
ရန်ကုန် ဇွန် ၁၉
၂၀၂၄ MNL League Cup ပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန် ၁၉ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် တောင်ပံတိုက်စစ်ကစားသမား ရဲရင့်အောင်၏ တစ်လုံးတည်းသောဂိုးဖြင့် ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပရိုစနစ်ကူးပြောင်းပြီးနောက်ကျင်းပသည့် ပြည်တွင်းပြိုင်ပွဲများဖြစ်သော MNL အမှတ်ပေးပြိုင်ပွဲ၊ ရှုံးထွက်ပြိုင်ပွဲ၊ MNL Cup ပြိုင်ပွဲနှင့် ယခုကျင်းပသော MNL League Cup ပြိုင်ပွဲတို့တွင် ချန်ပီယံဆုရယူနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပြိုင်ပွဲအားလုံး ဗိုလ်စွဲသည့် တစ်သင်းတည်းသော အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ကျော်ဇင်ဖြိုး (ဂိုး)၊ ဟိန်းသီဟဇော်၊ နန္ဒကျော်၊ ဘာကာယိုကို၊ ဝီလျံ၊ ကျော်ကိုကိုတို့ကို အသုံးပြုခဲ့ပြီး ရန်ကုန် ယူနိုက်တက်အသင်းသည် ဒဏ်ရာရနေသည့် ဟိန်းဇေယျာလင်းမှလွဲ၍ ဒေးဗစ်ထန်၊ တက်တာ၊ ရန်နိုင်ဦး၊ အဘူဘာကာ၊ ဆန်းဆက်နိုင်တို့ဖြင့် လူစုံခဲ့သည်။ ရန်ကုန်အသင်းသည် အထောင်တိုက်စစ်မှူးစစ်စစ် မပါဝင် သဖြင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။
ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၃၈ မိနစ်တွင် တောင်ပံကစားသမား ရဲရင့်အောင်က သွင်းယူခဲ့သည်။ ရန်ကုန်ယူနိုက် တက်အသင်းသည် ဒုတိယပိုင်းတွင် ကစားသမားများ ပြောင်းလဲကာ တိုက်စစ်မြှင့်ခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်းက ဂိုးပြန်မပေးရ ရန် ထိန်းချုပ်ကစားနိုင်ခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ သွင်းဂိုး အများဆုံးဆုရ ကျော်ကိုကို (ရှမ်းယူနိုက်တက်/ရခိုင်ယူနိုက်တက်) ကို ဆုတံဆိပ်နှင့် ဆုကြေးကျပ် ၁၀ သိန်း၊ ဒုတိယဆုရ ရန်ကုန်ယူနိုက်တက် အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း ၂၀၀၊ ပထမဆုရ ရှမ်းယူနိုက်တက်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ်သိန်း ၃၅၀ နှင့် ချန်ပီယံဆုဖလားတို့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တို့က ဆုများပေးအပ်ချီးမြှင့်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး