
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက်(၂) ရပ်ဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းဝေးရေးတို့ကို အခြေခံကာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ၊ ကုသရေးလုပ်ငန်းများ ဟန်ချက်ညီညီတိုးတက်အောင် ဆက်စပ်သောဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လက်တွဲကာ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖော်ပြချက်အရ ကင်ဆာရောဂါသည် သေဆုံးမှုများတွင် ဒုတိယ အများဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ၌ သေဆုံးသူ ၉ ဒသမ ၆ သန်းခန့်အထိ ရှိနိုင်မည်ဟု ခန့်မှန်းထားရှိပါသည်။ ကင်ဆာရောဂါဆိုသည်မှာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတစ်ခုခု၌ ပုံမှန် မဟုတ်သော ဆဲလ်များ ပုံမှန်မဟုတ်ကြီးထွားပျံ့နှံ့မှု ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါဖြစ်ပါသည်။
ရောဂါအဆင့်ပေါ်မူတည်၍
ကုသမှုများဆောင်ရွက်
ကင်ဆာရောဂါအမျိုးအစား အမျိုးမျိုးရှိသည့် အနက် ကုသ၍ပျောက်ကင်းသော ရောဂါများ ရှိသကဲ့သို့ ရောဂါကို စောစီးစွာသိရှိကာ ကုသမှုခံယူ ခြင်းဖြင့် ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ကာ ရောဂါ ကို သက်သာပျောက်ကင်းမှု ပိုမိုကောင်းမွန်စေနိုင်ပါ သည်။ ကင်ဆာရောဂါကို ကုသရာတွင် ကင်ဆာ အလုံးအကျိတ်များကို ခွဲစိတ်ကုသမှုဆောင်ရွက် ခြင်း၊ ဆေးသွင်းကုသမှုပေးခြင်း၊ ဓာတ်ရောင်ခြည် ဖြင့် ကုသမှုပေးခြင်း၊ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းကို အသုံးပြု၍ သိုင်းရွိုက်ကင်ဆာကုသခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာ အားပေးကုသမှု၊ ကင်ဆာကြောင့် နာကျင်မှုဝေဒနာ သက်သာစေရေး ကုသမှုတို့လည်း ပါဝင်ပါသည်။ ရောဂါဖြစ်ပွားသည့်နေရာ၊ ရောဂါပျံ့နှံ့ မှု၊ ရောဂါအဆင့်တို့ပေါ်မူတည်၍ ကင်ဆာရောဂါ ကုသမှုများကို ရွေးချယ်ဆောင်ရွက်ရပါသည်။
မြန်မာနိုင်ငံတွင်လည်း ကင်ဆာရောဂါသည် သေဆုံးမှုအများဆုံးရောဂါများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး အဖြစ်အများဆုံး ရောဂါများအနေဖြင့် ခံတွင်း၊ လည်ချောင်းနှင့် ဦးခေါင်းပိုင်းဆိုင်ရာ ကင်ဆာရောဂါ၊ အဆုတ်ကင်ဆာ၊ သားအိမ်နှင့် သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီး (ဝမ်းအိမ်)ကင်ဆာများဖြစ်သည်ဟု သိရှိရပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကုသရေး လုပ်ငန်းများ တိုးတက်စေရေးဆောင်ရွက်ရာ၌ ကင်ဆာရောဂါကုသရေး လုပ်ငန်းများကိုလည်း ဦးစားပေးလုပ်ငန်းအဖြစ် အလေးထားဆောင်ရွက် လျက်ရှိပါသည်။ ကင်ဆာရောဂါကုသရေးဆေးဝါး များကို လုံလောက်စွာဝယ်ယူကာ ပြည်သူ့ဆေးရုံ များ၌ လူနာများအား ကုသမှုများဆောင်ရွက်ပေးလျက်ရှိပြီး ဓာတ်ရောင်ခြည်ကုသမှုနှင့် ရောဂါရှာဖွေ ရေးဆိုင်ရာ စက်ပစ္စည်းများကို နှစ်စဉ်ဝယ်ယူ ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ပြည်တွင်းပညာရှင် များအား ပြည်ပသို့ လေ့လာရေးစေလွှတ်ခြင်း၊ ပြည်ပပညာရှင်များ ဖိတ်ကြား၍ နည်းပညာဖလှယ် ခြင်း၊ ပြည်တွင်း၌ ကင်ဆာရောဂါကုသမှုဆိုင်ရာဆေးပညာရှင်များနှင့် အထောက်အကူပြု ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့် မွေးထုတ်ခြင်း၊ စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်များ စီစဉ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ကင်ဆာရောဂါလူနာများအား
ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ
ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံကြီး များတွင် ကင်ဆာဆေးပညာဆိုင်ရာ အထူးကုဆရာ ဝန်ကြီးများကို တာဝန်ချထားကာ ကင်ဆာရောဂါ ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသလို ဘာသာရပ်အလိုက် အထူးကုဆရာဝန်ကြီးများက ကင်ဆာရောဂါအတွက် လိုအပ်သောခွဲစိတ်ကုသမှု များအပြင် ကင်ဆာရောဂါလူနာများအား ဆေးသွင်း ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကင်ဆာဓာတ်ရောင်ခြည် ကုသမှုများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တောင်ကြီးမြို့-စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးတို့၌ ဓာတ်ရောင်ခြည်ဖြင့်ကုသ စက် (Linear Accelerator-LA) ရှစ်လုံး၊ Cobalt စက် နှစ်လုံး၊ ဓာတ်အပ်စိုက်ကုသမှု/အတွင်း ဓာတ်ရောင်ခြည်ကုသမှု (Brachytherapy) စက် လေးလုံးတို့ဖြင့် ကင်ဆာလူနာများအတွက် ဓာတ်ရောင်ခြည်ကုသမှုများကို ဆောင်ရွက်ပေး လျက်ရှိပါသည်။ ရောဂါတိကျစွာ ရှာဖွေနိုင်ရေး အတွက် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရေးနှင့် ကုသရေးဌာနများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတို့၌ ဖွင့်လှစ်ထားရှိကာ SPECT/CT (Single Photon Emission Computed Tomography scan with a Computed Tomography – CT scan) စက်တစ်လုံးစီ တပ်ဆင် ထားရှိပြီး အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေ ပေးခြင်း၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်း တိုက်ကျွေး၍ သိုင်းရွိုက်ကင်ဆာကုသခြင်းများကို ဆောင်ရွက်ပေး လျက်ရှိပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါပျံ့နှံ့မှုကို စိစစ်ပေးသည့်စက် (PET/CT - Positron Emission Tomography scan with a Computed Tomography – CT scan)ကိုပါ တပ်ဆင်ထားရှိပြီး အဆိုပါစက်အတွက် လိုအပ်သော ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်း ဆေးရည် 18F-FDG (Fludeoxyglucose 18 F) ထုတ်လုပ်သည့် Cyclotron စက်ကိုလည်း တပ်ဆင် ထားရှိပါသည်။ ကင်ဆာရောဂါလူနာများ၏ နာကျင်မှုဝေဒနာ ကုသရေးအတွက် ဆေးခန်း (Pain clinic)များ ကို လည်း ဖွင့်လှစ်ထားရှိကာ ကင်ဆာရောဂါကုသမှု အတွက် နေထိုင်စားသောက်ရေး လိုအပ်ချက်များ ရှိပါက လူမှုရေးဆိုင်ရာ ကူညီမှုများရရှိနိုင်ရေး အတွက် ဆေးလူမှုဆက်ဆံရေးဌာနများမှ လူမှုရေး အသင်းအဖွဲ့များ၊ ကင်ဆာဖောင်ဒေးရှင်းများနှင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက်ပေးလျက် ရှိပါ သည်။
ထို့ပြင် ကလေးကင်ဆာရောဂါဝေဒနာရှင်များအတွက် ရန်ကုန်နှင့် မန္တလေးရှိ ကလေးရောဂါ အထူးကုဆေးရုံများ၌ ကလေးသွေးနှင့် ကင်ဆာ ရောဂါကုသရေးဌာနများ ဖွင့်လှစ်ထားရှိပြီး ရန်ကုန်၊ မန္တလေးသာမက နိုင်ငံအဝန်းရှိ ပြည်သူ့ဆေးရုံကြီး များနှင့် ချိတ်ဆက်ကာ ကုသမှုဆိုင်ရာအကြံပြုချက် များပေး၍ ကုသပေးလျက်ရှိပါသည်။
ပြည်သူ့ဆေးရုံကြီးများတွင် ရုံးပိတ်ရက်များ တွင်ပါ ကုသမှုဆောင်ရွက်ပေးလျက်ရှိ
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၃ ခုနှစ် အတွင်း ကင်ဆာဆေးသွင်းကုသမှု ၂၆၄၅၉ ကြိမ်၊ ဓာတ်ရောင်ခြည်ကုသမှုလူနာပေါင်း ၂၄၉၄ ဦး၊ အကြိမ်ပေါင်း ၅၀၂၇၅ ကြိမ်၊ ဓာတ်အပ်စိုက်လူနာ ၄၂၃ ဦး၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းတိုက်ကျွေးမှု ၄၀၀ ၊ SPECT/CT ဖြင့် ရိုက်ကူးမှု ၂၁၆၈ ဦးနှင့် ၂၀၂၃ ခုနှစ် မေလမှ ဒီဇင်ဘာလအတွင်း PET/CT ဖြင့် ရိုက်ကူးမှု ၇၇၀ တို့ကို ဆောင်ရွက်ပေးနိုင် ခဲ့ပါသည်။ ဓာတ်ရောင်ခြည်ကုသမှုများကို စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ဆောင်ရွက်ပေးလျက်ရှိပါ သည်။ ထို့ပြင် အိန္ဒိယနိုင်ငံမှ လှူဒါန်းသော ကင်ဆာ ဓာတ်ရောင်ခြည်ကုသစက် (Bhabhatron) ကို တပ်ဆင်ထားရှိပြီးဖြစ်သဖြင့် မကြာမီ စတင်အသုံးပြု နိုင်မည်ဖြစ်ရာ နေ့စဉ်ပျမ်းမျှလူနာ ၃၀၀ မှ ၃၅၀ အထိ ရိုက်ကူးပေးနိုင်တော့မည်ဖြစ်ပါသည်။
မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၃ ခုနှစ်၌ ကင်ဆာဆေးသွင်းကုသမှု ၂၅၄၅၅ ကြိမ်၊ ဓာတ်ရောင် ခြည်ကုသမှု ၂၉၁၁၂ ကြိမ်၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်း တိုက်ကျွေးမှု ၂၃၅ ဦး၊ SPECT/CT ဖြင့် ရိုက်ကူးမှု ၂၄၁ ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဓာတ်ရောင် ခြည်ကုသမှုများကို စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ဆောင်ရွက်ပေးလျက်ရှိပါသည်။
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ၂၀၂၃ ခုနှစ်အတွင်း ကင်ဆာဆေးသွင်း ကုသမှု ၁၀၇၆၉ ကြိမ်၊ ဓာတ်ရောင်ခြည်ကုသမှု ၂၁၂၂၆ ကြိမ်၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်း တိုက်ကျွေး မှု ၉၆ ဦး၊ SPECT/CT ဖြင့် ရိုက်ကူးမှု ၁၉၅ ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဓာတ်ရောင်ခြည်ကုသ မှုများကို စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ဆောင်ရွက် ပေးလျက်ရှိပါသည်။
စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၃ ခုနှစ်၌ ကင်ဆာဆေးသွင်းကုသမှု ၅၈၀၁ ကြိမ်၊ ဓာတ်ရောင် ခြည်ကုသမှု ၉၇၅၄ ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။ ပြင်ပလူနာကြည့်ရှုမှုများကို ရုံးဖွင့်ရက် နေ့စဉ် ဖွင့်လှစ်ကုသပေးလျက်ရှိပြီး ဓာတ်ရောင်ခြည် ကုသမှုများကို တနင်္လာမှ စနေနေ့အထိ ဆောင်ရွက် ပေးလျက်ရှိပါသည်။
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၃ ခုနှစ်အတွင်း ကင်ဆာဆေးသွင်းကုသမှု ၇၉၄၃ ကြိမ်၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းတိုက်ကျွေးမှု ၁၁၄ ဦး၊ SPECT/CT ဖြင့် ရိုက်ကူးမှု ၅၄၇ ဦး၊ ၂၀၂၄ ခုနှစ်တွင် မတ်လအထိ ရေဒီယိုသတ္တိကြွအိုင်အိုဒင်း တိုက်ကျွေးမှု ၅၅ ဦး၊ SPECT/CT ဖြင့် ရိုက်ကူးမှု ၂၂၂ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
အမျိုးသားကင်ဆာကုသရေးဌာန
ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ
ကျန်းမာရေးဝန်ကြီးဌာနသည် လူနာများ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုစောင့်ဆိုင်းချိန် သက်သာစေရေးအတွက် ကင်ဆာရောဂါကုသရေး လုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရန် ဒဂုံ ဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသော အမျိုးသားကင်ဆာကုသရေးဌာနကို ၂၀၂၄ ခုနှစ် အတွင်း လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ပုဂ္ဂလိက ဆေးရုံများ၌လည်း သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ဓာတ်ရောင်ခြည်ကုသစက်များ တပ်ဆင်ခွင့်ပြု ပေးလျက်ရှိရာ ရန်ကုန်တွင် ပုဂ္ဂလိကဆေးရုံ သုံးရုံ၊ နေပြည်တော်တွင် တစ်ရုံ၊ မန္တလေးတွင် တစ်ရုံ ခွင့်ပြု ကာ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုများ ဆောင်ရွက် လျက်ရှိပါသည်။
စောစီးစွာကုသမှုခံယူသင့်
ပြည်သူများအနေဖြင့်လည်း ကင်ဆာရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်မှု များကို ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ရောဂါဖြစ်ပွားမှုများ များပြားလာသော်လည်း ကုသမှုများလည်း တိုးတက်လျက်ရှိပြီး ကင်ဆာ ရောဂါအများအပြားကို ဓာတ်ရောင်ခြည်ကုသမှုဖြင့် သက်သာပျောက်ကင်းနိုင်ခြင်းကြောင့် ရောဂါ ဖြစ်ပွားပါက စောစီးစွာကုသမှုခံယူရန်၊ ကုသမှုကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ဆေးမြီး တိုဖြင့် ကုသပါက အချိန်ကုန်ပြီး ရောဂါမလွန်သင့်ဘဲ လွန်စေတတ်၍ အသက်ဆုံးရှုံးနိုင်သည်ကို သတိပြု သင့်ပါသည်။ ဓာတ်ရောင်ခြည်ကုသမှုသည် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာကလာပ်စည်းများကို တိုက်ခိုက်ဖျက်ဆီးသည့် ကုသမှုဖြစ်ပြီး ဓာတ်ရောင် ခြည်ဖြင့် ကုသရာတွင် ခန္ဓာကိုယ်ပေါ်သို့ ဓာတ်ရောင် ခြည် ထိရောက်သောအချိန်မှာ သာမန်အားဖြင့် စက္ကန့်အနည်းငယ်မှ မိနစ်အနည်းငယ်သာကြာပြီး နာကျင်မှုခံစားရခြင်းမရှိပါ။ အချို့ လူနာများတွင် အရေပြားအပူလောင်ခြင်း ဖြစ်ပေါ်တတ်သော်လည်း ကုသမှုပြီးဆုံးပြီး နှစ်ပတ်မှ လေးပတ်အတွင်း သက်သာပျောက်ကင်းပါသည်။ နိုင်ငံတော်အစိုးရ ကလည်း ပြည်သူ့ဆေးရုံများတွင် ကင်ဆာ ဓာတ်ရောင်ခြည်ကုသမှုများ၊ ကင်ဆာဆေးဝါးများကို ကုန်ကျစရိတ်မရှိဘဲ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း သတင်းကောင်းပါး၍ ပြည်သူများ ရောဂါဘယကင်းဝေးပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။ ။
- Log in to post comments