နိုင်ငံ၏ကာကွယ်ရေးစွမ်းပကားတွင် နိုင်ငံသားကောင်းတို့ ပူးပေါင်းပါဝင်

ကမ္ဘာ့နိုင်ငံများအလယ်တွင်    နိုင်ငံတစ်နိုင်ငံအဖြစ်   တင့်တင့် တယ်တယ် ရပ်တည်နိုင်ရန်အတွက် နိုင်ငံ၏အင်္ဂါရပ်များဖြစ်သော ပိုင်နက်နယ်နိမိတ်၊ နိုင်ငံသားများ၊ အစိုးရနှင့် အချုပ်အခြာအာဏာ ပိုင်စိုးမှုတို့  လိုအပ်သည်။  သို့အတွက်   နိုင်ငံတိုင်းက   မိမိတို့၏ ပိုင်နက်နယ်နိမိတ်များ တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားအကျိုးစီးပွား ထိပါးမခံရအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို အခါမလပ် အားထုတ် ကြိုးပမ်းနေကြရသည်။   နိုင်ငံကို   ကာကွယ်နိုင်ရေးအတွက် ကြည်း၊ ရေ၊ လေ အမြဲတမ်းတပ်မတော်များ အင်အားတောင့်တင်း ခိုင်မာအောင် တည်ဆောက်ထားကြသကဲ့သို့ အရန်အင်အားများ ကိုလည်း  ဥပဒေပြဋ္ဌာန်းကာ  နည်းလမ်းအမျိုးမျိုးဖြင့်  ပြင်ဆင် စုဖွဲ့ထားကြရမြဲဖြစ်သည်။
မိမိတို့နိုင်ငံတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသား တိုင်းသည်  ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသော    အမျိုးသားရေးတာဝန်များကို   ထမ်းဆောင်ကြရန် တာဝန်ရှိသည်။ ထို့အပြင် ကမ္ဘာ့အင်အားချိန်ခွင်လျှာ ပြောင်းလဲ မှု၊ အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုများနှင့် ဆက်စပ်၍ ဖြစ်ပေါ်နေသည့် မျက်မှောက်ကာလ ကမ္ဘာ့အခြေအနေများတွင် မိမိတို့နိုင်ငံကဲ့သို့သော နိုင်ငံငယ်များမှာ လှိုင်းကြား၊ လေကြားမှ လှေကလေးများသဖွယ် လှိုင်းတံပိုးအောက် နစ်မြုပ်မသွားစေရန် အားသွန်ခွန်စိုက်   ကြိုးပမ်းနေကြရခြင်းဖြစ်ရာ   မိမိတို့ခေတ် သမိုင်းက ပေးလာသည့်တာဝန်ကို မိမိတို့ကျေပွန်စွာ ထမ်းဆောင် ကြရန် လိုအပ်လျက်ရှိသည်။ နိုင်ငံသားတိုင်း ဒို့တာဝန်အရေး သုံးပါးကို    ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက်   စစ်ပညာ သင်ကြားရန်နှင့်  နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်း ဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂) သို့ ရောက်ရှိလာပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သည် တိုင်းဒေသ ကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် အောင်မြင်စွာ ဖွင့်လှစ်သင်ကြား  ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်းသားတို့၏ ပထမဆုံး လစာပင် ရရှိပြီးကြပြီဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိရပြီး သင်တန်းသားများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု ကောင်းသတင်းများကိုလည်း ကြားသိကြရသည်။ အရပ်သား ဘဝမှ စစ်မှုထမ်းဘဝသို့ ကူးပြောင်းလာသည့် သင်တန်းသားများ မှာ   ရုပ်ပိုင်းဆိုင်ရာ  ကျန်းမာကြံ့ခိုင်လာခြင်း၊   အသင်းအဖွဲ့နှင့် စုပေါင်းလုပ်ဆောင်တတ်ခြင်း၊ အချိန်ဇယားကိုက် လုပ်ကိုင်တတ် လာခြင်း၊ တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုပမာ ချစ်ခင်စွာနေတတ် လာခြင်း၊  မိမိကိုယ်ကို  တန်ဖိုးထားချစ်တတ်လာရာမှ  မိမိ၏ မိသားစု၊    ဇာတိမြို့ရွာမှသည်    နိုင်ငံတော်အထိ    တန်ဖိုးထား ချစ်တတ်လာခြင်း စသည်ဖြင့် နိုင်ငံသားကောင်းတို့၏ ကောင်းမွန် သည့် အရည်အသွေးများမှာ သင်တန်းကာလအတွင်း တစ်ပတ် ထက်တစ်ပတ် ပိုမိုပြည့်စုံလာကြမည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းများမှာ      တစ်လပြီးတစ်လ၊ သင်တန်းအမှတ်စဉ် တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ အနာ ဂတ်ကာလများအထိ တည်ရှိနေမည်ဖြစ်ပြီး နိုင်ငံတော်တည်တံ့ ခိုင်မြဲရေးအတွက် ကာကွယ်ရေးတာဝန်ကို မျိုးဆက် တစ်ဆက် ပြီးတစ်ဆက် ပခုံးပြောင်းတာဝန် ထမ်းဆောင်သွားကြရမည်ဖြစ် သည်။    နိုင်ငံတော်လုံခြုံရေး၊    ကာကွယ်ရေး   အသိပညာများ ပြည်သူများ နားလည်တတ်မြောက်လာကြသည်နှင့်အမျှ နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကား ပိုမိုမြင့်မားလာနိုင်မည်လည်း ဖြစ်သည်။ မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယအကြီး ဆုံးနိုင်ငံဖြစ်သော်လည်း  အာရှတိုက်ရှိ  အင်အားကြီးနိုင်ငံကြီး နှစ်ခုကြားမှ နိုင်ငံငယ်သာဖြစ်သည်။ နိုင်ငံငယ်တစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်ချက်မှာ စည်းလုံးညီညွတ်ရေးနှင့် စစ်ရေးအသင့် ရှိမှုဖြစ်ရာ   ပြည်သူ့စစ်မှုထမ်းတာဝန်   ကျေပွန်စွာထမ်းဆောင် ကြခြင်းဖြင့်      နိုင်ငံ့သားကောင်းအဖြစ်     ခံယူကြရပါမည့် အကြောင်း။         ။