
နေပြည်တော် ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ရေနီမြို့၌ ရန်ကုန် - မန္တလေး စာပို့ရထားကို အကြမ်း ဖက်သူများက မိုင်းထောင် ဖောက်ခွဲခဲ့ကြောင်း သိရှိရ သည်။
ဖြစ်စဉ်မှာ ဇွန် ၂၈ ရက် ည ၉ နာရီတွင် ရန်ကုန်မှ မန္တလေးသို့ စက်ခေါင်းအမှတ် DF-2097 အမှတ်(၁) အဆန်စာပို့ရထားကို စက်ခေါင်းမောင်း ဦးအောင်မြင့် သိန်းနှင့် အကူစက်ခေါင်းမောင်း ဦးသက်ဟိန်းတို့ မောင်းနှင်လာစဉ် ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ရေနီမြို့ အမှတ်(၁)ရပ်ကွက်ရှိ ရထားသံလမ်းမိုင်တိုင် အမှတ် ၂၀၅/ ၁၄ နှင့် ၅ အကြား ရေနီဘူတာအဝင် တံတားအမှတ် ၃၃၈ ကို ဖြတ်သန်းမောင်းနှင်စဉ် ရထားသံလမ်းပေါ်မှ မိုင်းပေါက် ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် မီးရထား စက်ခေါင်း ဝဲဘက်မှန်တစ်ချပ် ကွဲအက်ပျက်စီးကာ မီးရထား သံလမ်းရှိ တံတားအုတ်ခုံပေါင် တွင် အရှည် ၂ ပေ၊ အနံ ၈ လက်မ ခန့် ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း တွေ့ရှိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် မိုင်းပေါက်ကွဲသည့် နေရာကို စစ်ဆေးခဲ့ရာ တံတား အောက်ခြေမှ မိုင်းထောင်ဖောက်ခွဲ ရာတွင် အသုံးပြုခဲ့သည့် ဝိုင်ယာ ကြိုးကိုက် ၄၀ ခန့်၊ မီးတိပ် တစ်ခွေ၊ ဆိုင်ကယ်ဘက်ထရီအိုး တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
ထိုကဲ့သို့ အများပြည်သူများ ခရီးသွားလာရေး လွယ်ကူချောမွေ့ စေရေးနှင့် သယ်ယူပို့ဆောင်ရေး ပိုမို လွယ်ကူစေရေးအတွက် နိုင်ငံတော်အစိုးရမှ စီစဉ်ပြေးဆွဲ ပေးနေသည့် ခရီးသွားလုပ်ငန်း များ ပျက်စီးစေရန် ရည်ရွယ်၍ မီးရထား သံလမ်းများအား မိုင်းထောင် ဖောက်ခွဲမှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများကို ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်