
ရန်ကုန် မေ ၇
၂၀၂၄ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁) ပထမနေ့ကို မေ ၇ ရက်က စလင်းကွင်းနှင့် ပဒုမ္မာကွင်း၌ စတင်ကျင်းပရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်စောဦး၊ အမျိုးသမီးဘောလုံးကော်မတီမှ ဒေါ်ခင်စံပယ်ကြည်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာ နေရှင်နယ်လိဂ်တို့မှ တာဝန်ရှိသူများ၊ ပရိသတ်များ ကြည့်ရှုအားပေးကြသည်။
စလင်းကွင်း၌ ကျင်းပသည့် ပွဲတွင် အသင်းသစ် ဧရာဝတီ အသင်းက နာမည်ကြီး သစ္စာ အားမာန်အသင်းကို နှစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရခဲ့သည်။ အသင်းသစ် ဖြစ်သည့် ဧရာဝတီအသင်း၏ အဖွင့်ပွဲမှာပင် မထင်မှတ်သည့် စွမ်းဆောင်ရည်ကောင်း ပြသပြီး အသင်းကြီး တစ်သင်းဖြစ်သည့် သစ္စာအားမာန်အသင်းကို အနိုင် ယူခဲ့ခြင်းဖြစ်သည်။
ဧရာဝတီ အသင်းသည် လက်ရွေးစင် ကစားသမားများ ဖြစ်သည့် စန်းသော်သော်၊ နော်ထက်ထက်ဝေ၊ ဇွန်ယုယဦးတို့ ကို အမာခံထားကာ လိဂ်အတွေ့ အကြုံရှိသည့် လဲ့လဲ့လှိုင်၊ သီတာခိုင်၊ မေသူအောင်တို့ဖြင့် ပွဲထွက်လာပြီး သစ္စာအားမာန်အသင်းကလည်း မေသက်မွန်မြင့်၊ ဝင်းဝင်း၊ မြတ်နိုးခင်၊ ဝေဖူးအိမ်၊ ခင်မိုမိုထွန်း၊ နီလာဝင်းစသည့် လက်ရွေးစင်အဆင့်ကစားသမားအများစုဖြင့် ပွဲထွက်လာသည်။ သစ္စာ အားမာန်အသင်းသည် ပိုဖိကစားနိုင်သော်လည်း ဧရာဝတီအသင်းက အမှားအယွင်းမရှိကစားနိုင်သလို ခံစစ်၊ တိုက်စစ်ဟန်ချက်ညီအောင် ကစားနိုင်သဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးများကို ၄၂ မိနစ်တွင် ဇီတာရှင်နှင့် မိနစ် ၇၀ တွင် လဲ့လဲ့လှိုင်တို့က သွင်းယူခဲ့သည်။
ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက လက်ရှိချန်ပီယံ မြဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိချန်ပီယံ မြဝတီအသင်းကို ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ယူကာ အမှတ်ပြည့်ရရှိခဲ့သည်။ ပြိုင်ပွဲ၏ အအောင်မြင်ဆုံးဖြစ်သည့် မြဝတီအသင်းမှာမူ အဖွင့်ပွဲမှာ မထင်မှတ်ဘဲ အရှုံးနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ပထမပိုင်း သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ၁၅ မိနစ်တွင် နန်းချိုမွှေးနှင့် ၄၅+ ၃ မိနစ်တွင် ယွန်းဝတီလှိုင်တို့က အနိုင်ဂိုးများ သွင်းယူခဲ့သည်။
ပွဲစဉ် (၁) ဒုတိယနေ့ကို မေ ၈ ရက် (ယနေ့) ညနေ ၄ နာရီတွင် စလင်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယခုရာသီ မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲကို မြဝတီ၊ အား/ကာသိပ္ပံ၊ သစ္စာအားမာန်၊ ရန်ကုန် ယူနိုက်တက်၊ YREO ၊ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်း စုစုပေါင်း ခုနစ်သင်းဖြင့် ကျင်းပလျက်ရှိပြီး မေ ၇ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ သုံးကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ-MWL