
ရန်ကုန် မေ ၄
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစား နှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်တို့ ပူးပေါင်း၍ UAB Bank Badminton Junior Championship 2024 ကြက်တောင်ရိုက် ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမျိုးသားကြက်တောင် အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင် ပိုင်၊ UAB Bank မှ တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်ပရိသတ်များ တက်ရောက် ကြည့်ရှု အားပေးကြသည်။
အဆိုပါဗိုလ်လုပွဲပြိုင်ပွဲတွင် အသက်(၉)နှစ် အောက်၊ (၁၁)နှစ်အောက်၊ (၁၃)နှစ်အောက်၊ (၁၅)နှစ် အောက်၊ (၁၇)နှစ်အောက်၊ အသက်(၁၉)နှစ်အောက် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများ၊ အသက် (၁၅)နှစ်အောက်၊ အသက်(၁၇)နှစ်အောက်၊ အသက်(၁၉) နှစ်အောက် အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်ကစားပြီး ပထမ၊ ဒုတိယနှင့် ပူးတွဲ တတိယရရှိကြသော အားကစားသမားများအား တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်း ရေးမှူး၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် UAB Bank မှ တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့် ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် က အသက် (၁၉) နှစ်အောက် အမျိုးသား နှစ်ယောက်၊ အမျိုးသမီးနှစ်ယောက်တွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယရရှိကြသော အားကစား သမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆုများ ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက် ကြသည်။ (အပေါ်ပုံ)
ယင်းပြိုင်ပွဲကို မေ ၁ ရက်မှ ၄ ရက်အထိ ကျင်းပ ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ကလပ် စုစုပေါင်း ၂၇ ခုမှ အားကစားသမား ၂၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အာကာစိုး