၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဧပြီ   ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ကျောင်းသား လူငယ်များ   နွေရာသီကျောင်းပိတ်ရက်များတွင်  အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစား သင်တန်း ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်    ၈  နာရီတွင် ပြည်ထောင်စုနယ်မြေ   နေပြည်တော်  ရွှေကြာပင် အားကစားရုံ၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံက  သင်တန်း များမှ အလားအလာရှိသည့် သင်တန်းသား သင်တန်း သူ လူငယ်မောင်မယ်များကို အားကစားနည်းအလိုက် နည်းစနစ်မှန်မှန်ကန်ကန်ဖြင့်     ကျွမ်းကျင်ပိုင်နိုင်စွာ ဆက်လက်လေ့ကျင့်နိုင်စေရန် ယခုနွေရာသီအဆင့် မြင့်  အားကစားသင်တန်းများကို  အားကစားနည်း (၁၁)နည်းဖြင့် ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်လာကြ သည့်    ကျောင်းသား   ကျောင်းသူများအနေဖြင့် အားကစားနည်းအလိုက်  စိတ်ပါဝင်စားစွာ  သင်ယူ လေ့ကျင့်ခြင်းဖြင့် အခြေခံကျောင်းအဆင့်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အားကစားနည်းအခြေခံ ကောင်းများ   ရရှိနိုင်မည်ဖြစ်ကြောင်း၊   ထူးချွန်သူ များကို    စနစ်တကျရွေးချယ်၍     အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ      ဖွင့်လှစ်သည့် အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများသို့ နိုင်ငံတော်စရိတ်ဖြင့် တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ သင်တန်းသားသင်တန်းသူများအနေဖြင့်   ရွေးချယ်ခံရသူများဖြစ် အောင် ကြိုးစားသွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး (အပေါ်ယာပုံ)  ၂၀၂၄ ခုနှစ်၊  နွေရာသီ အဆင့်မြင့်အားကစားသင်တန်းကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍    နေပြည်တော်    အားကစားနှင့် ကာယပညာကော်မတီနာယက၊     နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ဂုဏ်၊  လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာ ဖြစ်သည့်အတွက်      အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန် အားကစားသင်တန်းများကို   ဖွင့်လှစ်ပေးခြင်းဖြစ် ကြောင်း၊    ကျောင်းသားလူငယ်များ  အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိလာပြီး    ပူးပေါင်းဆောင်ရွက် တတ်စေရန်နှင့် အားကစားပညာရပ်များ၊ အဆင့်မြင့် နည်းစနစ်များကို      နားလည်တတ်ကျွမ်းအောင် ကြိုးစားလေ့ကျင့်သင်ယူကြပြီး နိုင်ငံတော်မှအားထား ရသည့် ထူးချွန်သည့်အားကစားသမားကောင်းများဖြစ်အောင်    ဆက်လက်ကြိုးစားလေ့ကျင့်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသား သင်တန်းသူများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်းနှင့် ဇမ္ဗူသီရိ မြို့နယ်  အနာဂတ်ကြယ်ပွင့်   ပရဟိတကျောင်းမှ တိုက်ကွမ်ဒိုအားကစားအဖွဲ့နှင့်    ပုဗ္ဗသီရိမြို့နယ် Sports Time Club နှင့် YGW မှ မြန်မာ့သိုင်းအားကစား အဖွဲ့တို့က  သရုပ်ပြသကြပြီး  ပြည်ထောင်စုဝန်ကြီး က အားကစားအဖွဲ့များကို  အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်၍   နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊    နေပြည်တော် ကောင်စီဥက္ကဋ္ဌက   သရုပ်ပြအဖွဲ့များအား   ဂုဏ်ပြု ဆုငွေများပေးအပ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက်   အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်      နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့်   ပဏာမမြန်မာ့ လက်ရွေးစင်အားကစားသမားများနှင့်     လူငယ် အားကစားသမားများ   တွေ့ဆုံပွဲအခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စခန်းဝင် လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအနေ ဖြင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် အောင်မြင်မှုဆုတံဆိပ်များရရှိအောင်      ကြိုးစား အားထုတ်လေ့ကျင့်သွားရန် အထူးမှာကြားလိုကြောင်း၊ လေ့ကျင့်မှုများမှသာ  ပြီးပြည့်စုံလာမည်ဖြစ်သည့် အတွက်     လေ့ကျင့်မှုများများ     ပြုလုပ်သွားရန် လိုကြောင်း၊  ယခုလေ့ကျင့်ရရှိထားသည့်   စံချိန်/စံညွှန်းများမှာ     အားရကျေနပ်မှုမရှိသော်လည်း လေ့ကျင့်ရန်အချိန်ကာလ ကျန်ရှိသေးသည့်အတွက် ယခုထက်ပိုမိုအားထည့်ပြီး ကြိုးစားလေ့ကျင့်သွား ရန်လိုကြောင်း၊   ရာသီဥတုပူပြင်းလာပြီဖြစ်သည့် အတွက်  ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ နေထိုင် သွားလာစားသောက်မှုများ  ဂရုစိုက်ဆင်ခြင်ရန်နှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး    စည်းလုံးညီညွတ်မှု ရှိရန်လိုကြောင်း၊ အခက်အခဲများရှိပါက တာဝန်ရှိသူ များမှတစ်ဆင့် သတင်းပို့တင်ပြနိုင်ကြောင်း၊ အုပ်ချုပ်/ နည်းပြများကလည်း  မိမိအားကစားသမားများက ယုံကြည်အားကိုးလေးစားမှုရှိအောင်  ပြုမူပြောဆိုနေထိုင်သွားရန်နှင့်       အားကစားနည်းအလိုက် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့်   နည်း စနစ်/နည်းဥပဒေများကို   အမြဲမပြတ်   လေ့လာ ဆည်းပူး၍ ခံယူချက်ကောင်းမွန်ပြီး အရည်အချင်း ပြည့်ဝသည့် နည်းပြကောင်းများဖြစ်အောင် ကြိုးစား သွားရန်လိုကြောင်း၊ အားကစားသမားများကိုလည်း အရည်အချင်းရှိပြီး ခန္ဓာကိုယ်ပိုင်းသာမက စိတ်ဓာတ် ပိုင်းဆိုင်ရာ     ကျန်းမာကြံ့ခိုင်သူများဖြစ်အောင်  ကြိုးစားလေ့ကျင့့်သင်ကြားပေးသွားရန်လိုကြောင်း ပြောကြားသည်။
အခမ်းအနားသို့    အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန    ဒုတိယဝန်ကြီး    ဦးဇင်မင်းထက်နှင့် ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူ များ၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား များ တက်ရောက်ခဲ့ကြောင်း သိရသည်။  သတင်းစဉ်