လက်လုပ်မိုင်းထောင်ရန်ပြုလုပ်စဉ်နှင့် လက်လုပ်ဗုံးများပြုလုပ်ရာမှ ပေါက်ကွဲမှုများဖြစ်ပွား၍ သေဆုံး၊ ဒဏ်ရာရရှိ

 

နေပြည်တော်   ဇူလိုင်    ၁

 


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌  အများပြည်သူ သွားလာနေသော  လမ်းမကြီးပေါ်၌   လက်လုပ်မိုင်း ထောင်ရန်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက်နေ ဝင်းကျော်ကျော် (၃၅ နှစ်) (ဘ) ဦးကျော်တင့်နှင့်   အမျိုးသားတစ်ဦး တို့သည်  အမှတ်(၂) ရပ်ကွက်ရှိ ပြောင်းပြာတံတားအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်၌      Keypad   ဖုန်းဖြင့် ချိတ်ဆက်ပြုလုပ်ထားသော   လက်လုပ်မိုင်းနှစ်လုံး ထောင်နေစဉ် လက်လုပ်မိုင်းတစ်လုံးမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့်  ဝင်းကျော်ကျော်၏ ရင်ဘတ်၊   ယာလက်ဖျံနှင့်   ခြေကျင်းဝတ်တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌    သေဆုံး သွားခဲ့သဖြင့် ၎င်းနှင့်အတူပါလာသူ အမျိုးသားက ဝင်းကျော်ကျော်၏အလောင်းကို   ၎င်း၏   နေအိမ် တောင်ဘက်လမ်းပေါ်တွင် ချထားခဲ့ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေး ခဲ့သည်။


ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ  ဝင်းကျော်ကျော် ကို ၎င်း၏ နေအိမ်တောင်ဘက်လမ်းပေါ်၌ ထိခိုက် ဒဏ်ရာများဖြင့်   သေဆုံးနေသည်ကို   တွေ့ရှိရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသို့     သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာမှ မပေါက်ကွဲသေးသည့် Keypad ဖုန်းဖြင့်    ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိရသဖြင့်   သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။


အလားတူ ဇူလိုင် ၁ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း  သတင်းအရ    လုံခြုံရေးတပ်ဖွဲ့ဝင် များက စစ်ဆေးရာ စက်မှုဇုန်ရပ်ကွက်  စိန်ပန်းနီလမ်း ပေါ်တွင် မုံရွာမြို့ မြဝတီရပ်ကွက်နေ အောင်ဇော်မျိုး (ခ) အငယ်လေး (၃၈ နှစ်) (ဘ) ဦးခင်ဇော်နှင့် သလ္လာ ရပ်ကွက်နေ  သီဟ (၂၀ နှစ်) (ဘ) ဦးခင်ဇော်တို့နှစ်ဦးကို မျက်နှာ၊ လည်ပင်း၊  ရင်ဘတ်၊   လက်မောင်းတို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် စစ်မေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် စက်မှုဇုန်ရပ်ကွက် (၂၉)လမ်းရှိ ကိုမင်း (စိစစ်ဆဲ) ပိုင်ဆိုင်သော “မိုးကောင်းကင်” တွင်ခုံလုပ်ငန်းနေအိမ်၌ လက်လုပ်ဗုံးများ   ပြုလုပ် နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။


ဆက်လက်၍   လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်မှုဇုန်ရပ်ကွက် (၂၉)လမ်းရှိ   ကိုမင်း၏ တွင်ခုံ လုပ်ငန်းနေအိမ်သို့      သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ အလုပ်ရုံအတွင်းမှ အကြမ်းဖက် တိုက်ခိုက်ရာတွင်အသုံးပြုသည့်   ဆက်စပ်ပစ္စည်းများ ကို တွေ့ရှိသိမ်းဆည်းရရှိခဲ့သည်။


ထိုကဲ့သို့ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးပေါ်တွင်   အများပြည်သူ၏   အသက် အန္တရာယ်ထိခိုက်စေရန်   ရည်ရွယ်၍  လက်လုပ်မိုင်း ဖောက်ခွဲရန်   ပြုလုပ်ရာတွင်   ဒဏ်ရာရရှိသူများကို ဆေးကုသနိုင်ရေး   သက်ဆိုင်ရာဆေးရုံသို့   ပို့ဆောင် ထားခဲ့ပြီး    ၎င်းတို့နှင့်   ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။                    
သတင်းစဉ်