
ကိုဘုန်း(ထုတ်လုပ်)
“သွေးလှူခြင်း”သည် အသက်ကယ်ခြင်းတစ်မျိုးဖြစ်သောကြောင့် သွေးအလှူရှင်များကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဇွန် ၁၄ ရက်ကို “World Blood Donor Day ကမ္ဘာ့သွေးလှူရှင်များနေ့” ဟု သတ်မှတ်ခဲ့ကြပါသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန် ၁၄ ရက် ကမ္ဘာ့သွေးလှူရှင်များနေ့ လှုပ်ရှားမှုအတွက် ဆောင်ပုဒ်မှာ “အချိန်မှန်သွေးနှင့် သွေးရည်ကြည်ပေး၍ လူ့အသက်ကိုမျှဝေပါ” “Give blood, give plasma, share life, share often” ဖြစ်ပါသည်။
လူတိုင်းအသက်ရှင်နေနိုင်ရေး သွေးကို မရှိမဖြစ် လိုအပ်ပါသည်။ သိပ္ပံပညာတိုးတက်နေသော်လည်း သွေးကို အလွယ်တကူ အစားထိုးမရနိုင်သေးပါ။ သွေးလိုအပ်နေသူများအတွက် လုံခြုံစိတ်ချရသည့် သွေးရရှိရေးသည် အလွန်အရေးကြီးပါသည်။ ကမ္ဘာ့ အနှံ့အပြားတွင် သွေးအရေးပေါ် လိုအပ်နေသူ များစွာရှိပါသည်။ ထိခိုက်ဒဏ်ရာရ၍ အရေးပေါ် ကုသမှုခံယူရမည်ဆိုပါက သွေးလိုပါသည်။ ကလေး မွေးမည့် မိခင်များလည်း အရေးပေါ်သွေးဆောင် ထားဖို့ လိုအပ်ပါသည်။ သွေးပုံမှန်သွင်းရန် လိုအပ် နေသော နာတာရှည်ဝေဒနာရှင်များလည်း များစွာ ရှိပါသည်။ သန့်စင်သည့် သွေးကို လိုအပ်နေသူများ များစွာရှိသော်လည်း အမှန်တကယ်ရရှိသူသည် နည်းပါးပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကျန်းမာရေး စနစ်သည် အားနည်းသေးသောကြောင့် သန့်စင် သော သွေးရရန် ပိုမိုခက်ခဲပါသည်။ တစ်ကမ္ဘာလုံး သွေးလှူဒါန်းမှု ၁၁၈ ဒသမ ၅ သန်းအနက်မှ ၄၀ ရာခိုင်နှုန်းသည် ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်း နေထိုင်ရာ ဝင်ငွေ မြင့်မားသော နိုင်ငံများဖြစ်ပါသည်။ လူ ၁၀၀၀ အခြေခံသည့် သွေးလှူဒါန်းမှုနှုန်းတွင် ဝင်ငွေမြင့်နိုင်ငံများ၌ ၃၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဝင်ငွေအလယ်အလတ်ထက်မြင့်သော နိုင်ငံများတွင် ၁၆ ဒသမ ၄ ရာခိုင်နှုန်း၊ ဝင်ငွေ အလယ်အလတ်ထက် နိမ့်သော နိုင်ငံများတွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဝင်ငွေနည်းနိုင်ငံများတွင် ၅ ရာခိုင်နှုန်းရှိပါသည်။ ကမ္ဘာ့နိုင်ငံ ၇၉ နိုင်ငံတွင် သွေးထောက်ပံ့မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို စေတနာအလျောက် အခကြေးငွေမယူသော သွေးအလှူရှင်များထံမှ ရရှိသည်။
သွေးလှူရှင် သုံးမျိုးရှိ
နိုင်ငံပေါင်း ၅၄ နိုင်ငံတွင် သွေးထောက်ပံ့မှု၏ ၅၀ ရာခိုင်နှုန်းကျော်ကို မိသားစုအစားထိုး သို့မဟုတ် အခပေးအလှူရှင်များထံမှ ရရှိပါသည်။ သွေးလှူရှင် သုံးမျိုးရှိပြီး ၎င်းတို့မှာ-
၁။ အစားထိုးလှူဒါန်းသော မိသားစု(သို့) မိတ်ဆွေ သွေးလှူရှင်များ
၂။ မိမိဆန္ဒအလျောက် အခကြေးငွေမယူဘဲ လှူဒါန်းသော သွေးလှူရှင်များ
၃။ အခကြေးငွေဖြင့် လှူဒါန်းသော သွေးလှူရှင် များတို့ ဖြစ်ပါသည်။
အမိဝမ်းတွင်း သန္ဓေသားလောင်းအဆင့်မှာပင် စားပွဲတင်ဇွန်း သုံးဇွန်းမျှပမာဏရှိသော သွေး သည် မရှိမဖြစ် လိုအပ်ပါသည်။ သွေးသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သန့်စင်သည့်သွေးသည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတစ်ခုလုံး၌ အရေးကြီးဆုံးနေရာကပါဝင်ပြီး ခန္ဓာကိုယ်ကျန်းမာ ရေးစောင့်ရှောက်မှုစနစ်တစ်ခု အဆင်ပြေပြေ လည်ပတ်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခု ဖြစ်ပါသည်။ ဒါနပါရမီတွင် တစ်ပါးအပါအဝင် ဖြစ်သော ခန္ဓာကိုယ်အစိတ်အပိုင်း၏ သွေးအလှူ (ခေါ်) အတွင်းအလှူဖြင့် ရက်ရောစွာလှူဒါန်းခြင်းကို “ဒါနဥပပါရမီ”ဟု မြတ်စွာဘုရားရှင် ဟောကြား တော်မူခဲ့ပါသည်။ သွေးနှင့် အသက်ဆက်ရသော သက်ရှိလူသားများအတွက် လုံလောက်သော သွေးရှိ မှသာ ခန္ဓာဝန်ထမ်းရွက်နိုင်ကြမှာ ဖြစ်ပါသည်။
သွေးလှူရှင်ရှိမှ အသက်ဆက်ခွင့်ရ
သွေးတစ်ကြိမ်လှူတိုင်း သွေးလှူရှင်ထံမှ ၄၅ဝ မီလီလီတာခန့် ပမာဏရှိသောသွေးကို ဖောက်ထုတ် ရပါသည်။ ထိုပမာဏသည် အရွယ်ရောက်သူ သွေးလှူရှင်တစ်ကိုယ်လုံးရှိ သွေးများ၏ ၇ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။ ထိုသွေးကို လက်ခံသူလူနာ၏ အသက်တစ်ချောင်းကို ကယ်တင်ရာတွင် အလွန် ထိရောက်ပါသည်။ သွေး ၄၅ဝ စီစီလှူလိုက်ပါက သွေးအရည် (ပလာစမာ) ထုထည် ၇ ဒသမ ၁၃ ရာခိုင်နှုန်း ကျသွားပါသည်။ သွေးလှူပြီးနောက် ၂၄- ၄၈ နာရီမှာ ထုထည်အရည်ပြည့်လာပါသည်။ သွေးနီဥများသည် နောက် ၅၆ ရက်မှာ ပြန်ပြည့် လာပြီး နောက်ထပ်တစ်ကြိမ် သွေးလှူဖို့အတွက် ပျမ်းမျှအချိန် သုံး/ လေးလ စောင့်ရပါသည်။ သွေးလှူရှင်ရှိမှ အသက်ဆက်ခွင့်ရသော လူနာများ သည် အရေးပေါ် ထိခိုက်ဒဏ်ရာရလူနာများ၊ ခွဲစိတ်ခန်းဝင်နေသောလူနာများ၊ သွေးမတိတ်ရောဂါ ဝေဒနာသည်များ၊ နာတာရှည်သွေးအားနည်းရောဂါ ရှိသူများ၊ ရိုးတွင်းခြင်ဆီ အစားထိုးကုသခံလူနာများ၊ မွေးကင်းစအသားဝါ ရင်သွေးငယ်လေးများ စသည် တို့ ဖြစ်ပါသည်။ သွေးလှူပါက လူ့အသက် တစ်ချောင်းကို ကယ်တင်ရုံတင်သာမက သွေးလှူရှင် အတွက်လည်း ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
တစ်ပါးသူအသက်ကို ကယ်ဆယ်နိုင်
သွေးလှူပြီးနောက် ထပ်မံဖြည့်စွက်စားသောက် ရသည့် အားဖြည့်စာများကြောင့် ပိုမိုကျန်းမာလာ စေခြင်း၊ ကိုလက်စထရောကျစေခြင်း၊ သွေးလှူ လိုက်ခြင်းကြောင့် တစ်ပါးသူအသက်ကို ကယ်ဆယ် နိုင်သဖြင့် ပရဟိတအကျိုး သယ်ပိုးလိုသည့် စိတ်ဓာတ်၊ အသင်းအဖွဲ့စိတ်ဓာတ်၊ ပူးပေါင်း ဆောင်ရွက်တတ်သောစိတ်ဓာတ်များ တိုးပွားလာ စေခြင်း၊ သွေးလှူရှင်တစ်ဦးသည် သွေးတစ်ပိုင့် (မီလီလီတာ ၄၅ဝ) လှူပြီးတိုင်း အလှူရှင်၏ ခန္ဓာကိုယ်မှ အဆီကယ်လိုရီ ၆၅ဝ ခန့် လောင်မြိုက် သွားစေတာကြောင့် ကိုယ်အလေးချိန် လျှော့ချ လိုသူများအတွက် အကျိုးဖြစ်ထွန်းစေခြင်း၊ သွေးလှူပြီးနောက် ဆုံးရှုံးသွားသော သွေးနီဥများကို ရိုးတွင်းခြင်ဆီမှ ၄၈ နာရီအတွင်း ပြန်လည်ထုတ်လုပ် ပေးသောကြောင့် တစ်လ (သို့) နှစ်လနီးပါးအကြာ တွင် ပုံမှန်သွေးနီဥပမာဏပြည့်ဝလာပြီး သွေးသစ် လောင်းစေကာ ခန္ဓာကိုယ်လန်းဆန်းစေ၍ တက်ကြွမှု ဖြစ်စေခြင်း၊ ပုံမှန်သွေးလှူခြင်းကြောင့် မိမိရဲ့ သွေးဖိအား အနည်း/အများ၊ သွေးပေါင်ချိန် အတက်/အကျနှင့် HIV ကာလသားရောဂါ၊ အသည်းရောဂါတို့ ကဲ့သို့သော ရောဂါများကိုပါ စစ်ဆေးပြီးဖြစ်ခြင်း တို့အပြင် သွေးဖောက်ထုတ်လှူဒါန်းလိုက်ခြင်း ကြောင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်း ကင်ဆာ စသည့်ကင်ဆာရောဂါများ ဖြစ်နိုင်ခြေ အလားအလာနည်းပါးကြောင်း အမေရိကန်ရှိ Miller-Keystone သွေးစင်တာမှ အကြံပြုထားပြီး အမေရိကန်ဆေးသိပ္ပံပညာရှင်များ၏ ဆန်းစစ်ချက် အရ သွေးပုံမှန်လှူဒါန်းသော အမျိုးသားများတွင် နှလုံးရောဂါဖြစ်နိုင်မှု အလားအလာ ၈၈ ရာခိုင်နှုန်း လျော့ကျနိုင်ပြီး နှလုံးကြောင့် လေဖြတ်ခြင်း အလားအလာကို ၃၃ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင် ကြောင်း လေ့လာတွေ့ရှိထားပါသည်။
သွေးအလှူရှင်တစ်ဦးသည် သွေးလှူဒါန်းမည် ဆိုပါက အသက် ၁၇ နှစ်ပြည့်ပြီး ဖြစ်ရပါမည်။ တချို့ နေရာများတွင် ၁၆ နှစ်ပြည့်လျှင် လှူဒါန်းနိုင်ပါသည်။ ထို့အပြင် သွေးဖိအား BP အထက်ဂဏန်း ၁၂ဝ အထက် မကျော်စေရ၊ အောက်ဂဏန်း ၈ဝ ထက် မနည်းစေရပါ။ သွေးလှူမည့်သူသည် အသက် ၅ဝ ထက် မကြီးစေရပါ။ ကိုယ်အလေးချိန် ၄၅ကီလို ထက်မနည်းစေရဘဲ ကိုယ်အပူချိန် ၉၉ ဒသမ ၅ဒီဂရီ ဖာရင်ဟိုတ်ထက် မကျော်စေရပါ။ သွေးမလှူခင် Hemocrit စစ်တဲ့အခါ ပုံမှန်ထက် ၃၈ ရာခိုင်နှုန်း နည်းနေရင် မလှူသင့်ပါ။ ကိုယ်ဝန်ဆောင်နေပါက မွေးဖွားပြီးနောက် ခြောက်လစောင့်ရပါသည်။ ကလေးနို့တိုက်နေသူ၊ လတ်တလော ကိုယ်ဝန် ပျက်ထားသူ မလှူသင့်ပါ။ သွေးလှူရှင်များသည် နေမကောင်းပါက မလှူသင့်ပါ။ အရက်သောက်ပြီး နောက် ၄၈ နာရီ စောင့်ရပါသည်။ သွေးမလှူခင် (သုံးနာရီကြိုတင်ပြီး) ထမင်းစားသင့်ပါသည်။ ပြီးခဲ့ သည့် ခြောက်လအတွင်း ခွဲစိတ်ကုသမှု အကြီးစား လုပ်ထားရသူ မလှူရပါ။ ခွေးကိုက်ခံရပြီး အရေပြား စုတ်ပြဲသွားပါက ၁၂ လ စောင့်ရပါသည်။ ဆီးချို ထိုးဆေး(အင်ဆူလင်)ထိုးထားပါက နှစ်ပတ်ကြာမှ လှူသင့်ပါသည်။
သွေးမလှူခင် ကြိုတင်စားသုံး
သွေးလှူမည့်သူသည် မည်သည့်အစာမှ စားထားခြင်းမရှိဘဲ သွေးလုံးဝ မလှူသင့်ပါ။ အာဟာရပြည့်ဝမည့် အစာတစ်ခုခုကို သွေးမလှူခင် နှစ်နာရီ၊ သုံးနာရီခန့်ကြိုတင်၍ သွေးတွင်းအာဟာရ ပြည့်စေရန်အတွက် စားထားပေးရမည်ဖြစ်ပါသည်။ လေးလတစ်ကြိမ် ပုံမှန်သွေးလှူနေကျဖြစ်ပါက သွေးမလှူခင် ရက်သတ္တတစ်ပတ်၊ နှစ်ပတ်ခန့် ကြိုတင်၍ သံဓာတ်ကြွယ်ဝစွာ ပါဝင်သော အစားအစာများကို စားသုံးသင့်ပါသည်။ သံဓာတ် သည်သွေးထဲမှ အောက်ဆီဂျင်ကို ကိုယ်ခန္ဓာအတွင်း ရှိ ဆဲလ်များဆီသို့ သယ်ဆောင်ပေးသောကြောင့် လှူလိုက်သည့် သွေးထဲတွင် ယင်းသံဓာတ်များ ပါသွားပြီး အားနည်းခြင်း၊ မောပန်းခြင်းများ ဖြစ်တတ်ပါသည်။ ထို့ကြောင့် သံဓာတ်ဖြည့်စွက်စာ အဖြစ် ဆီးသီးခြောက်၊ မက်မန်းသီး၊ မက်မွန်သီး၊ သဖန်းသီး၊ ကတွတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်၊ ဝက်၊ ဆိတ်၊ အမဲတို့၏ အသည်း၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများ စသည်တို့ကို များများစားပေးသင့်ပါသည်။
သွေးလှူပြီးနောက် ရေ(သို့)အရည် (အရက်က လွဲပြီး)လေးခွက်(ရှစ်အောင်စ)ပိုသောက်ခြင်း ခန္ဓာ ကိုယ်ထဲမှာ ရေနှင့်သကြားဓာတ် ခန်းခြောက်မှုမရှိ စေရန် သွေးလှူပြီးပြီးချင်း အသီးဖျော်ရည်နှင့် မုန့် အချိုတစ်ခုခုကို ချက်ချင်းစားပေးခြင်း၊ သွေးလှူခြင်း ကြောင့် ကုန်ဆုံးသွားသော သွေးနီဥများကို အစားပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် တိရစ္ဆာန် များ၏အသည်း၊ ပဲအမျိုးမျိုး၊ ကညွတ်၊ ဟင်းနုနယ် ရွက် အပါအဝင် အစိမ်းရင့်ရောင်ရှိသော ဟင်းသီး ဟင်းရွက်များနှင့် အညိုရောင်ဂျုံ၊ ပေါင်မုန့်တို့ကို စားပေးခြင်း ပြုလုပ်ပေးရပါမည်။ ကော်ဖီ၊ ကိုလာ စသည့် ကဖိန်းဓာတ်ပါသော အရည်များ သည် ဆီးရွှင်စေသောကြောင့် သွေးလှူပြီး ရှစ်နာရီ မှ ၁ဝ နာရီအတွင်း ၎င်းအရည်များကို (လုံးဝ) မသောက်သင့်ပါ။ ဥ၊ အာလူး၊ ငှက်ပျောသီး၊ အစေ့ အဆန်များ၊ အခွံမာသီးများ၊ ငါး၊ နို့နှင့် ထောပတ်၊ ပူတင်း၊ ချိစ်ကဲ့သို့သော နို့ထွက်ပစ္စည်းကလည်း သွေးနီဥများကို ပြန်လည်တည်ဆောက်ပေး နိုင်သောကြောင့် များများ စားသုံးပေးသင့်ပါ သည်။
သွေးလှူရှင်တွင် ဘီပိုး၊ စီပိုး၊ HIV၊ ကာလသား ရောဂါ၊ ငှက်ဖျားရောဂါ စသည်တို့ ကင်းစင်နေမှသာ လှူဒါန်းခွင့်ရှိပြီး သွေးလှူခါနီးတွင်လည်း သွေးပေါင် ချိန်ပုံမှန်ဖြစ်နေရမည်ဖြစ်ပါသည်။ ထို့အပြင် လိင် ဆက်ဆံဖော်များသူ၊ ပဋိဇီဝသောက်ဆေးကို သောက်သုံးသူ၊ ဆစ်ဖလစ်ရောဂါပိုးရှိသူ၊ မူးယစ် ဆေးစွဲနေသူ၊ အသားဝါ၊ Rubella ရူဘဲလားရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ ငှက်ဖျားရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါနှင့် ပန်းနာရောဂါရှိသူများသည် သွေးမလှူသင့်ပါ။ သွေးလှူချိန်ကြားကာလမှာ တစ်ကြိမ်နှင့်တစ်ကြိမ် အနည်းဆုံးနှစ်လရှိမှသာ သွေးလှူရှင်၏ နောက် ဆက်တွဲ ကျန်းမာရေးအတွက် စိတ်ချရမည်ဖြစ် ပါသည်။
သန့်စင်ပြီး ရောဂါပိုးကင်းရှင်းသည့်သွေးသည် လူပေါင်းများစွာ၏ အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပါသည်။ သွေးလှူဒါန်းခြင်းသည် မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာထက် မိမိ၏ခန္ဓာကိုယ်ရှိ သွေးကိုလှူဒါန်း ရခြင်းဖြစ်သောကြောင့် အလွန်မွန်မြတ်သော စွန့်လွှတ်လှူဒါန်းမှုတစ်ရပ်ဖြစ်၍ သွေးလှူကြဖို့ တိုက်တွန်းလိုပါသည်။ ရခဲလှသောလူ့ဘဝတွင် ပုထုဇဉ်လူသားအချင်းချင်း မိမိသွေးဖြင့် အသက် ကယ်တင်ကြပါရန် ဇွန် ၁၄ ရက်တွင် ကျရောက်မည့် ကမ္ဘာ့သွေးလှူရှင်များနေ့အား ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။
- Log in to post comments