အားကစားမြှင့်တင် နိုင်ငံမြင့်မား

 

ပဉ္စမအကြိမ်   အမျိုးသားအားကစားပွဲတော်ကြီးကို    ယခုနှစ် ဒီဇင်ဘာလတွင် အဆင့်အတန်းမြင့်မြင့်မားမား၊ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ကြိုတင် ပြင်ဆင်စီမံဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။ အမျိုးသား အားကစားပွဲတော်များကို ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ နှင့် ၂၀၁၅ ခုနှစ် တို့တွင် ကျင်းပခဲ့ရာ ယခုတစ်ကြိမ်သည် နှစ်ပေါင်း ၃၂ နှစ်အတွင်း ငါးကြိမ်မြောက်ဖြစ်ပြီး    နောက်ဆုံးကျင်းပခဲ့သည့်အကြိမ်နှင့် ၁၀ နှစ်နီးပါးခန့် ကွာဝေးလျက်ရှိသည်။
စိတ်ဓာတ်၊  ခွန်အား၊ သက်လုံ၊  ကျွမ်းကျင်မှု၊  နည်းဗျူဟာ စသည်တို့ပေါင်းစပ်ယှဉ်ပြိုင်ကြသည့်   အားကစားပြိုင်ပွဲတို့က ကြည့်ရှုအားပေးသူတို့ကို  ရသအမျိုးမျိုး  ပေးနိုင်စွမ်းရှိသကဲ့သို့ ပေါင်းစည်းညီညွတ်မှုကိုလည်း ဖြစ်ပေါ်စေသည်။ တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲများကို တိုက်ရိုက်အသံလွှင့်ခဲ့သည့် ရေဒီယိုခေတ် တွင် မိမိတို့တိုင်း၊ မိမိတို့ပြည်နယ် အသင်းပါဝင်သည့် ပြိုင်ပွဲများ တွင် ရေဒီယိုကို  အလယ်၌ချကာ  ဝိုင်းအုံနားထောင်ရင်ခုန်ခံစား ခဲ့ကြရသကဲ့သို့ မြန်မာအသင်းနှင့် အခြားနိုင်ငံအသင်းတို့ ယှဉ်ပြိုင် ကြသည့်ပွဲများတွင်လည်း မြန်မာဟူသောစိတ်ဖြင့် တစ်နိုင်ငံလုံး နားထောင်ခဲ့ကြပြီး နိုင်လျှင် ပျော်ကြ၊ ရှုံးလျှင် ဝမ်းနည်းခဲ့ကြရသည်။ မိမိတို့နိုင်ငံသာမက   နိုင်ငံတိုင်းတွင်  ထိုနည်းတူစွာပင်ဖြစ်ရာ ကိုယ့်နိုင်ငံ၏ အားကစားကဏ္ဍ အောင်မြင်မြင့်မားရေးအတွက် နိုင်ငံတိုင်းက   ကိုယ့်နည်းကိုယ့်ဟန်၊   ကိုယ့်အတိုင်းအတာနှင့်ကိုယ် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
အားကစားတိုးတက်မြင့်မားခြင်းသည်  ရေရှည်တစ်စိုက် မတ်မတ် ကြိုးပမ်းဆောင်ရွက်မှုမှ ထွက်ပေါ်လာသောရလဒ်ဖြစ်ပြီး အစိုးရ၏   ဆောင်ရွက်ပေးမှုများသာမက  ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများ တွင် ပါဝင်လာကြရန်လည်း အရေးကြီးသည်။ နိုင်ငံတကာပြိုင်ပွဲ များတွင် မြင့်မားသည့်အောင်မြင်မှုများကို ရယူထားနိုင်သည့် အားကစားသမားများတွင် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များမှ အားကစား သမားများစွာ ပါဝင်လျက်ရှိရာ ရည်မှန်းချက်ချမှတ်၍ လိုအပ်ချက် များကို ဖြည့်ဆည်းကာ မဖြစ်မနေ အားထုတ်ကြိုးပမ်းဆောင်ရွက် ကြခြင်းအားဖြင့် အကြောင်းတရားတို့ ပေါင်းဆုံသည့်အချိန်တွင် အောင်ပွဲတို့ရရှိလာမည်သာဖြစ်သည်။ ထို့အပြင် နိုင်ငံတကာရှိ ဆုကြေးစားအားကစားနယ်ပယ်တွင် ကမ္ဘာအရပ်ရပ်ရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဘောလုံးသမားများ၊ လက်ဝှေ့သမားများ၊ မာရသွန် အပြေးသမားများ   စသည်ဖြင့်   အားကစားနည်းမျိုးစုံတို့တွင် ဆုကြေးစားအားကစားသမားများအဖြစ်လည်းကောင်း၊ နည်းပြ များအဖြစ်လည်းကောင်း အသက်မွေးဝမ်းကျောင်းပြုနေကြရာ အားကစားသည် အပျော်တမ်းသက်သက်၊ ဝါသနာသက်သက် မျှသာ မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် ပညာရပ် များအဖြစ် ရှုမြင်ပြီး နိုင်ငံတကာအဆင့်အတန်းမီ ပါဝင်နိုင်ကြရန် လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင် မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ရေး အလေး ထား   အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန် နယ်ပယ်များစွာ ရှိရာ ကဏ္ဍအစုံတွင် အားကစားပြိုင်ပွဲမျိုးစုံကို  ပုံမှန်ကျင်းပပြုလုပ် ပေးရမည်ဆိုသည့်အတိုင်း   နှစ်အလိုက်   အားကစားပြက္ခဒိန် ရေးဆွဲပြီး    ပြိုင်ပွဲများ     ကျင်းပပေးလျက်ရှိသည်။    လာမည့် ခြောက်လတာတွင် ကျင်းပမည့် အမျိုးသားအားကစားပွဲတော် တွင် အားကစားနည်းများအလိုက် အဆင့်အတန်းမြင့်မြင့်မားမား၊ အောင်အောင်မြင်မြင် ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုကပင် စတင် စုဖွဲ့လေ့ကျင့်ကာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား များအဖြစ် နိုင်ငံတကာအဆင့်၊   ကမ္ဘာ့အဆင့်သို့     တက်လှမ်းနိုင်ရေး အလေးအနက်ဆောင်ရွက်ကြရပါမည့်အကြောင်း။           ။