Knowledge is Power - အသိသုတသည် တန်ခိုးစွမ်းအင်ဟူသော အဆိုရှိသည်။ ၁၆ ရာစုအတွင်း မွေးဖွားခဲ့သည့် အင်္ဂလိပ်စာရေး ဆရာကြီး ဖရန်စစ်ဘေကွန်၏ အဆိုဖြစ်ပြီး အစဉ်အလာအားဖြင့် ပြောကြားသည့် ဆိုရိုးစကားသဖွယ်လည်းဖြစ်နေသည်။ အနက် အဓိပ္ပာယ်အားဖြင့် အသိသုတရှိမှ တန်ခိုးစွမ်းအင်ရှိမည်။ အသိ သုတကင်းမဲ့ပါက တန်ခိုးစွမ်းအင်လည်း ကင်းမဲ့မည်ဟု ချဲ့ထွင်တွေးဆ ယူနိုင်သည်။ ထိုမှဆက်၍ လူတိုင်းလူတိုင်း အသိသုတ အမျိုးမျိုး တို့ ပြည့်စုံစေရန် ရှာဖွေစုဆောင်း ဖြည့်ဆည်းကြရမည်ဟူ၍ ကောက်ချက်ဆွဲရမည်ဖြစ်သည်။
အကြားအမြင် အသိသုတသည် ပညာ၏သဘောပါဝင်ပြီး အရင်းအမြစ်အမျိုးမျိုးမှ ရယူနိုင်သော်လည်း အလွယ်ကူဆုံး အရိုးရှင်း ဆုံးမှာ စာဖတ်ခြင်းပင်ဖြစ်သည်။ ဗဟုသုတနည်းပါးသူ တစ်ဦးအဖို့ လူ့လောကတွင် ရှင်သန်နေထိုင်ရသည့် နယ်ပယ်မှာ ကျဉ်းမြောင်းနေ မည် ဖြစ်သည်။ မသိခြင်း၊ နားမလည်ခြင်းများစွာတို့ ပိတ်ဖုံးနေသည့် အခါ အမှီအခိုလည်းမကင်း။ အကယ်၍သာ ဆင်ခြင်တုံတရားပါ အားနည်းနေမည်ဆိုပါက အလွဲအမှားများစွာဖြင့် ထင်ရာစိုင်းကာ ဘဝနိဂုံး အကျည်းတန်သွားနိုင်သည်။ မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ နှင့် နှိုင်းယှဉ်ပါက ပညာတတ်ဦးရေ အချိုးအစားမှာ နည်းပါးလွန်းလှ သည်။ နိုင်ငံသားတို့၏ ပျမ်းမျှပညာအရည်အချင်းမှာ မူလတန်း၊ အထက်တန်း၊ အလယ်တန်း အောက်အဆင့် သာသာမျှနှင့် ကျောင်း မနေဖူးသူ၊ စာမတတ်သူ အရေအတွက်မှာလည်း များပြားနေခြင်း ကြောင့် စာတတ်မြောက်ရေး လှုပ်ရှားမှုများဖြင့် မြှင့်တင်ပေးနေ ရသည်။
စင်စစ်အားဖြင့် ဘာသာရပ်တစ်ခုခု၌ ဘွဲ့ရပြီဟုဆိုလျှင် ထို ဘာသာရပ်၌ ပြီးပြည့်စုံစွာ တတ်မြောက်သွားပြီဆိုသော အနက် အဓိပ္ပာယ်မဟုတ်ဘဲ မိမိအထူးပြုသင်ယူခဲ့သည့် ဘာသာရပ်ကို ဆက်လက်လေ့လာဆည်းပူးရန် လမ်းပွင့်သွားခြင်းမျှသာ ဖြစ်သည်။ မျက်မှောက်ခေတ်ကို ပညာခေတ်ဟု ဆိုထားရာ ဘဝတစ်လျှောက် လုံး လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ် ပြုလုပ်သွားကြရမှာ ဖြစ်သည်။ စာမတတ်သူများကို အခြေခံ အရေး၊ အဖတ်၊ အတွက် အချက်များ သင်ကြားပေးပြီးနောက် စာဖတ်ရှိန်မြှင့်တင်ရေး အစီ အစဉ်များကို စဉ်ဆက်မပြတ်ပြုလုပ်ပေးမှသာလျှင် သင်ပေးထား သမျှ မမေ့မလျော့စေဘဲ တိုးတက်တတ်မြောက် လာစေမည်ဖြစ် သည်။ အကယ်၍သာ သင်တန်းလည်းအပြီး စာရေးခြင်း၊ စာဖတ် ခြင်းတို့ကို ဆက်လက်မပြုလုပ်တော့ဘဲ ရပ်တန့်လိုက်ခြင်းဖြင့် အချိန်ကြာလာသည်နှင့်အမျှ မူလအခြေအနေနီးနီးသို့ ပြန်လည် ရောက်ရှိသွားမည်ဖြစ်သည်။ ထိုနည်းတူစွာပင် သာမန်အားဖြင့် အသက်မွေးဝမ်းကျောင်းပညာမဟုတ်သော ဘွဲ့ရပညာတတ်များ အနေဖြင့် ဘွဲ့ယူအပြီး မည်သည့်စာအုပ်၊ စာပေ၊ စာစောင်တို့နှင့်မျှ ပတ်သက်ခြင်းမရှိ၊ ကိုင်၍မျှပင်မကြည့်၊ စာဖတ်ခြင်းကို ဝါသနာမပါ ၍ မလုပ်တော့ပါဟုဆိုပါက အချိန်ကြာလာသည်နှင့်အမျှ ပညာ တတ်ဘဝမှ ဆုတ်ယုတ်သွားပြီး သာမန်ရေးတတ်၊ ဖတ်တတ်အဆင့် သို့ ရောက်ရှိသွားနိုင်သည်ကို သတိမူကြရန်လိုသည်။
မိမိတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရာတွင် လူတိုင်းစာတတ်ကြရန်၊ စာဖတ်ကြရန်၊ ဆင်ခြင်တုံတရား ပြည့်ဝ ကြရန်လိုသည်။ နိုင်ငံသူ နိုင်ငံသားတို့ ပညာရည်မြှင့်တင်ရေးအတွက် နိုင်ငံတော်က နည်းလမ်းအမျိုးမျိုး ဆောင်ရွက်ပေးလျက် ရှိရာတွင် လူတိုင်းစာဖတ်သူများဖြစ်လာကြစေရန်၊ တစ်မျိုးသားလုံး စာဖတ် ကြစေရန်အတွက် စာကြည့်တိုက်အရွယ်အစား အမျိုးမျိုးတို့ကို ရပ်ရွာ၊ မြို့နယ်အဆင့်မှသည် အမျိုးသားအဆင့်အထိ ထူထောင် ပေးလျက်ရှိသည်။ စာပေကို ဖတ်ရှုလိုပါလျက် မဖတ်ရသည့်အဖြစ် မျိုး မရှိစေရန် နိုင်ငံတော်၏ ဓနအင်အားအပြင် စေတနာရှင်၊ အလှူရှင် တို့၏ အင်အားနှင့်ပါ ပေါင်းစပ်လျက် ဆောင်ရွက်ပေးလျက်ရှိသည်။ ဗဟုသုတအဖုံဖုံ၊ ဖတ်ရှုလေ့လာစရာ အစုံစုံတို့ ပါဝင်သည့် စာအုပ် စာစောင်များစွာ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများစွာတို့မှာ ကျောင်း စာကြည့်တိုက်များ၊ ရပ်ရွာစာကြည့်တိုက်များ၊ မြို့နယ်စာကြည့် တိုက်များ၊ အမျိုးသားအဆင့် စာကြည့်တိုက်များအပြင် ပုဂ္ဂလိက စာကြည့်တိုက်များတွင်ပါ လာရောက်လေ့လာဖတ်ရှုကြမည့်သူများ ကို စောင့်မျှော်နေကြသည်။
စာကြည့်တိုက်များ ရှင်သန်လှုပ်ရှားရန်အချက်များတွင် အဓိက အကျဆုံးမှာ စာအုပ်ငှားရမ်းမည့်သူ (စာကြည့်သူ)ပင် ဖြစ်သည်။ စာကြည့်တိုက်အဆောက်အအုံ မည်မျှပင်ကောင်းကောင်း၊ စာအုပ် များ မည်မျှပင်စုံစုံ၊ ဝန်ဆောင်မှု မည်မျှပင်ကောင်းကောင်း စာအုပ် ငှားရမ်းမည့်သူ၊ စာဖတ်သူမရှိပါက အလဟဿ၊ အဟောသိကံပင် ဖြစ်သည်။ လူတစ်ဦးချင်း ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်မျိုးသားလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စာကြည့်တိုက်များကို အကျိုးရှိရှိအသုံးချကာ တစ်မျိုးသားလုံး စာဖတ်ကြရေး အလေးအနက်နှိုးဆော်လိုက်ရပါကြောင်း။ ။
Remark Type