ယူရို ၂၀၂၄ အဖွင့်မျက်နှာပန်းလှဖို့ စကော့တလန်ကို အနိုင်ယူဖို့ ကြိုးစားလာမယ့် အိမ်ရှင်ဂျာမနီ

 

မိုးဇက်  -  ရေးသားသည်

ဇွန် ၁၅ ရက် နံနက် (မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ) မှာ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကြီး စတင်ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ အိမ်ရှင် ဂျာမနီအသင်းက အုပ်စု (က) မှာ ဟန်ဂေရီ၊ စကော့တလန်၊ ဆွစ်ဇာလန် အသင်းတို့နဲ့ တစ်အုပ်စု တည်း ကျရောက်နေပါတယ်။ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ဂျာမနီနဲ့ စကော့တလန်အသင်းတို့ စတင် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။  

ဂျာမနီအသင်း အခြေအနေ

အိမ်ရှင်ဂျာမနီအသင်းကို  ဂျာမနီလူမျိုးနည်းပြ  နဂျယ်စမန်းက တာဝန်ယူကိုင်တွယ်နေတာဖြစ်ပြီး နျူအာ၊ ကင်းမစ်ချ်၊ ရူဒီဂါ၊ ခရူးစ်၊ မူစီရယ်လာ၊ ဂန်ဒိုဂန်၊ ဟာဗက်ဇ်၊ ဆာနေး၊ ဖူးလ်ခရတ်စတဲ့ အဓိက ကစားသမားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်။ 
ပြိုင်ပွဲမတိုင်မီ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျာမနီက ဂရိကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရထားတယ်။ အဲ့ဒီပွဲမှာ ဂျာမနီအသင်းက ခြေစွမ်းပိုင်း သာလွန်မှုရှိပေမယ့် ဂိုးကန်သွင်းမှုအပိုင်းမှာ အားနည်း တာတွေ့ရတယ်။ ဒါ့အပြင် ဂျာမနီအသင်းက စုဖွဲ့မှုကောင်းကောင်း၊ ကျစ်ကျစ်လျစ်လျစ်နဲ့ နေရာစုံမှာ သာလွန်တဲ့ ကစားဟန်ပြသနိုင်ပေ မယ့် ဟာဗက်ဇ်ဦးဆောင်လာဖွယ်ရှိတဲ့ တိုက်စစ်ပိုင်းက သွင်းဂိုးရယူ မှာ အခက်တွေ့ဖွယ်ရှိတယ်။ 
မည်သို့ပင်ဆိုစေ  ဂျာမနီအသင်းက  အိမ်ရှင်အသင်း  ဖြစ်တဲ့ အပြင် ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ကလည်း ပြိုင်ဘက်စကော့တလန်အသင်းထက် သာလွန်မှုရှိတာကြောင့် အဖွင့် ပွဲစဉ်မှာ မဖြစ်မနေ နိုင်ပွဲရရှိဖို့ ခြေကုန်ထုတ်လာမှာ သေချာပါတယ်။ 

စကော့တလန်အသင်း အခြေအနေ

စကော့တလန်အသင်းကိုလည်း စကော့တလန်လူမျိုးနည်းပြ စတိဗ် ကလာကီက တာဝန်ယူကိုင်တွယ်နေတာဖြစ်ပါတယ်။ အသင်းကို ကူးပါး၊ ရော်ဘတ်ဆန်၊ မက္ကင်နာ၊ အမ်းစထရောင်း၊ တွန်မီနေး၊ ဂျိမ်းစ် ဖောရက်စ်၊  မော်ဂန်၊  ကွန်းဝေးစတဲ့  အဓိက  ကစားသမားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ 
နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲမှာ တစ်ပွဲနိုင်ပြီး တစ်ပွဲ သရေကျထားတယ်။ ဒါ့ပြင် စကော့တလန်အသင်းက ပြိုင်ပွဲစုံ နောက် ဆုံးကစားခဲ့တဲ့ ကိုးပွဲမှာလည်း နိုင်ပွဲတစ်ပွဲသာရရှိအောင် စွမ်းဆောင် ထားပြီး သရေသုံးပွဲနဲ့ ရှုံးပွဲငါးပွဲအထိ ရှိထားတယ်။ ပြောမယ်ဆိုရင် စကော့တလန်အသင်းရဲ့ ခြေစွမ်းက ပြိုင်ဘက်အသင်းကို အတိဒုက္ခ ပေးနိုင်တဲ့ အခြေအနေမှာ ရှိမနေဘူး။ သို့သော်ငြား အဖွင့်ပွဲစဉ်မှာ ရလဒ်ဆိုးရွားမှုနဲ့ မကြုံတွေ့ရအောင် အသင်း ကို  အကောင်းဆုံးပြင်ဆင် လာမှာပါ။ 

ဂျာမနီနဲ့စကော့တလန်အသင်း အခြေအနေ

ဂျာမနီနဲ့ စကော့တလန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး နှစ်ကြိမ်မှာ ဂျာမနီအသင်းက နှစ်ကြိမ်စလုံး အနိုင်ရရှိထားတယ်။ ဒီ နှစ်သင်းတွေ့ဆုံတိုင်း အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရလေ့ရှိ တယ်။  
ဘောလုံးပိုင်ဆိုင်မှုထက် ရရှိလာမယ့်အခွင့်အရေးကို အမိအရ အသုံးချကာ ဂိုးအဖြစ်ပြောင်းလဲနိုင်ရေး ဦးတည်လာမယ့် စကော့ တလန်အသင်းရဲ့ ကစားဟန်ကြောင့် အိမ်ရှင်ဂျာမနီအသင်း သွင်း ဂိုး ရရှိရေးမှာ အခက်တွေ့ဖွယ်ရှိတယ်။ သို့သော်ငြား ကွင်းလယ်မှာ  လုပ်အားနှုန်းကောင်းပြီး  နေရာစုံရွေ့လျားနိုင်တဲ့ တိုနီခရူးစ်၊ အန်း ဒရစ်ချ်တို့ရဲ့ လိမ္မာပါးနပ်တဲ့ ဘောလုံးဖြန့်ဝေမှုနဲ့အတူ တစ်မူထူးခြား တဲ့ စွမ်းဆောင်ရည်မျိုးပိုင်ဆိုင်ထားတဲ့ အိမ်ရှင်ဂျာမနီအသင်းရဲ့ တိုက်စစ်ကိုတော့စကော့တလန်အသင်း ခံစစ်က ပွဲချိန်ပြည့် ဟန့်တား ရှင်းထုတ်နိုင်ဖို့ မလွယ်ဘူး။ 
ပရိသတ်စိတ်ဝင်စားမှုမြင့်မားတဲ့ နိုင်ငံတကာအဆင့်ဘောလုံး ပြိုင်ပွဲတွေမှာ မထင်မှတ်ထားတာတွေ ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုသော် ငြား ယူရို ၂၀၂၄  မှာ အဖွင့်မျက်နှာပန်းလှဖို့ နိုင်ပွဲရရှိရေး ခြေကုန် ထုတ်လာမယ့်  အိမ်ရှင်ဂျာမနီအသင်းကို  စကော့တလန်အသင်း လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။      ။