လူတိုင်းလူတိုင်းကျန်းမာဖို့ ကိုယ်စီပါဝင်ဆောင်ရွက်စို့

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ကို ၁၉၄၈ ခုနှစ် ဧပြီလ ၇ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ရာ ယခုအခါ သက်တမ်း ၇၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စတင်တည်ထောင်သည့် ဧပြီ ၇ ရက်နေ့ ကို ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် ၁၉၅၀ ပြည့်နှစ်မှစ၍ သတ်မှတ် ခဲ့ခြင်းဖြစ်ပြီး  နှစ်စဉ်  အဆိုပါနေ့ရက်တွင်   အဖွဲ့ဝင်နိုင်ငံများ၌ ကမ္ဘာ့ကျန်းမာရေးနေ့   အထိမ်းအမှတ်အခမ်းအနားများနှင့် လှုပ်ရှားမှုများကို ဆောင်ရွက်ကြသည်။ ယခုနှစ်အတွက် ကမ္ဘာ့ ကျန်းမာရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “လူတိုင်းလူတိုင်း ကျန်းမာဖို့၊  ကိုယ်စီပါဝင်ဆောင်ရွက်စို့ ”   “My   Health ,  My  Right ” ဟူ၍ ဖြစ်သည်။


မျက်မှောက်ကာလ ကမ္ဘာတစ်ဝန်းတွင်ရှိသော လူသန်းပေါင်း များစွာတို့၏ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေး အခွင့်အရေးသည် တစ်စတစ်စကြီးထွားလာနေသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင် နေရသည်။ ရောဂါဘယများဖြစ်ပွားခြင်းနှင့် ကပ်ကြီးသုံးပါး ဘေးဒုက္ခများကျရောက်ခြင်းတို့က   လူများသေဆုံးရခြင်းနှင့် မစွမ်းမသန်ဘဝကျရောက်ရခြင်းတို့၏ အဓိက အကြောင်းရင်း ဖြစ်သထက်ဖြစ်လာနေသည်။ စစ်ပွဲများ၊ လက်နက်ကိုင် ပဋိပက္ခ များသည် သေကျေခြင်း၊ အနာတရဖြစ်ခြင်း၊ ငတ်မွတ်ခေါင်းပါး ခြင်း၊ စိတ်နှလုံးထိခိုက်ပျက်စီးရခြင်းတို့၏အကြောင်းရင်းများ အဖြစ်နှင့် လူ့အသက်ပေါင်းများစွာကို စိစိညက်ညက်ကြေအောင် ဖျက်ဆီးလျက်ရှိသည်။ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှု ကလည်း ရာသီဥတုဖောက်ပြန်မှုကို ဖြစ်ပေါ်စေသလို တစ်ပြိုင် တည်းမှာပင် လူသားတို့အဖို့  သန့်စင်သောလေကို ရှူရှိုက်ခွင့် ဆုံးရှုံးရသည်။ အိမ်တွင်းအိမ်ပြင် လေထုညစ်ညမ်းမှုများကြောင့် ကမ္ဘာပေါ်၌ ငါးစက္ကန့်တိုင်းတွင် လူတစ်ဦးနှုန်း  သေကျေလျက် ရှိကြသည်။ 


ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၄၀ ထက်မနည်းသည် ကျန်းမာခြင်း ကို လူ့အခွင့်အရေး တစ်ရပ်အဖြစ် ၎င်းတို့၏ အခြေခံဥပဒေများတွင် အသိအမှတ်ပြုထည့်သွင်းပြဋ္ဌာန်းထားသည့်တိုင် ကမ္ဘာ့လူဦးရေ ၏ ထက်ဝက်ကျော်ဖြစ်သော လူဦးရေ ၄ ဒသမ ၅ ဘီလီယံထက် မနည်းတို့မှာ  ၎င်းတို့အတွက်လိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုကို လုံလောက်စွာမရရှိကြဟု ဆိုသည်။ ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရသည့်   ကျန်းမာရေးဆိုင်ရာ  စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင်  အရည်အသွေးပြည့်  ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာ‌သင်ကြားခွင့်နှင့် သတင်းအချက်အလက် ရရှိရေးတို့သည် ကမ္ဘာပေါ်ရှိလူတိုင်းရရှိရမည့် အခွင့်အရေးများ ဖြစ်ပြီး သန့်ရှင်းသောသောက်သုံးရေ၊ သန့်စင်သောလေ၊ ပြည့်ဝ ကောင်းမွန်သည့်အာဟာရ၊ စံချိန်မီအိမ်ရာ ၊ သင့်တင့်လျောက်ပတ် သည့်အလုပ်အကိုင်နှင့် ပတ်ဝန်းကျင်၊ ခွဲခြားဆက်ဆံမှုကင်းရှင်း သည့်ဘဝ စသည်တို့လည်း လူတိုင်းရရှိရန်လိုသည်။


မိမိတို့နိုင်ငံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ ချမှတ်ဆောင်ရွက် လျက်ရှိရာတွင် “တစ်မျိုးသားလုံး  အသက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး”ဟူသည့်    လူမှုရေး ဦးတည်ချက်တစ်ရပ်လည်းပါဝင်လျက်ရှိရာ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့၊ စေတနာရှင်ပရဟိတလူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူ လူထုပူးပေါင်းဆောင်ရွက်မှုများဖြင့်    အကောင်အထည်ဖော် လျက်ရှိသည်။ ကမ္ဘာတစ်ဝန်းတွင်ရှိသော လူသားများရင်ဆိုင်ကြုံ တွေ့ကြရသည့်အတိုင်းပင် မိမိတို့နိုင်ငံတွင်လည်း ရောဂါဘယ များ၊ ပဋိပက္ခများ၊ လေထုညစ်ညမ်းမှုများ စသည်တို့ကို ရင်ဆိုင် ကြုံတွေ့နေကြရသည်။ ကျန်းမာရေးသည် လူတိုင်းရရှိအပ်သည့် အခွင့်အရေးပင်ဖြစ်ပြီး ၎င်းအခွင့်အရေးကို လူတိုင်းရရှိခံစားနိုင် အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုမှာ လွန်စွာအရေးကြီးသည်။


ကူးစက်ရောဂါများ နှိမ်နင်းတိုက်ဖျက်ရေးနှင့်မကူးစက်နိုင် သောရောဂါများဆိုင်ရာ အသိပညာပေးမှုများတွင်လည်းကောင်း၊ ပြည်တွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်ဆိုင်းချုပ်ငြိမ်းသွားရေးတွင်လည်းကောင်း၊ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုအပါအဝင် အခြားအကြောင်းများကြောင့် လေထုညစ်ညမ်း မှုများလျော့နည်းကင်းစင်အောင် ပြုလုပ်ရာတွင်လည်းကောင်း၊ ပြည်သူလူထုအင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်မှုဖြင့်သာ လျင်မြန်စွာပြီးမြောက်အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်သည်။ အသက်ရှင်သန်မှုနှင့် ကြံ့ခိုင်သန်စွမ်းမှုတို့ကို ခြိမ်းခြောက်နေသည့် အခြေခံအကြောင်းတရားများကို    ရှင်းလင်းဖယ်ရှားနိုင်မှသာ လူတိုင်းကျန်းမာနိုင်ကြမည်ဖြစ်သည့်အလျောက် ကိုယ်စီတာဝန် ကို ကျေပွန်စွာပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။       ။