တွင် ပါဝင်လျက်ရှိသည်။ တီဘီရောဂါသည် သလိပ်တွင် တီဘီပိုးရှိနေသူများ ချောင်းဆိုး၊ နှာချေ၊ စကားကျယ်လောင်စွာပြောရာမှ လေထဲတွင် ပျံ့နှံ့သွား ပြီး အနီးဝန်းကျင်၌ရှိနေသော လူများက ရှူရှိုက်မိရာမှ ကူးစက် ခံရခြင်းဖြစ်ရာ ရောဂါရှိသူနှင့် အတူနေမိသားစုများ၊ စာသင်ခန်း၊ ရုံးဌာန၊ စက်ရုံအလုပ်ရုံများတွင် အတူလုပ်ဖော်ကိုင်ဖက်များမှာ အလွယ်တကူကူးစက်ခံရနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံ၌ လူဦးရေ တစ်သိန်းတွင် တီဘီလူနာသစ်ဖြစ်ပွားနှုန်း ၄၇၅ ဦးရှိပြီး သေဆုံး နှုန်း ၈၀ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ တီဘီရောဂါသည် စနစ်တကျကုသပါက ပျောက်ကင်းနိုင်သော်လည်း ဆေးကုသမှု စနစ်တကျမခံယူပါက ရောဂါရှိသူမှတစ်ဆင့် မိသားစုသို့ လည်း ကောင်း၊ ပတ်ဝန်းကျင်ရှိ လူများသို့လည်းကောင်း အလွယ်တကူ ကူးစက်နိုင်သည်။ ရောဂါရှိသူကိုယ်တိုင်မှာလည်း ဆေးမတိုး တော့ဘဲ ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်လာနိုင်သည်။
တီဘီရောဂါအဖြစ်များသည့် နိုင်ငံများမှာ ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများဖြစ်ရာ လူနေမှုအဆင့် အတန်း နိမ့်ကျမှုနှင့် ဆက်စပ်လျက်ရှိသည်။ တီဘီရောဂါပိုး ကူးစက်ခံရသူတိုင်း တီဘီရောဂါဖြစ်ပွားလေ့မရှိသော်လည်း အာဟာရချို့တဲ့နေသူ၊ ခုခံအားကျဆင်းနေသူ၊ ဆေးလိပ်အရက် အလွန်အကျွံသောက်သူ၊ အသက်ကြီးသူနှင့် ငါးနှစ်အောက် ငယ်ရွယ်သူ၊ ဆီးချိုရောဂါရှိသူ၊ အစာအိမ်ခွဲစိတ်ကုသခံထားရသူ၊ နေအိမ်နှင့် လုပ်ငန်းခွင်တို့တွင် အလင်းရောင်နှင့် လေဝင် လေထွက်ကောင်းစွာမရသူတို့မှာ တီဘီပိုးကူးစက်ခံရပါက တီဘီ ရောဂါ ပိုမိုဖြစ်ပွားနိုင်သည့် အခြေအနေတွင်ရှိသည်။
တီဘီရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်ကုသနိုင်ပါက ပြည်သူလူထုအတွင်း တီဘီရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချ နိုင်မည်ဖြစ်သည်။ မည်သူမဆို ရက်သတ္တနှစ်ပတ်နှင့်အထက် ချောင်းဆိုးခြင်း၊ ချောင်းဆိုးသည့်အခါ သွေး သို့မဟုတ် သလိပ်ပါ ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျပြီး တဖြည်းဖြည်းပိန်လာခြင်း၊ ညနေပိုင်းရောက်လျှင် တငွေ့ငွေ့ ဖျားခြင်း၊ ညအခါ ချွေးအထွက်လွန်ခြင်း စသည့်တီဘီရောဂါ လက္ခဏာများ ဖြစ်ပေါ်လာပါက တီဘီရောဂါ ရှိ၊ မရှိ စစ်ဆေးမှုကို မဖြစ်မနေ ခံယူကြရမည်ဖြစ်သည်။ မိသားစုဝင်တစ်ဦးတွင် တီဘီရောဂါဖြစ်ပါက ကျန်မိသားစုဝင်အားလုံး တီဘီရောဂါ ရှိ မရှိ စစ်ဆေးမှုခံယူကြရန်လည်း လိုအပ်သည်။
အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူများတွင် ဝင်ရောက်တတ် သည့်ရောဂါများအနက် တီဘီရောဂါက အဖြစ်အများဆုံးဖြစ်ပြီး “တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့်ကု(DOT)” နည်းဗျူဟာဖြင့် စနစ် တကျကုသခြင်းဖြင့် တီဘီရောဂါ ပျောက်ကင်းနိုင်သည်။ စနစ် တကျမကုသပါက ဆေးယဉ်ပါးတီဘီဖြစ်လာနိုင်သလို အေအိုင်ဒီ အက်စ်ရောဂါအဆင့်သို့ ရောက်သွားနိုင်သည်။ တီဘီလူနာများ ဆေးကိုစနစ်တကျ မှန်ကန်စွာမသောက်ခြင်းနှင့် စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းတို့ကြောင့် ဆေးယဉ်ပါး တီဘီဖြစ်သွားနိုင်သည်။ ဆေးယဉ်ပါးတီဘီ တိုက်ရိုက်ကူးစက် ခံရခြင်းကြောင့်လည်း ဆေးယဉ်ပါးတီဘီဖြစ်နိုင်သည်။
ယခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ “တီဘီရောဂါ ပပျောက်ဖို့၊ အားလုံးဝိုင်းဝန်းပူးပေါင်းလို့၊ ပံ့ပိုးကူညီ ဆောင်ရွက်စို့” “Yes! We can End TB! ” ဟူ၍ဖြစ်ရာ တီဘီ ရောဂါ ကာကွယ်ကုသမှုများအားလုံးကို လူတိုင်းလက်လှမ်းမီစွာ ရရှိနိုင်ရေးအတွက် ကဏ္ဍအသီးသီးမှ ပူးပေါင်းကူညီဆောင်ရွက် ပေးကြရပါမည့်အကြောင်း။ ။