လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်မြင့်မားမှုနှင့် စိုက်ပျိုးရေးအပေါ် အကျိုးသက်ရောက်မှု

Type

 

လူငယ်စိုက်ဦးစီး

လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ သည် အစိမ်းရောင်ရှိသော    အပင်များအတွက် အစားအစာချက်လုပ်ရန်    မရှိမဖြစ်လိုအပ်သော ဓာတ်ငွေ့ဖြစ်ပါသည်။        လေထုထဲတွင်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသည် တစ်နှစ်လျှင် ၂  ဒသမ ၅ သန်းခိုင်နှုန်း (parts per million -ppm) နီးပါး တိုးလျက်ရှိပြီး ၂၀၂၄ ခုနှစ် မေလတွင် ၄၂၂ ppm  ခန့် ရောက်ရှိနေသည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက်  အမျိုးသားပင်လယ် သမုဒ္ဒရာ နှင့် လေထုစီမံခန့်ခွဲရေးဌာန (National Oceanic Atmospheric Administration–NOAA)  ၏  စူးစမ်း လေ့လာချက်အရ သိရှိရပါသည်။ 
အစိမ်းရောင်ရှိသော အပင်များသည် နေရောင် ခြည်ဖြင့်      အစာချက်လုပ်ခြင်းလုပ်ငန်းစဉ်များ အတွက်    ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို လေထုထဲမှ စုပ်ယူပါသည်။ အပင်များ အစာချက် လုပ်ရာတွင် နေရောင်ခြည်၏ အလင်းစွမ်းအင်နှင့် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တို့ကို အသုံးပြုပြီး မြေဆီလွှာအတွင်းမှ ရေနှင့်သတ္တု ဓာတ်များပေါင်းစပ်၍ အပင်အတွက်လိုအပ်သော အစာအာဟာရဓာတ်များထုတ်လုပ်ကာ    သက်ရှိ သတ္တဝါများအတွက် လိုအပ်သော အောက်ဆီဂျင်  ကို ထုတ်လုပ်ပေးပါသည်။   ဤသို့  ကာဗွန်ဒိုင် အောက်ဆိုက်ပမာဏ မြင့်တက်မှုကြောင့် သီးနှံပင် များ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများဒွန်တွဲ၍ ဖြစ်ပေါ်လာပါသည်။  ထိုသို့ ဖြစ်ပေါ်လာရာတွင် စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ် မှုအတွက် အထောက်အကူပြုစေမည့် ကောင်းကျိုး များကို ရှင်းလင်းဆွေးနွေးပါမည်။ 
ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်မှု၏
ကောင်းကျိုးများ
အစာချက်လုပ်ခြင်းဖြစ်စဉ်တွင်    ကာဗွန်ဒိုင် အောက်ဆိုက်ပမာဏမြင့်တက်လာမှုသည် အစာ ချက် လုပ်ခြင်းဖြစ်စဉ်ကိုအားပေး၍ အပင်ကလိုအပ် သော စွမ်းအင်နှင့်ကြီးထွားမှုအတွက်    ကာဘို ဟိုက်ဒရိတ်ကဲ့သို့ အာဟာရဓာတ်များကို များစွာ ထုတ်ပေးသောကြောင့် အပင်၏ ရှင်သန်ကြီးထွားမှု ကို တိုးမြှင့်စေပြီး သီးနှံအထွက်နှုန်းကို မြင့်မားစေ ပါသည်။ အထူးသဖြင့် ကာဗွန်မော်လီကျူးသုံးခုဖြင့် အခြေခံ၍အစာချက်လုပ်ရသော စပါး၊ ဂျုံနှင့် ပဲပုပ် သီးနှံများကဲ့သို့ C3 သီးနှံပင်များတွင် ကာဗွန်ဒိုင် အောက်ဆိုက်ပမာဏမြင့်မားလာမှုကြောင့် အထွက် နှုန်း မြင့်မားလာကြောင်းကို အပြည်ပြည်ဆိုင်ရာ သုတေသနဌာနများက လေ့လာတွေ့ရှိထားပါသည်။ သို့ရာတွင် ကာဗွန်မော်လီကျူးလေးခုဖြင့် အခြေခံ၍ အစာချက်လုပ်ရသော ပြောင်း၊ ကြံနှင့် နှံစားပြောင်း စသည့် C4 သီးနှံများတွင် ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်မှုကြောင့် အထွက်နှုန်းအပေါ်   အကျိုး သက်ရောက်မှု အနည်းငယ်သာရှိပါသည်။ 
လေထုထဲတွင်    ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်မှုကြောင့် အပင်များ၏ အစာချက်လုပ်ခြင်း လုပ်ငန်းစဉ် အားကောင်းလာကာ အပင်ကြီးထွား ဖွံ့ဖြိုးမှုကို များစွာအထောက်အကူ ပြုစေသည့်အပြင် အပင်၏ ရေသုံးစွဲမှုစွမ်းအား တွင်ကျယ်လာစေခြင်း စသည့် ကောင်းကျိုးများကိုလည်း   ရရှိစေနိုင်ပါ သည်။ သို့ရာတွင်   ဤဖြစ်စဉ်မှ   သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအတွက် အကျိုးကျေးဇူးများရှိသကဲ့သို့ အပင်မှ ချက်လုပ်ရသော ပရိုတင်း(အသားဓာတ်)၊ သံဓာတ်နှင့် သွပ်ဓာတ်စသည့် သတ္တုဓာတ်များပါဝင်မှု လျော့ကျသွားစေကာ စားသုံးသူလူသားများနှင့် တိရစ္ဆာန်တို့အတွက် အသက်ရှင်ကျန်းမာရေးအပေါ် တွင် ဆိုးရွားစွာသက်ရောက်စေခြင်းတို့လည်း ရှိနေ ပါသည်။ သို့ရာတွင်  သီးနှံပင်များ    လိုအပ်သော ရေနှင့်ဓာတ်မြေဩဇာ သွင်းအားစုများနှင့်      စိုက်ပျိုး ထုတ်လုပ်မှု အလေ့အကျင့်ကောင်းများဖြင့် စီမံခန့်ခွဲ ကာ စိုက်ပျိုးထုတ်လုပ်နိုင်ပါက အထွက်တိုးစေနိုင် သော အခွင့်အလမ်းများလည်း ရှိနေပါသည်။ သို့ရာ တွင် ဤဖြစ်စဉ်ကြောင့် အခြားမလိုလားအပ်သော ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
အထွက်နှုန်းတိုးစေနိုင်သော်လည်း
ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာမှုသည် သီးနှံပင်များတွင် အထွက်နှုန်းတိုးတက်လာစေနိုင် သော်လည်း ပရိုတင်းဓာတ်၊ သံဓာတ်နှင့် သွပ်ဓာတ် စသည့် လူနှင့်တိရစ္ဆာန်တို့အတွက်   ကျန်းမာရေး အထောက်အကူပြု အာဟာရဓာတ်များ လျော့နည်း လာစေကြောင်း အပြည်ပြည်ဆိုင်ရာလေ့လာမှုများ က ဖော်ပြကြပါသည်။ ဤဖြစ်စဉ်ကို   အကျိုးပြု အာဟာရဓာတ်ပြင်းအားလျော့နည်းခြင်း (Nutri-ent Dilution)ဟု ခေါ်ပါသည်။ ထို့ကြောင့် လူသား တို့၏ နေ့စဉ်စားသုံးမှုတွင် အစားအစာဖူလုံမှုရှိသော် လည်း အာဟာရဓာတ်ဖူလုံမှုမရှိခြင်းသည် မလိုလား အပ်သောအချက်တစ်ချက်ဖြစ်ပါသည်။ ဤဖြစ်စဉ် ကိုလည်း အပြည်ပြည်ဆိုင်ရာသုတေသနဌာနများ (USAID, IFPRI, CGIAR, CCAFS)တို့မှ ကြိုတင် ခန့်မှန်းစိစစ်ထားပါသည်။ 
ကာဗွန်ဒိုင်အောက်ဆိုက်   မြင့်တက်လာမှုနှင့် အတူ သီးနှံများ၏ကြီးထွားမှုကို အထောက်အကူပြု သော်လည်း အဆိုပါဖြစ်စဉ်ကြောင့် ဓာတ်မြေဩဇာ များကို ပိုမိုသုံးစွဲထည့်သွင်း ကျွေးမွေးရန် လိုအပ်ပါ သည်။ လိုအပ်သည့် ဓာတ်မြေဩဇာအသုံးမပြုပါက လေ့လာတွေ့ရှိချက်အရ  အပင်၏  တစ်သျှူးများ တွင် နိုက်ထရိုဂျင်ဓာတ်ပါဝင်မှု လျော့နည်းလာကာ  စားသုံးသူများအတွက် အာဟာရဓာတ်ချို့တဲ့မှုကို ဖြစ်စေနိုင်ပါသည်။ ထို့အပြင်  နိုက်ထရိုဂျင်ဓာတ် လိုအပ်ချက်နှင့်အတူ အပင်၏ဇီဝကမ္မလုပ်ငန်းများ လည်ပတ်နိုင်ရေးနှင့်  ဖွံ့ဖြိုးမှုဖြစ်စဉ်များအတွက် ဖောစ့်ဖရပ်နှင့်   ပိုတက်စီယမ်အာဟာရဓာတ်များ လည်း အလုံအလောက်ရရှိရန် လိုအပ်လာပါသည်။ 
လိုအပ်သည့် တင်ပြပါ အပင်အာဟာရဓာတ်များ မရရှိပါက ကာဗွန်ဒိုင်အောက်ဆိုက်တိုးမြင့်လာမှု ကြောင့်ရရှိသော ကောင်းကျိုးကိုမရရှိနိုင်ပါ။ ယခင် က  အနောက်နိုင်ငံများတွင်     မှန်လုံအိမ်အတွင်း စိုက်ပျိုးသောသီးနှံများ၊ သစ်သီးခြံများတွင် ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အာဟာရဓာတ်ငွေ့ အနေဖြင့် သုံးစွဲခဲ့ဖူးကြသည့်   သာဓကများလည်း ရှိခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းကို  Carbon Fer-tilization ဟုခေါ်သည်။
ဂေဟစနစ်ကိုလည်း ထိခိုက်ပျက်စီးစေ
ကာဗွန်ဒိုင်အောက်ဆိုက်မြင့်တက်မှုသည် သီးနှံ ပင်များသာမက ပေါင်းမြက်များ၏ ကြီးထွားမှုကို လည်း အားပေးပါသည်။     ပေါင်းမြက်များသည် သီးနှံပင်နှင့် ရေ၊ အာဟာရစုပ်ယူမှုကို ယှဉ်ပြိုင်နိုင် စွမ်းမြင့်လာသည့်အပြင် ပေါင်းပင်၏  သက်တမ်း လည်း ပိုမိုရှည်လာနိုင်ပါသည်။   ပေါင်းပင်များ ထူထပ်စွာပေါက်ရောက်မှုကြောင့် အသုံးပြုသည့် ပေါင်းသတ်ဆေးပမာဏနှင့် အကြိမ်အရေအတွက် များလာသည့်အတွက် ပေါင်းသတ်ဆေးများ   ပိုမို လိုအပ်လာမည့်အပြင် ပေါင်းပင်များက ပေါင်းသတ် ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာပြီး နှိမ်နင်းရန် အခက် အခဲများ ဖြစ်လာနိုင်သည်။ ထို့အပြင် ပေါင်းသတ် ဆေးများ ပိုမိုအသုံးပြုရခြင်းကြောင့် ပတ်ဝန်းကျင် ဂေဟစနစ်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါသည်။ သို့ဖြစ်၍ ဘက်စုံပေါင်းနှိမ်နင်းရေးလုပ်ငန်းများကို သုတေသနပြုဖော်ထုတ်ကာ    တောင်သူများထံ နည်းပညာပေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ် ပါသည်။ 
ထို့အပြင် အာဟာရဓာတ်ပါဝင်မှု  လျော့နည်းလာ ခြင်းနှင့်အတူ   ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက် ခြင်းသည် အပူချိန်မြင့်မားလာစေခြင်းကြောင့် မိုးရေ ချိန်နှင့် မိုးရွာသွန်းမှုပုံစံပြောင်းလဲလာကာ ရာသီ ဥတု ပြောင်းလဲခြင်းကို    ဖြစ်ပေါ်လာစေပါသည်။ သို့ဖြစ်၍ ရောဂါနှင့်ပိုးမွှားများ ပိုမိုကျရောက်လာ စေခြင်းကြောင့် ပိုးသတ်ဆေးသုံးစွဲရမှုလည်း တိုးမြင့် လာစေပါသည်။ ပိုးသတ်ဆေးတိုးမြင့်သုံးစွဲရခြင်း ကြောင့် ဂေဟစနစ်ပျက်စီးရုံသာမက ပြည်ပမှ ပိုးသတ် ဆေးများ မှာယူတင်သွင်းရခြင်းဖြင့် နိုင်ငံခြားငွေ ပိုမိုသုံးစွဲရသည်။ သို့ဖြစ်၍ ဘက်စုံပိုးမွှား ကာကွယ် နှိမ်နင်းနည်းစနစ်(Integrated Pest Management) ကို သုတေသနပြုကာ နည်းပညာပြန့်ပွား လိုက်နာ ကျင့်သုံးစေရပါမည်။ 
အပင်များအနေဖြင့် ကြီးထွားဖွံ့ဖြိုးမှုနှင့်အတူ အပင်အာဟာရများကိုလည်း မြေတွင်းမှ ရသလောက် စုပ်ယူနိုင်ရာ ပြန်လည်ဖြည့်တင်းမှုမရှိပါက မြေဆီ ဩဇာဆုတ်ယုတ်မှု(Nutrient Mining)ကို ဖြစ်စေ ကာ မြေဆီလွှာ၏ ကျန်းမာရေးကိုလည်း ထိခိုက် လာနိုင်မည် ဖြစ်ပါသည်။ ဤသည်ကို ကာကွယ်နိုင် ရန်အတွက် ဘက်စုံအပင်အာဟာရဓာတ် စီမံခန့်ခွဲမှု (Integrated Nutrient Management)ကို သုတေ သနပြုကာ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက် ရမည် ဖြစ်ပါသည်။
လေ့လာတွေ့ရှိချက်များအရ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသည်   စဉ်ဆက် မပြတ် တိုးတက်လျက်ရှိပါသည်။ မိမိတို့နိုင်ငံအပါ အဝင် နိုင်ငံတကာတွင် ခေတ်မီ ဖွံဖြိုးတိုးတက်လာ သည်နှင့်အမျှ စက်မှုလုပ်ငန်းများ  ဖွံ့ဖြိုးလာခြင်း၊ လောင်စာလောင်ကျွမ်းမှု      ပိုမိုလာခြင်းအပြင် သစ်တောများ ပြုန်းတီးလာမှုတို့ကြောင့်   နှစ်စဉ် လေထုအတွင်းသို့         ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တိုးတက်လာလျက်ရှိပါသည်။ 
ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသည် ၁၉၆၀ ပြည့်နှစ်တွင် (၃၁၇ ppm)၊ ၂၀၁၅ ခုနှစ်တွင်(၄၀၀ ppm) ရှိခဲ့ပြီး ၂၀၅၀ ပြည့်နှစ်တွင်  (၅၅၀ ppm) ခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။  (Earth System Science Data 10:405-448. Doi: 10.5194/essd-10-405-2018)။ ထို့အပြင် ဆိုးရွားသည့် ရာသီဥတု ဖြစ်စဉ်များဖြစ်သည့် ရေကြီးခြင်း၊ ပူပြင်းခြောက်သွေ့ ခြင်း စသည့်   ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ လည်း ကြုံတွေ့လာရပါသည်။ 
ကာကွယ်ရန်နည်းလမ်းများ
(၁)    ဘက်စုံအာဟာရစီမံခန့်ခွဲမှု    (Integrated Nutrient Management)
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေရန်နှင့် အပင်အာဟာရဓာတ်ရရှိမှု အကောင်းဆုံးဖြစ်စေရန် အော်ဂဲနစ်သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာနှင့် ဓာတု မြေဩဇာများကို အသုံးပြုခြင်း။
(၂)    ဘက်စုံပိုးမွှားကာကွယ်ခြင်း (Integrated Pest Management)
ပတ်ဝန်းကျင်ထိခိုက်မှု      လျော့နည်းရန်နှင့် ကုန်ကျစရိတ်သက်သာစေရန်        ဘက်စုံပိုးမွှား ကာကွယ်နည်းစနစ်များကို အသုံးပြုခြင်း ။ 
(၃) ရေစီမံခန့်ခွဲမှု (Water Management)
စိုက်ပျိုးရေရှားပါးသောဒေသများတွင်    ရေ အစက်ချ စိုက်ပျိုးခြင်း၊ မိုးရေစုဆောင်းခြင်း၊ သီးနှံ ရေလိုအပ်ချက်အပေါ်မူတည်၍ ရေပေးဝေမှု အစီ အစဉ်များ ရေးဆွဲဆောင်ရွက်ခြင်း ။ 
(၄)    ရာသီဥတုနှင့်    လိုက်လျောညီထွေဖြစ်သည့် စိုက်ပျိုးရေးနည်းစနစ် (Climate    Smart Agriculture)
ရာသီဥတုဒဏ်ခံနိုင်သည့် မျိုးများအသုံးပြုခြင်း၊ လိုက်လျောညီထွေဖြစ်သည့် စိုက်ပျိုးနည်းစနစ်များ အသုံးပြုခြင်း၊ စိုက်ချိန်ပြောင်းလဲစိုက်ပျိုးခြင်း။ 
(၅) ပေါင်းသတ်ဆေး     အလှည့်ကျသုံးစွဲခြင်းနှင့် ရောစပ်အသုံးပြုခြင်း (Herbicide Rotation and Mixtures)
ပေါင်းပင်များ ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိလာမှုကို ကာကွယ်ရန် မတူညီသော ပေါင်းသတ် ဆေးများကို အလှည့်ကျသုံးစွဲခြင်းနှင့် ရောစပ် သုံးစွဲခြင်း။ 
(၆)    တိကျသောစိုက်ပျိုးရေး (Precision Agricul-ture)
သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းစေရန်နှင့် သွင်းအားစုအသုံးပြုမှုကို     ထိရောက်မှုရှိစေရန် ဒေသအလိုက်     ခေတ်မီနည်းပညာများအသုံးပြု၍ သွင်းအားစုများအား လိုအပ်သည့်နေရာတွင် လိုအပ် သည့်အချိန်မှ သုံးစွဲခြင်း။ 
(၇)    သီးနှံမျိုးပွားခြင်းနှင့် မျိုးရိုးဗီဇပြုပြင်အသုံးပြု ခြင်း  (Crop Breeding and Genetic Modifi-cation)
ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာသည့် အခြေအနေတွင် အပင်တွင်း အာဟာရဓာတ်မြင့်မား စေရန် အာဟာရဓာတ်စုပ်ယူမှုနှင့် အသုံးချမှု ပိုမို ကောင်းသော သီးနှံမျိုးကွဲများ၊ ပိုးမွှားရောဂါဒဏ်၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောမျိုးများကို မွေးမြူ ထုတ်လုပ်စိုက်ပျိုးခြင်း။
(၈)    မြေဆီလွှာဖွံ့ဖြိုးရေးဆောင်ရွက်မှု (Soil Health Improvement)
မြေဆီလွှာဖွဲ့စည်းမှုကောင်းမွန်ရန်နှင့် အာဟာရ ဓာတ်တိုးတက်စေရန်      သီးလှည့်စိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းနှင့်   ထွန်ယက်မှု လျှော့ချခြင်း။ 
သတိပြုကာကွယ်ရန် အရေးကြီး
လူသားတို့အတွက်  နေ့စဉ်စားသုံးရန်   အစား အစာဖူလုံမှုသည် အရေးကြီးသကဲ့သို့  အာဟာရ ဓာတ်ချို့တဲ့မှုများ မဖြစ်ပေါ်စေရန် နေ့စဉ်စားသုံးနေ သော အစားအစာများတွင် အာဟာရဓာတ် ပြည့်ဝ စွာ ပါဝင်မှုသည်လည်း အလွန်အရေးကြီးပါသည်။ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက် လာမှုကြောင့် သီးနှံအထွက်နှုန်း တိုးလာသော်လည်း အပင်အတွင်း အာဟာရဓာတ်များ လျော့နည်းလာ ခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းနှင့်     ရောဂါ ကျရောက်မှု များပြားလာခြင်းတို့ကြောင့် စိုက်ပျိုး ထုတ်လုပ်မှုစွမ်းအား၊ စားရေရိက္ခာဖူလုံမှုများနှင့် အာဟာရဓာတ်ဖူလုံမှုတို့အပေါ် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါသည်။ 
လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်မားလာမှုကို ကာကွယ်ရန် ကဏ္ဍစုံမှ ကြိုးစား အားထုတ်မှုများရှိသကဲ့သို့ ကာဗွန်ဒိုင်အောက်ဆိုက် မြင့်မားလာမှု၏         စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုများကို စိုက်ပျိုးရေးနည်းလမ်းများဖြင့် အထူးဂရုစိုက်   ကာကွယ်ဆောင်ရွက်ရန်  လိုအပ် လာသည်။ ကာဗွန်ဒိုင်အောက်ဆိုက်မြင့်မားလာမှု ကြောင့် အပင်၏ တစ်သျှူးများတွင် နိုက်ထရိုဂျင် ပါဝင်မှု  လျော့နည်းလာပြီး  ပရိုတင်းဓာတ်ချို့တဲ့ လာမှုကို ဖြည့်ဆည်းပေးနိုင်ရန် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်ပါဝင်သော မြေဩဇာများကို လုံလောက် စွာ အသုံးချရမည်ဖြစ်ပါသည်။    ပိုးမွှားရောဂါ ကျရောက်ခြင်း၊    ပေါင်းများထူပြောခြင်းတို့ကို ကာကွယ်ရန် ဓာတုဆေးများ အသုံးပြုမှုများလာခြင်း ကြောင့် ဂေဟစနစ်ကို ထိန်းသိမ်းရေးနည်းလမ်း များကိုလည်း စနစ်တကျအသုံးပြုရန်   လိုအပ်ပါ သည်။ 
သီးနှံစိုက်ပျိုးထုတ်လုပ်ရန်အတွက် အပင်တွင်း အာဟာရဓာတ်ပါဝင်မှုမြင့်မားစေရန်    အာဟာရ ဓာတ်စုပ်ယူမှုနှင့်အသုံးချမှု ပိုမိုကောင်းသော သီးနှံ မျိုးကွဲများ ထုတ်လုပ်စိုက်ပျိုးသည်မှစ၍ စိုက်ပျိုး ထုတ်လုပ်စဉ်ကာလအတွင်း ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းကို   လက်တွေ့ကျင့်သုံး ဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။
ထို့ကြောင့် နိုင်ငံတော်မှ လယ်ယာကဏ္ဍစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်လျက် ရှိရာတွင်   ကာဗွန်ဒိုင်အောက်ဆိုက်မြင့်မားလာမှု ကြောင့် စိုက်ပျိုးရေးအပေါ် သက်ရောက်မှုများကို တောင်သူလယ်သမားများ   နားလည်သိရှိသဘော ပေါက်ပြီး ရေရှည်တည်တံ့သော   စိုက်ပျိုးရေး နည်းလမ်းများကို လက်တွေ့ဆောင်ရွက်နိုင်အောင် ပညာပေးဆောင်ရွက်ကာ ကူညီထောက်ပံ့ပေးသင့် သည်။ ထို့အပြင် စိုက်ပျိုးရေးသုတေသနပညာရှင် များအနေဖြင့် စဉ်ဆက်မပြတ်လေ့လာပြီး ကာဗွန်ဒိုင် အောက်ဆိုက်ပမာဏမြင့်တက်လာမှုကို လိုက်လျော ညီထွေဖြစ်စေသော သီးနှံမျိုးများနှင့် ရေရှည်တည်တံ့ သော စိုက်ပျိုးရေးနည်းလမ်းများကို ဖော်ထုတ်နိုင် စေရန် ကြိုးစားဆောင်ရွက်သင့်ပါသည်။      ။
ကိုးကား
    (၁)    Le Quere, C, R. Andrew, P. Friedlingstein, S. Sitch, J. Pongratz, A. Manning, et al. 2018. “Global Carbon Budget 2017.” Earth System Science Data 10:405-448. Doi: 10.5194/essd-10-405-2018.
    (၂)     Smith, R. Matthew, Thornton K. Philip, Myers.S.Samuel. 2018. “The impact of rising Carbon Dioxide levels on crop nutrients and human health.”