
ပရီမီယာလိဂ်ပွဲစဉ် (၃၇) မှ ဖူလ်ဟမ်နှင့် မန်စီးတီးအသင်းပွဲစဉ် ကို မေ ၁၁ ရက် ည ၆ နာရီက ဖူလ်ဟမ်အသင်း အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီး အသင်းက တိုက်စစ်ခြေစွမ်းပြပြီး လေးဂိုးပြတ်အနိုင်ရရှိကာ ဒုတိယ နေရာမှ အာဆင်နယ်အသင်းထက် နှစ်မှတ်အသာ ရမှတ် ၈၅ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင် ခဲ့သည်။
အိမ်ရှင် ဖူလ်ဟမ်အသင်း သည် ဧပြီ ၁၄ ရက်က ဝက်စ်ဟမ်း အသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိ ပြီးနောက် နိုင်ပွဲပြန်လည်ရှာတွေ့ ရန်အသင်းကို အကောင်းဆုံး ပြင်ဆင်လာသော်လည်း မန်စီးတီး အသင်း၏ ထိုးဖောက်တိုက်စစ် ဆင်ကစားမှုအောက် ပုံစံကောင်း ပျောက်ဆုံးခဲ့ပြီး ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့သည်။
ဂိုးပေါက်တည့် ကိုးကြိမ်
ထို့ပြင် ဖူလ်ဟမ်အသင်းသည် မန်စီးတီးအသင်းဘက်သို့ ပွဲချိန် တစ်လျှောက် ဂိုးကန်သွင်းမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။ ပြိုင်ဘက် မန်စီးတီးအသင်းက ဖူလ်ဟမ်အသင်းဘက်သို့ ဂိုးကန် သွင်းမှု ၁၆ ကြိမ်အထိ ပြုလုပ်နိုင် ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု ကိုးကြိမ်တွင် လေးကြိမ်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
မန်စီးတီးနှစ်မှတ်သာ
မန်စီးတီးအသင်းသည် ယခု ပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် ဒုတိယနေရာမှ အာဆင်နယ် အသင်းနှင့် ပွဲအရေအတွက်တူ ရမှတ်နှစ်မှတ်အသာဖြင့် အမှတ် ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး အမှတ်ပေးဖလား ဆွတ်ခူးရန် နီးကပ်လာပြီဖြစ်သည်။ မန်စီးတီး အသင်းအတွက် သွင်းဂိုးများကို ဂျီဗာဒီယိုလ်၊ ဖိုဒင်နှင့် အဲဗာရက်ဇ် တို့က သွင်းယူပေးခဲ့သည်။
မန်စီးတီးအသင်းသည် ပရီ မီယာလိဂ်ပွဲစဉ် (၃၄) ပွဲကျန်အဖြစ် မေ ၁၅ ရက် နံနက် ၁ နာရီခွဲတွင် ကစားပုံမာကျောသည့် စပါး အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရ မည် ဖြစ်သည်။
အခြားပွဲစဉ်များ
အခြားသော ပွဲစဉ်များတွင် ဘုန်းမောက်ကို ဘရန့်ဖို့ဒ်က နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပြီး ဝုလ်ဖ်ကို ပဲလေ့စ်က သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရသည်။ ဝက်စ်ဟမ်းက လည်း လူတန်ကို သုံးဂိုး - တစ်ဂိုး ဖြင့်နိုင်ကာ စပါးက ဘန်လေကို နှစ်ဂိုး-တစ်ဂိုး၊ အဲဗာတန်က ရှက်ဖီးကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရသည်။
နယူးကာဆယ်နှင့် ဘရိုက် တန်ပွဲမှာ တစ်ဂိုးစီ သရေဖြစ်ခဲ့ သည်။ တန်းဆင်းရမည့် အသင်း များအနေဖြင့် ရှက်ဖီးက ၃၇ ပွဲ ကစား ၁၆ မှတ်ရရှိကာ အဆင့် ၂၀၊ ဘန်လေက ၃၇ ပွဲကစား ၂၄ မှတ်ရရှိကာ အဆင့် ၁၉၊ လူတန် က ၃၇ ပွဲကစား ၂၆ မှတ် ရရှိ ပြီး အဆင့် ၁၈ ၌ ရပ်တည်နေ သည်။
အောင်ဇော်