
ယူရို ၂၀၂၄ ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ဂျာမနီနှင့် စကော့တလန်အသင်းပွဲစဉ်ကို ဇွန် ၁၅ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ဂျာမနီအသင်းက ငါးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး အဖွင့်မျက်နှာပန်းလှ ခဲ့သည်။
နိုင်ပွဲရရေးဦးတည်လာသည့် ဂျာမနီအသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် စကော့တလန်အသင်း ဘက်သို့ ဂိုးပေါက်ခြိမ်းခြောက်မှုများနှင့်အတူ ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့သည်။ ပွဲချိန် မိနစ် ၂၀ အတွင်း ဂျာမနီအသင်းက ဝစ်၊ မူဆီရယ်လာတို့၏ သွင်းဂိုးများဖြင့် စကော့တလန်အသင်းကို နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သည်။
ပွဲချိန် ၂၅ မိနစ်တွင် ဂျာမနီအသင်း ပယ်နယ်တီရရှိခဲ့သော်လည်း ဗွီအေအာရ်ပြန်လည်ကြည့်ရှု စစ်ဆေးပြီးနောက် ပယ်ဖျက်ခဲ့သည်။ ထို့နောက် ပွဲချိန် ၄၄ မိနစ်တွင် စကော့တလန်အသင်းမှ ရွိုင်ယန် ပေါ်တီးယပ်စ်ပြိုင်ဘက်ကို ကစားပုံကြမ်းတမ်းခဲ့သည့်အတွက် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။
ခုခံကာကွယ်ခဲ့ရ
ပထမပိုင်းပွဲချိန်ပြည့်ခါနီးတွင် ပယ်နယ်တီမှတစ်ဆင့် တိုက်စစ် ကစားသမား ဟာဗက်ဇ် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ဂျာမနီအသင်းက သုံးဂိုးပြတ်ဦးဆောင်နိုင်ခဲ့သည်။ တစ်ယောက်လျော့စကော့တလန် အသင်းသည် ဒုတိယပိုင်းတွင်လည်း ဂျာမနီအသင်း၏ ထိုးဖောက် တိုက်စစ်ဆင်မှုများကိုသာ ခုခံကာကွယ်ခဲ့ရသည်။
ပွဲချိန် ၆၈ မိနစ်တွင် ဂျာမနီအသင်း စတုတ္ထဂိုးရရှိခဲ့ပြီး ဖူးလ်ခရတ်က သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ပွဲချိန် ၇၆ မိနစ်တွင် ဖူးလ်ခရတ် ထပ်မံဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သည်။ပွဲချိန် ၈၇ မိနစ်တွင် ဂျာမနီခံစစ်ကစားသမား ရူဒီဂါကိုယ့်ဂိုးကိုယ် သွင်းယူခဲ့၍ စကော့တလန်အသင်း ချေပဂိုးရရှိခဲ့သည်။ ပွဲချိန် ပြည့်ခါနီးတွင် ဂျာမနီအသင်းအတွက် ပဉ္စမမြောက်ဂိုးကို အမ်မရီကမ်က သွင်းယူ ပေးနိုင်ခဲ့သည်။
ဂိုးပေါက်တည့်မတ်မှု ၁၀ ကြိမ်ရှိခဲ့
စကော့တလန်အသင်းသည် ဂျာမနီအသင်းဘက်သို့ ပွဲချိန်တစ် လျှောက် ဂိုးကန်သွင်းခွင့် တစ်ကြိမ်သာ ရရှိခဲ့သည်။ အိမ်ရှင်ဂျာမနီ အသင်းက စကော့တလန်အသင်းဘက်သို့ ဂိုးကန်သွင်းခွင့် အကြိမ် ၂၀ အထိရရှိခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု ၁၀ ကြိမ်ရှိခဲ့သည်။ အောင်ဇော်